Thursday, April 30, 2015

“၀” နယ်တွင် ကျင်းပမည့် တိုင်းရင်းသား ညီလာခံ ၃ ရက် ထပ်တိုး

နန်းလွင်နှင်းပွင့်

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများကို အဖြေရသည်အထိ ဆွေးနွေးရန် ရည်ရွယ်ပြီး ညီလာခံ ကျင်းပ မည့်ရက်ကို ၃ ရက် ထပ်တိုးလိုက်ကြောင်း သိရသည်။

ပန်ဆန်း တိုင်းရင်းသား ထိပ်သီးညီလာခံကို ယခင်က မေလ ၁ ရက်မှ ၃ ရက် အထိ ကျင်းပရန် သတ်မှတ်ထားသော်လည်း မေလ ၁ ရက်မှ ၆ ရက် အထိ ကျင်းပရန် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“၆ ရက်နေ့ အထိ တိုးလိုက်တာက ကျနော်တို့ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အဖြေသေချာ ထွက်အောင်အထိ သေ သေချာချာ ဆွေးနွေးမှာမို့ပါ”ဟု အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) မှ ပြော ရေး ဆိုခွင့်ရှိသူ ဦးကြည်မြင့်က သတင်းမီဒီယာများကို ပြောသည်။

NDAA သည် ယခုကျင်းပမည့် တိုင်းရင်းသား ညီလာခံသို့တက်ရောက်ရန် ပန်ဆန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းညီလာခံတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ တိုင်းရင်းသား ဒေသများရှိ ငြိမ်းချမ်းရေး အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ အကြား ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်း ချမ်းရေး ဆွေးနွေးနေသော်လည်း အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့် ဒေသဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြ မည်ဟု တက်ရောက်လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုသည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အကြား သဘောတူ လက်မှတ်ထိုး ထားသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း (NCA) တွင် လတ်မှတ်ထိုးသင့် မထိုးသင့် ဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးကြမည်ဟု သိရသည်။

“အခု ညီလာခံမှာ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေးနဲ့ပတ်သက်ပြီး အကြိတ်အနှယ် ဆွေးနွေးရမယ့် ကိစ္စတွေ ရှိပါတယ်”ဟု ညီလာခံတက်ရန် ရောက်ရှိနေသည့် မွန်ပြည်သစ် ပါတီ(NMSP)မှ နိုင်ဟံသာပွန်ခိုင်း ကလည်း ပြောသည်။

ပန်ဆန်း တိုင်းရင်းသား ညီလာခံကို UWSA က ဦးစီးကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ UWSA အပါအ၀င် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ (SSPP/SSA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)တို့မှ ထိပ်သီးခေါင်းဆောင်များနှင့် စစ်ဦးစီးချုပ် များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ထိုညီလာခံသို့ ချင်းအမျိုးသား တပ်ဦး(CNF) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ဝ အမျိုးသား အဖွဲ့ချုပ်(WNO) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ အပါအ၀င် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) စသည့် NCCT အဖွဲ့ဝင်များ နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန်(NSCN-K) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကို UWSA က ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိပေ။

No comments: