Friday, March 20, 2009

ထိုင်း-မြန်မာ စစ်ဖြစ်လျှင် မနီလာ စာချုပ်အရ ထိုင်းဖက်က အမေရိကန် ၀င်တိုက်ပေးဖို့များ


NEJ / မတ်လ(၂၀) ရက်၊ ၂၀၀၉

အမေရိကန် အစိုးရသည် ထိုင်းနိုင်ငံ၏ စစ်ရေး မဟာမိတ်ဖြစ်သည့် အားလျော်စွာ မြန်မာ နှင့်ဖြစ်နေသည့် ပြဿနာများ အပေါ် စိတ် ၀င်စား မှုအပြည့်ရှိ သကဲ့သို့ ထိုင်း-မြန်မာ နယ်စပ်တွင် စစ်ပွဲများ ဖြစ်လာပြီဆိုပါက ၁၉၅၄ ခုနှစ် မနီလာ စာချုပ်အရ အမေရိကန်အစိုးရ၏ တာဝန်ရှိမှု အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်သည်ဟု အမေရိကန် ကွန်ဂရက်ကို တင်သွင်းသည့် အစီရင်ခံစာ တစောင်တွင် ထောက်ပြ ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် ၂၀၀၀ ပြည့်နှစ် ဇွန်လနေ့စွဲဖြင့် သမ္မတ ဘီလ်ကလင်တန်လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်း သည့် အမေရိကန်-ထိုင်းဆက်ဆံရေး အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်နှင့်ထိုင်းသည် အရှေ့တောင်အာရှ စုပေါင်းကာကွယ်ရေးစာချုပ် (၁၉၅၄ ခုနှစ် မနီလာသဘော တူညီချက်) အရ စစ်ရေး မဟာမိတ်နိုင်ငံများ ဖြစ်ပြီး တနှစ်ကို ပူးတွဲစစ်ရေး လေ့ကျင့်မှု (၃၀) ခန့် လုပ်ကိုင်သည် ဟု ဖော်ပြထားသည်။ ပင်လယ်ကွေ့စစ်ပွဲကာလ၌ အမေရိကန် တပ်များကို ထိုင်းစစ်ရေး အခြေစိုက်စခန်းများ သုံးခွင့် ပေးခဲ့သည့်ပြင် အခြား ကိစ္စများ၌လည်း ထိုင်းက အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း အသေးစိတ် ဖော်ပြထားသည်။

ထိုအစီရင်ခံ စာတွင် ထိုင်း-မြန်မာ ဆက်ဆံရေး အဖုအထစ်ဖြစ်ရ ခြင်းကို အသေးစိတ် သုံးသပ်ထားသည်။မြန်မာသည် ရှေးနှစ်ပေါင်း များစွာကတည်းက ရန်သူဖြစ်နေသည့် အားလျော်စွာ မြန်မာ နှင့်စစ်ဖြစ်မည်ကို ထိုင်းနိုင်ငံက သတိထားနေသည်။ သို့သော် မြန်မာ နှင့်ဆက်ဆံရာ တွင် ထိုင်းက အပြုသဘော ဆောင်သည့် ဆက်ဆံရေးကို လက်ကိုင်ထားသည်။

ထိုင်း အရာရှိများ သည် နိုင်ငံတော်လုံခြုံရေး နှင့် ပတ်သက်ပြီး ၂၀၀၅ ခု သို့မဟုတ် ၂၀၁၀ ပြည့်နှစ်ထိ မည်သည့် အိမ်နီးချင်း နိုင်ငံနှင့်မျှ အဓိက စစ်ပွဲကြီးများ ဖြစ်ရန်မရှိဟု မှန်းထား သော်လည်း အင်အား မကြီးသည့်တိုင် မြန်မာနှင့် ဖြစ်မည့်ပြဿနာ များကို စိုးရိမ် မကင်း ဖြစ်နေသည်ဟု ဝေဖန်ထားသည်။

ထိုင်းနိုင်ငံ၏ ပြည်နယ် (၇၆) ခုအနက် ပြည်နယ် (၃၃) ခုသည် မြန်မာ နယ်စပ်နှင့် နီးကပ်နေသည့်အတွက် မြန်မာ နှင့်ဖြစ်သည့် ပြဿနာ များ သည် ထိုင်းလုံခြုံရေးကို ထိခိုက်နေ သည်ဟု ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် စစ်ပွဲများ ဖြစ်လာပြီ ဆိုပါက ၁၉၅၄ ခုနှစ် မနီလာစာချုပ်အရ အမေရိကန် အစိုးရ၏ တာဝန်ရှိမှုအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်သည်ဟု ထောက်ပြထားသော်လည်း ထိုင်း-အမေရိကန် စစ်ရေး မဟာမိတ် စာချုပ်အရ အင်အားသုံး ရလောက် အောင် ပြဿနာ ကြီးထွားမည့် အခြေအနေမျိုး ဖြစ်ပေါ်ရန် ထိုအချိန်က အခွင့်အလမ်း နည်းပါးသည်ဟု အစီရင်ခံစာ၌ သုံးသပ် ထား သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို သမ္မတကလင်တန်လက်ထက် ၁၉၉၇ ခုနှစ်၌ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအပေါ် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုက ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ထိုင်းစီးပွားရေးခေါင်းဆောင်များနှင့် ထိုင်းအရာရှိများက ထောက်ပြခဲ့သည်။

အမေရိကန်က မြောက်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်တို့ကိုမူ ဆက်ဆံနိုင်သည့် ပေါ်လစီများသုံးပြီး မြန်မာစစ် အစိုးရအပေါ် မည်သည့်အတွက် မသုံးနိုင်ရသနည်းဟု အဆိုပါ ပုဂ္ဂိုလ်များက ထောက်ပြခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။

သို့သော် မြန်မာစစ်အစိုးရဘက်က ဘာမှလုပ်ကိုင်မပြဘဲ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းပေးမည် ဆိုလျှင် မြန်မာ စစ်အစိုးရ ကို နားလည်မှုလွဲမှားအောင် လုပ်သည်နှင့်တူသည်ဟု စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်သည့် ထိုင်းအရာရှိများက ပြောသည်။

No comments: