မင်းနိုင်သူ / မတ်လ(၂၀) ရက်၊ ၂၀၀၉
ဥပ္ပါတသန္တိစေတေီ ထီးတင်ပွဲ အပြီးတွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံခဲ့ရသော သံဃာတော်များ ၏ ဂုဏ၀ိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ ကြော်ငြာများကို အစိုးရပိုင်သတင်းစာ များက ဖော်ပြခွင့်မပြု ကြောင်း ရန်ကုန် သံဃာတော်တပါး က မိန့်ကြားသည်။
“ဦးဇင်းတို့ကျောင်းက ဆရာတော်တပါးက ဘွဲ့ရတယ်လေ။ အဲဒါပူဇော်ပွဲလုပ်ဖို့ ဒကာ၊ ဒကာမတွေကို ဖိတ်ကြားတဲ့ အကြောင်း သတင်းကြော်ငြာလေးသွားထည့်တာပေါ့။ လက်မခံဘူးတဲ့။ ထည့်လို့မရဘူးတဲ့။ မြန်မာ့အလင်းရော၊ ကြေးမုံမှာပါ ထည့်လို့မရဘူးတဲ့။ ၀န်ကြီးက ထည့်ခိုင်းမှ ထည့်လို့ရမယ်။ ၀န်ကြီးကိုသွားပြောလို့ ပြောတယ်။ ဦးဇင်းတို့ကတော့ အခုသူတို့ သတင်းစာတွေမှာ အပါယ်ရတနာဖြစ်နေတယ်လေ။ သူတို့ပင့်ချင်တဲ့အခါပင့် မလိုတဲ့ အခါ ပယ်ထားတဲ့ အပါယ်ရတနာ” ဟု သံဃာတော်က မိန့်သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သိမ်ဖြူလမ်းရှိ သတင်းစာနှင့် စာနယ်ဇင်းလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမပြုပေ။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုများကို ယခင်က ကမ္ဘာအေးမဟာပါသဏလှိုဏ်ဂူအတွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် နေပြည်တော်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ပြောင်းရွေ့ကျင်းပခဲ့သည်။
၂၀၀၉ ဇန်န၀ါရီ (၄) ရက်တွင် ထုတ်ပြန်ခဲ့သော ဘွဲ့တံဆိပ်တော်ရ သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များကို ဥပ္ပါတသန္တိစေတီထီးတင်ပွဲအပြီးတွင် ဘွဲ့တံဆိပ်များ ဆက်ကပ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နအဖစစ်အစိုးရက ယခုနှစ်တွင် သာသနာတော်ဆိုင်ရာဘွဲ့များကို သံဃာတော် အပါး (၂၁၀) ၊ သီလရှင် (၁၈) ပါးနှင့် လူပုဂ္ဂိုလ် ( ၂၃) ဦးတို့ကို ပေးအပ်ခဲ့သည်။
“အရင်မင်းတွေ လက်ထက်ကတည်းကရှိခဲ့တဲ့ ဘွဲ့တွေအပြင် နအဖက ၁၉၉၁ ခုနှစ်မှာ ဘွဲ့ (၂၀) ကိုအသစ် တီထွင်တာတဲ့ဗျာ။ အဲဒါသူတို့သတင်းစာမှာကို အဲလိုရေးထားတယ်။ သံဃာတော်တွေကိုလည်း ပင့်ချင်တဲ့အခါပင့်၊ ကပ်ချင်တဲ့ဘွဲ့ကောက်ကပ်ပြီး ထင်သလိုလုပ်နေကြတယ်။ ဂုဏ်ပွဲသတင်းကြေငြာကြတော့ မထည့်ရဘူးတဲ့။ ပိုဆိုးတာက တရားစခန်းဖွင့်ရက်ကြေငြာတွေကိုပါ ပိတ်ထားတာပဲ။ ဒါလုံးဝကို မဖြစ်သင့်တဲ့ကိစ္စ။ ဒါကြောင့်မို့ ဦးဇင်းတို့က ပြည်ပမီဒီယာတွေမှာ သာသနာရေးသတင်းတွေကို ဖော်ပြထုတ်လွှင့်တဲ့အခါ အများကြီး ပီတိဖြစ်ရ တယ်။ ကျေးဇူးတင်ကြတယ်” ဟု သံဃာတော်က ဆက်လက်မိန့်ဆိုသည်။
တရားရိပ်သာ အမြဲမပြတ်ဖွင့်လှစ်လေ့ရှိသည့် ကျောင်းတိုက်ကြီးတခုမှ ဂေါပကအဖွဲ့ဝင် တဦးကလည်း “ထည့်လို့မရ တာကတော့ သုံးလကျော်လောက်တောင်ရှိပါပြီ။ လက်မခံတော့တာလေ။ တရားစခန်းဖိတ်ကြားစာတွေကို။ ၀န်ကြီး က လက်ခံမှ ဖြစ်တာမို့ ပါလို့ပြောတယ်။ ဦးရဲမြင့်ဖေအဆင့်တောင် လက်မခံရဲဘူးတဲ့။ ကြေညာခတွေက ဘယ်လို သတ်မှတ်ထားလဲ သေချာမသိပါဘူး။ ဦးတို့ထည့်နေကျ (၃) လက်မ၊ (၄) လက်မကော်လံလောက်ကို တခါတလေ သုံးသောင်း၊ တခါတလေ သုံးသောင်းနှစ်ထောင်။ အဲလိုပေးရတယ်။ အမှန်မရှိဘူးရယ်” ဟု ပြောသည်။
No comments:
Post a Comment