Wednesday, March 4, 2009

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းက အရိုးကြည့်ဝါးနေသူများ

ရွှေမောင်းသစ်

၂ဝဝ၆ ခုနှစ်အတွင်းက အကောက်ခွန် ညွှန်ချုပ် ဗိုလ်မှူးကြီး ခင်မောင်လင်း အပါ အဝင် အကောက်ခွန် ဝန်ထမ်းတွေဖြုတ်၊ ထုတ်၊ ဖမ်းဆီးထောင်ချခံရမှု နောက်ပိုင်း တရုတ်-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ မခုတ်တတ်တဲ့ ကြောင်လေးကို ခပ်ကုပ်ကုပ် နေခဲ့ရတဲ့ အကောက်ခွန် ဝန်ထမ်းတွေ အခုတော့ ဦးမော့ ခေါင်းထောင်လာပါပြီ။

တကယ်တော့ ၂ဝဝ၄ ခုနှစ် နန့်ဖတ် ကာ နစခ လာဘ်စားမှုနဲ့ ၂ဝဝ၆ ခုနှစ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန် လာဘ်စားမှု တို့ဟာ တဖွဲ့က လာဘ်စား တာကို တဖွဲ့ က မနာလိုလို့ တိုင်တန်းကြ။ တဖွဲ့က လာဘ်ငွေယူပြီး လွှတ်ပေးတာကို တဖွဲ့ က ဖမ်းကြရာမှ အမှိုက်ကစ ပြဿဒ် မီးလောင် တဲ့ကိန်း ဆိုက်ရောက်ခဲ့တာပါ။ အခုတော့ အရိုးကြည့်ရှောင်တတ်လာသလို တဖွဲ့နဲ့ တဖွဲ့ကြား နားလည်မှု ရနေတယ်ဆိုပဲ။

အထူးသဖြင့် စုပေါင်းဂိတ်တွေမှာ လဝက ဝန်ထမ်းက မှတ်ပုံတင် ပါမပါ။ မှန် မမှန် စစ်ဆေးရင်း လက်ဖက်ရည်ဖိုး ငွေ တောင်းစားတာကို အခြား ဌာနဆိုင်ရာ ဝန်ထမ်းက မမြင်ချင်ယောင်ဆောင်ထား။ သစ်တောက ကျောက်စိမ်းတွေ ဖမ်းလို ဖမ်း။ မူးယစ်က မှတ်ပုံတင် စစ်လိုစစ်။ လဝက က မှောင်ခို သယ်လာတဲ့ တရုတ် ကုန်ပစ္စည်း သိမ်းလိုသိမ်းနဲ့ တာဝန်မခွဲ ခြားတော့ဘဲ အလိုက်သိသိ အပေးအယူ မျှမျှ လုပ်နေကြတာဆိုပဲ၊ မှောင်ခို ကုန် ပစ္စည်း ဖမ်းမိလို့ ပိုင်ရှင်နဲ့ အပေးအယူ ညှိကာ ရရှိလာတဲ့ ငွေကြေးကို ခွဲဝေစား သောက်တာများ တကယ့် ရဲဘော်ရဲဘက် စိတ်တွေနဲ့တဲ့၊ အဲဒီလို တက်ညီလက်ညီ ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာ အစုအဖွဲ့ တွေအထဲ အကောက်ခွန်ဌာန ကတော့ ရောရောနှောနှော သိပ်မရှိဘူးလို့ ဆိုရ မှာပေါ့။

အကောက်ခွန် အရာရှိတွေက စစ်တပ်ကလာကြတဲ့ ပြန်ထမ်းဝင်အရာ ရှိတွေကဖြစ်ပြန်။ အကောက်ခွန်ဦးစီးမှူး ညွှန်မှူးဆိုတဲ့ ရာထူး ရာခံတွေနဲ့ ဆိုတော့ သူတို့အထင် လူပုံအလယ်မှာ မိုးကျရွှေ ကိုယ်လေးလို့ ခံစားရတာ နေမှာပေါ့။ ဒီတော့ လာဘ်စားတာကို အခြား ဌာနတွေနဲ့ လက်ရည် တပြင်တည်း မစားဘဲ သီးခြားခွဲ စားတယ်လို့ ဆိုရမလားပဲ။

မူဆယ်-မန္တလေးလမ်းကို ပြုပြင်ရေး ကန်ထရိုက်ရခဲ့ပြီး အခုအခါ လမ်းကြေး ကောက်နေတဲ့ အေးရှားဝေါလ် ကုမ္ပဏီရဲ့ ဂိတ်တွေမှာထိုင်ပြီး မူဆယ်ဘက် က ထွက်လာတဲ့ကားတွေကို ရှောင်တခင် စစ်ဆေးရေးလုပ်တာမျိုးပါ။ ဥပမာ ရှမ်း (မြောက်) ရဲ့ အကောက်ခွန် လက် ထောက်ညွှန်မှူး ဗိုလ်မှူး ယဉ်မင်းအောင် ဦးစီးတဲ့ အကောက်ခွန်အဖွဲ့က လားရှိုး မြို့အဝင် လမ်းကြေး ကောက်တဲ့ဂိတ်မှာ ထိုင်ပြီး တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးနေ ပါတယ်။

မူဆယ်ကုန်သွယ်ရေးဇုန်က အစစ် ဆေးခံယူပြီး ထွက်လာတဲ့ကားမှာ လမ်းက နေ ဖြတ်တင်လာနိုင်တဲ့ ကုန်ပစ္စည်းတွေ ပါလာကောင်း ပါနိုင်ပါတယ်။ ဒါမှမဟုတ် စစ်ဆေးရေးဂိတ်မှာ လာဘ်ငွေပေးပြီး ကုန်ပစ္စည်းတွေ သယ်ကောင်းသယ်နိုင်ပါ တယ်။ ဒါပေမယ့် တရားဝင် လမ်းကြောင်း ကနေ ထွက်လာတဲ့ အဲဒီကုန်ကားတွေကို ကျတော့ လားရှိုးအဝင် အကောက်ခွန် အဖွဲ့ကတော့ လုံးဝစစ်ဆေးခြင်းမရှိဘူး လို့ ကားသမားတွေက ပြောပါတယ်။ တကယ်လို့ ဖမ်းမိရင် အဲဒီကား ဖြတ်သန်း လာခဲ့တဲ့ဂိတ်က တာဝန်ကျတွေ အထိ နာမှာ၊ ပြဿနာဖြစ်မှာကို ထည့်တွက်ထား ဟန်တူပါရဲ့။

အဲဒီတော့ ဘယ်လိုမျိုးကားတွေက ဘယ်လိုနည်းနဲ့ လားရှိုးကို ရောက်လာ သလဲ။ ကုန်ပစ္စည်းတွေ ဘယ်လို သယ်နေ ကြသလဲ၊ ဖမ်းမိပစ္စည်း တွေအပေါ် ဘယ်လို လုပ်နေလဲ ဆိုတာ တင်ပြပါဦးမယ်။

မူဆယ် ကုန်သွယ်ရေးဇုန်ကနေ ကုန် ပစ္စည်း တရားဝင် ဖြတ်သန်း သယ်ဆောင်ဖို့ ဆိုတာ တော်ရုံ အရင်းနှီးနဲ့ လုပ်လို့ မရသလို အချိန်ပေး ကြရပါတယ်။ ကုန်ပစ္စည်းတင် သွင်းဖို့အတွက် ကုန်ပစ္စည်း အမျိုးအစား၊ တံဆိပ်၊ အရေအတွက်၊ ကုန်ပစ္စည်းဈေး နှုန်း ဆိုတာတွေကို နေပြည်တော်အထိ တင်ပြပြီး တင်သွင်းခွင့် ပါမစ်စောင့် ရပါ တယ်။ တခုခု လွဲချော်ရင် တလကျော်အထိ ကြာတတ်ပါတယ်။ ကုန်ပစ္စည်း ဝယ်ယူ တင်သွင်းဖို့အတွက် Earning ရှာထား ရပါ တယ်။ မရှိရင် အမြတ်ငွေပေးပြီး ဝယ်ယူ ရပါတယ်။

ကုန်သည်ဆိုတာကလည်း လတ်တ လော အရောင်းသွက်မယ့် ကုန်စည် ကိုသာ မြန်မြန်သွက်သွက်လေး တင်သွင်း ချင်တာပါ။ နေပြည်တော်က Trade Council (TC) ကနေ ချပေးမယ့် ပါမစ်ကို စောင့်ဖို့မလိုဘဲ ထော်လာဂျီ (TG) နဲ့ သွားမယ်ဆိုပြီး ကုန်သည်တွေ အကြား “တီစီထက် တီဂျီက ပိုအဆင်ပြေတယ်” ဆိုပြီး အပြောများ လာပါတယ်။ အခွန်ငွေ ကြေး ပေးဆောင်စရာ၊ ပါမစ် မျှော်စရာ မလိုတဲ့ မှောင်ခိုလမ်း ကိုသာ အားကိုးရ ပါတော့တယ်။ တရုတ်ပြည် ကျယ်ဂေါင် မြို့ထဲကနေ နယ်စပ်ခြံစည်းရိုး တဖက်ကမ်း မူဆယ်ဘက်ကို နည်းအမျိုးမျိုးနဲ့ ကုန်တွေ သွင်းယူ၊ အဲဒီ မူဆယ်မှတဆင့် (၁ဝ၅) မိုင်ကုန် သွယ်ရေးဇုန်ကို ရှောင်ကွင်း။ သိန္ဒီနားက ရေပူဂိတ်ကို ရှောင်ကွင်းပြီး တောလမ်းမှာ ငွေခင်းကာ ကားလမ်းပေါ် တက်၊ လားရှိုးမြို့ကို ပေါက်ချလာတဲ့ နစ်ဆန်း၊ တိုယိုတာ၊ ဟိုင်းလတ်စတဲ့ လေးဘီးကားတွေနဲ့ ထော်လာဂျီတွေပါ။ အဲဒီတောလမ်းဟာ မှောင်ခို ပစ္စည်း သယ်တဲ့လမ်းဖြစ်နေလို့ ရဲနဲ့စစ်တပ်က ကင်းပုန်းဝပ် စောင့်ဖမ်းတတ်ပြီး ငွေပေး ကမ်း ဖြတ်ကျော်နေရတာပါ။ တောလမ်း ကနေ ဖြတ်တက်လာတဲ့ ကားတွေကို လားရှိုးအဝင်မှာ အကောက်ခွန်က ကြိုတင် ရရှိထားတဲ့သတင်းတွေအရ စောင့်ဖမ်း နေတာဖြစ်ပါတယ်။

သတင်းပေးနေသူတွေကတော့ ကုန်သည်တွေ၊ ကားသမားတွေကြားမှာ သွားလာလှုပ်ရှားနိုင်သူဖြစ်လို့ပဲ သတင်းပေးနိုင်တာဖြစ်ပါတယ်။ ဘယ်သူတွေက သတင်းပေးနေတယ်ဆိုတာကို သံသယနဲ့သတိထား စောင့်ကြည့်။ အဲဒီလူတွေကို ရှောင်ရုံကလွဲလို့ ဘာမှလုပ်လို့ မရပါဘူး။ စစ်ဆေးရေးအဖွဲ့နဲ့ တွေ့တဲ့အခါမှသာ ငွေကြေး သက်သာစွာနဲ့ ပြတ်အောင် ညှိရ တယ်လို့ ကုန်သည်တွေက ပြောတယ်။

အကောက်ခွန်တွေ ကလည်း ကားတ စင်းလုံး အပျောက်ရိုက် ဝါး လိုက်တာ တော့ မဟုတ်ပါဘူး။ အချို့ပစ္စည်း တွေကို ငွေနဲ့ ပြန်ရွေး စေတယ်။ အချို့ပစ္စည်းကိုတော့ အဖမ်း ပြပါတယ်။ အဲဒီပစ္စည်းကိုလည်း ပစ္စည်းအရည် အသွေးအညံ့နဲ့ အစား ထိုးပြီး စာရင်းတင်ပါတယ်။ ဥပမာ- ကျပ် ငွေတသိန်းတန် ဒီဗီဒီအောက်စက်ကို နှစ်သောင်းကျော်တန် ခပ်ညံ့ညံ့ အောက် စက်တွေနဲ့ အစားထိုးပါတယ်။ ဖမ်းမိပစ္စည်း တွေပြနိုင်မှလည်း သူတို့ ရှောင်တခင်စစ် ဆေးရေးထိုင်တာကို အလုပ်ပြနိုင်၊ ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ပါ။ အများအားဖြင့် ပိုင် ရှင်မဲ့ ဖမ်းဆီးရမိပစ္စည်းဆိုပြီး လုပ်ပါ တယ်။ တခါတလေတော့ လူပါဖမ်းပြီး ငွေတောင်းပြန်လွှတ်တာလည်း ရှိပါ တယ်။

ရမခစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ အဝင်မှာ အခုလို အကောက်ခွန်တွေက ဂိတ်ထိုင်ပြီး သောင်းကျန်းနေတာ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် မသိနိုင်ဘူးလား။ ဘာကြောင့် အရေးယူ ဆောင်ရွက်တာတွေ မလုပ်သလဲ ဆိုတာက လည်း စိတ်ဝင်စားစရာပါ၊ ရမခ တိုင်းမှူး ရဲ့ညီ အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ် ဆိုတာက အဲဒီ မန္တလေး-မူဆယ် လမ်းကြောင်းမှာ “စိတ်ကြိုက်” အမည်ရတဲ့ ကားလိုင်းထောင်ထားပြီး မှောင်ခိုပစ္စည်း သယ်နေတဲ့အပေါ် အကောက်ခွန်တွေ မျက်စိမှိတ်ထားပေးတာကြောင့် အပြန် အလှန်နားလည်မှု ပေးထားနေတဲ့ သဘောလား ဆိုပြီး ယူဆစရာရှိပါတယ်။


လူ လေးဆယ်ဆန့် မှန်လုံ၊ ကားအကြီး (၆) စီးလောက်ရှိတဲ့ အဲဒီစိတ်ကြိုက်ကားလိုင်းဟာ နာမည်နဲ့ ကိုက်ညီစွာ စိတ်ကြိုက်တင်နိုင်တဲ့ အခြေအနေပါ။ မူးယစ်ဆေးဝါး သယ်ရင်တောင် လွတ်တယ်လို့ လူအများ ထင်ကြေးပေးခံနေရတဲ့ ကားတွေဖြစ်ပြီး အစစ်ဆေးမရှိ သွားလာ နေတဲ့ ကားလိုင်း လည်း ဖြစ်ပါတယ်။ တခါတရံ လူလေး ငါးဆယ်ယောက်လောက်နဲ့ ကားထွက် တယ်ဆိုပေမယ့် ကားပေါ်မှာ ပါတဲ့ ကယ်ရီ ခကတော့ အနည်းဆုံး သိန်း (၂ဝ) ရှိတယ် လို့ ကုန်သည်တွေက ပြောပါတယ်။ ကယ်ရီခက တောလမ်းထက်စာရင် ဈေး မြင့်လို့ အဖိုးတန် ပစ္စည်းလောက်သာ ထည့်နိုင်ကြပြီး သာမန်ကုန်သည်တွေ အနေနဲ့ ထော်လာဂျီကိုသာ ကယ်ရီငှားရမ်း နေကြရပါတယ်။ ပြီးခဲ့တဲ့နှစ် ကုန်ပိုင်းလောက်ကတော့ စိတ်ကြိုက်ကားလိုင်းနဲ့ယှဉ်ပြီး ရတနာစိုး၊ ရွှေလီဦး၊ ဝင်းနားဆိုတဲ့ ဘတ်စ်ကားလိုင်း တွေက အလားတူ မှောင်ခိုပစ္စည်းတွေ သယ်နေလို့ အချို့ အဖမ်းခံထိခဲ့ရပါသေး တယ်။ မှောင်ခိုပစ္စည်း သယ်နေတဲ့ “စိတ် ကြိုက်” လိုင်းကားတွေကို (၁ဝ၅) မိုင်၊ ရေပူ၊ နောင်ချိုမူးယစ်ဂိတ်နဲ့ ရတနာပုံ ဂိတ်တွေကတော့ အစစ်ဆေးမရှိ ဖြတ် သန်းခွင့်ပေးထားသလို အကောက်ခွန် ရှောင်တခင်ဂိတ်တွေလည်း အလားတူ ပေးထားရတာကို ကြည့်ရင် ဒေသအတွင်း နယ်စားပယ်စားလိုဖြစ်နေတဲ့ ရမခ တိုင်းမှူး တစုံတရာ ငြိုငြင်မှာကို ရှောင်ရှားတဲ့ သဘောလည်း ဖြစ်ပါတယ်။ အရိုးကြည့် ရှောင်တော့လည်း ကြာကြာဝါးနိုင်ကြမှာ မဟုတ်လား၊ တကယ်တော့ မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းဟာ နယ်စပ် ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ လမ်းကြောင်းဖြစ်သလို တံစိုးလက်ဆောင်။ လာဘ်လာဘရနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ဝန်ထမ်းတွေ ဖြုတ်၊ ထုတ်၊ အပြစ်ပေး အရေးယူခံနေ ရတဲ့နေရာလည်း ဖြစ်ပါတယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် လိမ္မာပါးနပ်စွာနဲ့ အရိုးကြည့် ရှောင်ကာ ဝါးနေသရွေ့တော့ အကောက်ခွန်အပါအဝင် ဝန်ထမ်းတွေလည်း အိတ်ထောင်ဖောင်း၊ ကုန်သည်တွေအနေနဲ့ လာဘ်ငွေပေးနေရလို့ ကုန်ပစ္စည်းတန်ဖိုး မြင့်ပြီးရောင်း၊ အကျိုးဆက်အနေနဲ့ စားသုံး သူ လူထု ကုန်ဈေးနူန်း ထုထောင်းဒဏ်ခံကြရတာပေါ့ဗျာ။

No comments: