မော်တခဲ/ ဇွန်လှိုင် ၇၊ ၂၀၀၉
ကျောင်း ဆရာ၊မ အချို့ သည် အထက် အရာရှိ များကို လာဘ် မထိုး နိုင်၍ ဝေးလံ ခေါင်းပါး သော အရပ် ဒေသသို့ အပို့ ခံရ သည်ဟု အ ပို့ ခံရ သော ကျောင်း ဆရာ၊မ များနှင့် ခင်မင် ရင်းနှီး သူများ ကပြော ပါသည်။
“ငွေရေးကြေးရေး မပေးနိုင်တဲ့ သူတွေကတော့ သူများမသွားချင်တဲ့နေရာ သွားနိုင်ရတာပါပဲ” ဟု ကျောင်းဆရာ တာဝန် ထမ်းဆောင်ခဲ့ဖူးသော ဆရာတစ်ဦးက ပြောသည်။
ကျောင်းဆရာ၊ မများ၏ လစာဝင်ငွေမှာ ကျပ် ၃ သောင်းမှ ၄ သောင်းခန့်သာရရှိပြီး လာဘ်ထိုးရသော ငွေ ပမာဏမှာ သိန်းနှင့်ချီရှိသည့် အတွက် လာဘ်ထိုးနိုင်သော ၀န်ထမ်းများက လာဘ်ထိုးပြီး မိမိတာဝန်ကျချင်သော ဒေသများတွင်သာ အလုပ်လုပ်ကြကာ ငွေကြေး မတတ်နိုင်သော ကျောင်းဆရာ၊ မများက လာဘ်မထိုးနိုင်ပဲ ဖြစ်နေကြရသည်ဟု သိရသည်။
ပညာရေးကောလိပ်ဆင်းဖြစ်သည့် ကျောင်းဆရာမတစ်ဦးမှာလည်း အထက်အရာရှိများကို လာဘ်မထိုးနိုင်၍ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသော မော်ချီးမြို့သို့ ပို့ဆောင်ခြင်းခံရသည်ဟု ၎င်းကျောင်းဆရာမနှင့် ခင်မင်ရင်းနှီး သူတစ်ဦးက ပြန်လည်ပြောပြသွားပါသည်။
“အဲဒီပညာရေးကောလိပ်ဆင်းက သူ့သူငယ်ချင်းတွေကတော့ ငွေလာဘ်ထိုးနိုင်လို့ သူတို့ တာဝန်ကျချင်တဲ့ နေရာကျတယ်လေ” ဟုပြောသည်။
ထို့အပြင် ကျေးရွာများတွင်လည်း ကျောင်းဆရာ၊မ လုံလောက် မှုမရှိသည့် အခက်အခဲ ဒုက္ခများနှင့် ရင်ဆိုင်နေရ ကာ အချို့ကျောင်းများကို ဒေသခံ မိဘပြည်သူများမှ တာဝန်ယူပြီး အချို့မှာ ဘာသာရေးဆိုင်ရာ ကက်သလစ် ဆရာတော်များက တာဝန်ယူရသည်ဟု သိရှိရပါသည်။
“ပညာရေးစနစ်က ကျောင်းသားမိဘတွေက တာဝန်ယူဖွင့်လှစ် ရုန်းကန်နေခဲ့ရလို့ ရှေ့ဆက် ပညာသင်ယူတဲ့အခါ မိဘတွေက တာဝန်မယူနိုင်တော့တဲ့ အတွက် ပညာရေးဆုံးရှုံးကြရတယ်” ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ တာဝန်ရှိသူ တဦးကပြောသည်။
အစာရေစာခေါင်းပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာရှိ စာသင်ကျောင်းသို့ စေလွတ်ခံရသည့် ကျောင်းဆရာ၊ မဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၁၇၃ ဦး ရှိသည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန၏ စာရင်းပြုစုချက်အရ သိရှိရသည်။
No comments:
Post a Comment