Friday, July 10, 2009

စောင့်ကြည့်ရမည့် မစ္စတာဘန်ကီမွန်း ခရီးစဉ်

မင်းနိုင်သူ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို မနက်ဖြန်တွင် စတင်မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် အတိုက်အခံနှင့် အစိုးရ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို အများယုံကြည်လက်ခံ နိုင်သည့် အ ခြေအနေများ ဖန်တီးရေး စသည့် အချက်သုံးရပ်ကို မစ္စတာဘန်ကီမွန်းက ကိုင်စွဲထားသည်။

ထိုအချက် (၃) ရပ်ကို အခြေခံကာ နအဖစစ်အစိုးရ၏ အမြင့်ဆုံးအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ကုလသမဂ္ဂ၏ စိုးရိမ်မှုများကို ချပြသွားမည်ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။

ထိုသို့ မစ္စတာဘန်ကီမွန်း ကိုင်စွဲလာသော အချက် (၃) ရပ်ကို နအဖစစ်အစိုးရက လိုက်လျောမည့် အလားအလာ မရှိဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းနှင့် ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းတို့က သုံးသပ်ကြသည်။

ရဲဘော်ဖိုးသံချောင်းက “နအဖဘက်က အလျော့ပေးမှာမဟုတ်ဘူး။ ကျနော်ထင်တယ် ဘယ်ဟာမှဖြစ်မှာမဟုတ်ဘူး။ မစ္စတာဘန်ကီမွန်း ပြောထားတဲ့ အချက်သုံးချက်က နအဖဘက်က အကဲဆတ်တဲ့ကိစ္စရပ်တွေဖြစ်တယ်။ အထိမခံတဲ့ ကိစ္စရပ် တွေဖြစ်တယ်” ဟု ပြောသည်။

မစ္စတာဘန်ကီမွန်း ကိုင်စွဲလာသော အချက်သုံးရပ်မှာမူ အသစ်မဟုတ်ပေ။ ၎င်း၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်များအတွင်း ဆွေးနွေးခဲ့ဖူးသော ကိစ္စရပ်များသာ ဖြစ်၏။

မစ္စတာဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ၂၀၀၈ ခုနှစ် သြဂုတ်လ ခရီးစဉ်အတွင်း၌ နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိဟု ပြောင်ပြောင်တင်းတင်း ငြင်းဆိုထားပြီး သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးကာ ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရန်ဆိုသော ကုလသမဂ္ဂ၏ အစီအစဉ်ကိုလည်း နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်ဟု ငြင်းဆိုထားခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း “အရင် မစ္စတာဂမ်ဘာရီ လာခဲ့တဲ့ အခေါက်တွေကတည်းက ဘာတခုမှ လိုက်လျောတာမှ မရှိတာ။ အခု မစ္စတာ ဘန်ကီမွန်းလာပြောလည်း နားတော့ထောင်မှာပါပဲ။ နားထောင်ရုံထောင်ပြီး ဘာတခုမှတော့ အကောင်အထည်ဖော်မှာ မဟုတ်ဘူး။ စကားလုံးလှလှလေးတွေသုံးပြီး ငြင်းပယ်သွားမှာပါပဲ” ဟု မှတ်ချက်ပြုသည်။

သို့ဆိုလျှင် မိမိတို့ မလိုက်လျောနိုင်သည့် အချက်များကို ဆွေးနွေးလိုသည့် မစ္စတာဘန်ကီမွန်းကို မြန်မာစစ်အစိုးရ အဘယ့်ကြောင့် လက်ခံခဲ့သည့်ဆိုသည့်အချက်မှာ စဉ်းစားစရာဖြစ်သည်။

“ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် အမှုစွဲနေတဲ့နောက်ပိုင်း နိုင်ငံတကာ ဖိအားတွေက များလာရတဲ့အထဲ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုတောင် အသိအမှတ်မပြုဘူးဆိုရင် မကောင်းတတ်လို့ လာခွင့်ပြုလိုက်တာ နေမှာပါပဲ။ ဒါကြောင့် လာချင်လာ၊ ပြောချင်တာပြော နားထောင်မယ်။ ပြီးမှ လက်မခံနိုင်တာတွေကို အင်မတန်လှပတဲ့ စကားလုံးတွေသုံးပြီး ရှင်းပြမယ့်သဘောမျိုး လုပ်လို့ရတာပဲလေ”ဟု ဘန်ကီမွန်းခရီးစဉ်ကို လက်ခံသည့် နအဖ၏ သဘောထားကို သခင်ချန်ထွန်းက သုံးသပ်သည်။

ရဲဘော်ဖိုးသံချောင်းကမူ နအဖစစ်အစိုးရအား တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်တက်ရောက်လာစေရန် ပြုလုပ်နိုင်သည်မှာ ပြည်တွင်းဖိအားသာဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတကာဖိအားများထက် ပြည်တွင်းဖိအားကသာ တွန်းရွှေ့နိုင်သည်ဖြစ်ရာ ပြည်တွင်းမှ ထိထိရောက်ရောက် ဖိအားပေးနိုင်မည့် ကိစ္စရပ်များ ပေါ်ပေါက်လာရန်ကိုသာ အလေးထား ဆောင်ရွက်သင့်သည်ဟု ၎င်းက ယူဆသည်။

ထိုကဲ့သို့ နအဖစစ်အစိုးရကို တွန်းရွှေ့နိုင်သော ဖိအားမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့်သာ ရနိုင်သည်ဖြစ်ရာ ယခုကဲ့သို့ သူကိုယ်တိုင် ထောင်ထဲထည့်ခံထားရချိန်တွင် နအဖကို ထိရောက်သော ဖိအားပေးနိုင်မှု ပေါ်ပေါက်နိုင်မည်မထင်ဟု သခင်ချန်ထွန်းကလည်း ထောက်ပြသည်။

၎င်းက “အခုဟာက အန်အယ်လ်ဒီနယ်ရုံးတွေ အားလုံးကိုလည်း ပိတ်ထားတာပဲ။ ရုံးချုပ်လေးတခုသာ နိုင်ငံတကာအမြင်မှာ ပြကောင်းအောင်လို့ ဖွင့်ထားပေးတာပဲ။ အစိုးရဘက်က ဒီလောက်အထိ တင်းမာနေတာကို ကြည့်ရင် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာမယ့် လက္ခဏာတွေကို မတွေ့ရသေးပါဘူး” ဟု ဆက်လက်ရှင်းပြသည်။

တဖက်တွင်လည်း မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အပေါ် နအဖစစ်အစိုးရက နိုင်ငံရေးအမြတ်ထုတ်မှုများ ပြုလုပ်သွားမည်ကို စိုးရိမ်နေကြသည်။

မြန်မာစစ်အစိုးရအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲ တရားဝင်မှုရရန်၊ နိုင်ငံတကာ ထောက်ခံမှုရရန် အသုံးချသွားနိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်ထုတ်ပြန် သတိပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်သည် မနက်ဖြန်တွင် စတင်တော့မည်ဖြစ်သည်။

မစ္စတာဘန်ကီမွန်း ပထမအကြိမ် နာဂစ်ဖြစ်ပြီးစ လာခဲ့စဉ်ကမူ မြန်မာစစ်အစိုးရက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအား ၀င်ရောက်ခွင့်ပြုမှု နှောင့်နှေးစေခဲ့ခြင်းကို အဆုံးသတ်စေနိုင်ခဲ့သည်။

ယခုအခေါက် မြန်မာနိုင်ငံသို့ မလာရောက်မီ ဂျပန်နိုင်ငံသို့ရောက်ရှိနေကာ ဂျပန်အစိုးရနှင့် မြန်မာ့နိုင်ငံရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာ့အရေး ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်ချက်များအပေါ် ဂျပန်အစိုးရ၏ ထောက်ခံမှုများကို မစ္စတာဘန်ကီမွန်း ရရှိထားသည်။

မြန်မာနိုင်ငံအပေါ် ငွေကြေးအကူအညီအများဆုံးပေးနေသော ဂျပန်အစိုးရ၏ ထောက်ခံချက်များသည် မြန်မာစစ်အစိုးရအတွက် ဖိအားတရပ်ဖြစ်စေမည်ဟု မျှော်လင့်ရသည်။

ဤခရီးစဉ်မစတင်မီ မစ္စတာဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာအစိုးရအဖွဲ့နှင့် အကြိုတွေ့ဆုံထားခြင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အထီးကျန်ဖြစ်နေမှုကို အဆုံးသတ်ရန် မစ္စတာဘန်ကီမွန်းအနေဖြင့် နိုင်ငံရေး လမ်းပြမြေပုံတခု ကမ်းလှမ်းထားသည်ဟု ဆိုခြင်းတို့ကြောင့် နအဖစစ်အစိုးရဘက်မှ လိုက်လျောမှုများ ရှိမရှိ ဆိုသည်မှာမူ ယတိပြတ်ပြောရန် ခဲယဉ်းသော အခြေအနေတရပ် ဖြစ်နေသည်။

No comments: