Saturday, September 26, 2009

ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သတိပေး

ရန်ပိုင် Saturday, 26 September 2009

ကိုးကန့် တိုက်ပွဲများ အတွင်း စစ်အစိုးရ တပ်များက တရုတ် လူမျိုးများ အပေါ် ကြမ်းတမ်းစွာ ပြုမူ ဆက်ဆံ ခဲ့ပုံနှင့် ပတ်သက်၍ တရုတ် နိုင်ငံက စစ်အစိုးရကို သတိပေး ပြောကြား လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် လက ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသတိုက်ပွဲ များအတွင်း စစ်အစိုးရ တပ်များ၏ ဒေသတွင်းရှိ တရုတ် လူမျိုးများ အပေါ် နစ်နာ စေရန် ဆောင်ရွက်ခဲ့မှု နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် တရုတ်နိုင်ငံ ကောင်စစ်ဝန် ရုံးမှ တရုတ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကို ခေါ်ယူပြီး ပြောကြား ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းသို့ သတိပေးပြောကြားခြင်းသည် အမေရိကန်-မြန်မာ ဆက်ဆံရေးအပြောင်းအလဲ ကြောင့် ဖြစ်နိုင်သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောဆိုသည်။

“ဒါအမေရိကန်နဲ့မြန်မာဆက်ဆံရေး အပြောင်းအလဲကြောင့် လည်းပါမှာပေါ့၊ တရုတ်နိုင်ငံထဲမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုး ရရဲ့ ကိုင်တွယ်ပုံကို မကျေ နပ်ကြဘူး”ဟု ၎င်းက ပြောသည်။

ကိုးကန့်ဒေသတိုက်ပွဲများ အတွင်းတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သောကြောင့်၊ တရုတ်လူမျိုး တဦး သေဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တရုတ်လူမျိုးပိုင် စတိုးဆိုင်များနှင့် ကုန်တိုက်ကြီးများ လုယက်ခံခဲ့ရ သည်ဟု သိရသည်။

အလားတူ ၂၀၀၀ပြည့်နှစ် မုန်းကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် မုန်ဆာလ နှင့် လီနမင် တို့၏ အာဏာပြိုင်ဆိုင်မှုတွင်လည်း စစ် အစိုးရ တပ် များ က တရုတ် နိုင်ငံသား အများအပြားကို သတ်ဖြတ်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ယခုကိုးကန့် ပြဿနာ ကဲ့သို့ ဒုက္ခသည် အများ အပြား တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

“လီနမင် တို့ကို ပစ်သတ်တုန်း ကလည်း တရုတ် ကြေးစား စစ်သား တွေရော၊ ကုန်သည်တွေပါ သေကုန်တာပဲ၊ အဲ့သည် တုန်းက လည်း တရုတ် အစိုးရက မကန့်ကွက်ခဲ့ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက် နှင့် ၂၅ရက်နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့တွင်လည်းကောင်း၊ ယနေ့တွင်လည်း ရှမ်းပြည် နယ်ကွတ် ခိုင်မြို့၌ နှစ်နိုင်ငံ စစ်ဖက် အရာရှိများ နယ်စပ်ဒေသ အရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ပွဲများကို ပြုလုပ်နေ ကြောင်း သိရသည်။

တရုတ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း သခင်ချန်ထွန်းက“ဒါကတော့ တရုတ် အစိုးရ အနေနဲ့ သူ့နိုင်ငံ သားတွေ အရိုက်အနှက် အဖမ်းအဆီး ခံရလို့ တာဝန်ရှိ တဲ့အတိုင်း ခေါ်ပြီး သတိပေး တယ်လို့မြင်တယ်” ဟုပြောသည်။

၁၉၆၇ ခုနှစ် တရုတ် ကွန်မြူနစ် ပါတီခေါင်းဆောင် မော်စီတုံး၏ ပုံပါရင်ထိုး တံဆိပ်ချိတ်ဆွဲ မှုနှင့် ရန်ကုန်မြို့တွင် တရုတ် မြန်မာ အရေး အခင်းများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ထိုအရေးအခင်း နှင့် ပတ်သက်ပြီး တရုတ် မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ တိုက်ပွဲများ ဖြစ်ပွား ခဲ့ဖူးကြောင်း သခင်ချန်ထွန်း ကဆိုသည်။

“အဲ့သည်တုန်း ကတော့ အခုလို သတိပေး တာမျိုးတော့ မလုပ်ဘူး၊ နယ်စပ်မှာ တိုက်ပွဲတွေ အကြီး အကျယ်ဖြစ်ကြ တာပဲ၊ သံတမန် တွေတောင် တဖက်နဲ့ တဖက် ပြန်ခေါ် ကြတာပဲ”ဟု ၎င်းက ပြောသည်။

၁၉၈၈ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အလွန် ကောင်းမွန် လာခဲ့ပြီး၊ နယ်စပ် ဒေသ တွင် ယခု ကဲ့သို့ ပြဿနာများမရှိကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တောင်းဆိုခြင်းသည် လုပ်ရိုးလုပ်စဉ် ပြလုပ် ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက် ဆံ ရေးတွင် ကြီးမားသော အပြောင်းအလဲများဖြစ်လာမည် မထင်ကြောင်း ဦးအောင်ကျော်ဇော က သုံးသပ်သည်။

၁၉၆၇ခုနှစ် ၁၉၆၈ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိစ္စများမှာ တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကြီးမားသော ပြဿနာများ ဖြစ်ပြီး၊ ယခုဖြစ်သော ကိုးကန့်ပြဿ နာသည် ပြောပလောက်သော ပြဿနာ မဟုတ်ကြောင်း မကြာခင် ပြေလည်မှုများ ပြန်လည် ရရှိ မည် ဟုထင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။

No comments: