Tuesday, September 22, 2009

နအဖစစ်ကြောင်းအပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာ

Kaowao

ဘုရားသုံးဆူမြို့ဘက်သို့ ဦးတည်လာသော နအဖ စစ်ကြောင်းကို KNLA ကရင်ပြောက်ကျား များက ယနေ့နံနက်တွင် အပလုံရွာနှင့် မြိုင်သာယာရွာ အကြား သက်ကယ်ရွာ အနီး၌ ပစ်ခတ်ခဲ့ရာ နအဖ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားပြီးအခြားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း တပ်မဟာ ၆ မှအရာရှိ တစ်ဦးက အ တည်ပြု ပြောကြားခဲ့ပါသည်။

တိုက်ပွဲမှာ အချိန်တိုအတွင်း ခဏမျှသာဖြစ်ပွား သည်ဟုသိရပြီး အဆိုပါကျဆုံးသွားသူမှာ ခမရ ၃၅၅ တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်ကြပ်ကြီး ကျော်မင်းနိုင် ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ မြန်မာထောက်လှန်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။


ခမရ ၃၅၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမင်းနိုင်ဦး၊ ဒုရင်းမှူး ဗိုလ်မှူးကျော်ဘလာ(ကရင်) တို့က ဤစစ်ကြောင်းကို ဦးစီးပြီး စစ်သည်အင်အား ၁၂၀ ထက်မပိုဟု နယ်စပ်သတင်းစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။

အဆိုပါ ခမရ ၃၅၅ စစ်ကြောင်းသည် ခမရ ၃၅၆ နှင့်တပ်အပြောင်းအလဲ ပြုလုပ်မည်ဟု သိရသည်။ ဤစစ်ကြောင်း သည် ဘုရားသုံးဆူဒေသ၌ KNU တပ်များကို ထိုးစစ်ဆင်ရန်ဖြစ်သည်။

ခမရ ၃၅၆ သည်လည်း လွန်ခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ဘုရားသုံးဆူမြို့သို့ လာရောက်စဉ် ချောင်းဆုံရွာ အနီး၌ KNU ပျောက်ကျားများ မိုင်းဒဏ်ကြောင့် အများအပြားကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်ကို သတင်းများတွင် ဖေါ်ပြ ခဲ့ပြီးဖြစ်သည်။

ယခုအနေအထားတွင် KNU အဓိကစခန်းဖြစ်သည့် မဲ့ကသာဧရိယာနယ်မြေသို့ DKBA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာ သည်ကို KNU မှဆုတ်ခွာပေးခဲ့သည်။ သို့သော်KNU နှင့် DKBA အကြားတိုက်ပွဲများ မဖြစ်ပေါ်ခဲ့သေးပေ။

KNU ပြောက်ကျားများပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်းများ မကြာခဏအကျအဆုံးခံနေရသည်။ ကရင်အမျိုးသား အချင်းချင်းဖြစ်သည့်အတွက် DKBA တပ်ဖွဲ့တို့အား KNU တပ်မဟာ ၆ မှ ပစ်ခတ်မည်မဟုတ်ဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။

No comments: