Sunday, September 27, 2009

အကျဉ်းထောင်တံခါးများ ပွင့်သော်လည်း

ဧရာဝတီ

စက်တင်ဘာလ ၁၈ ရက် မွန်းလဲ ၁ နာရီ ကျော် လောက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန် ထောင်ဝန်း ထဲက အောင်မင်္ဂလာ ခန်းမကြီးအတွင်းမှာ လွတ်ငြိမ်း ချမ်းသာ ခွင့်ရမယ့် အကျဉ်းသား၊ အကျဉ်းသူ ၁၆၀ ကျော်လောက်ဟာ အနီရောင် ပလတ်စတစ် ထိုင်ခုံတွေပေါ်မှာ ငြိမ်သက်စွာ ထိုင်နေကြပါတယ်။

မကြာခင် ထောင်ကနေ လွတ်မြောက် တော့မှာဖြစ်လို့ အကျဉ်းသူ၊ အကျဉ်းသား အများစုက ပြုံးပျော် နေကြတယ်။

ပြုံးပျော်နေကြတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီးကြီးတဦးက တည်ကြည်တဲ့ မျက်နှာထားနဲ့ ပတ်ဝန်းကျင် ကိုလည်း ဂရုမပြုဘဲ ပါးစပ်က တစုံတခုကို တတွတ်တွတ် ရွတ်ဆိုနေတယ်။ သေသေချာချာ နားထောင် ကြည့်လိုက်တော့ သူ့ရဲ့နှုတ်က ရွတ်ဆိုနေတာက မေတ္တာပို့ ဆုတောင်းသံပါ။

သူ့ရဲ့မျက်ဝန်းတွေက ဖျော့တော့နေပြီး အင်အားချိနဲ့နေပုံရပါတယ်။ အစိမ်းရောင် ကွက်ကျား နွမ်းဖတ်ဖတ် ချည်ထည်အင်္ကျီ လက်ရှည်ကို ၀တ်ဆင်ထားပြီး မျက်နှာက ဇရာရဲ့ ထုထောင်းမှုတွေကြောင့် အရေး အကြောင်းတွေ ထနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့် အကျဉ်း သားတွေထဲမှာ သူက အသက် အကြီးဆုံးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

သူ့ရဲ့ အသက်က ၇၃ နှစ်ရှိနေပါပြီ။ ဒီလောက် အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမယ်အိုကြီး တယောက် ဘာပြစ်မှုကြောင့် ထောင်ဒဏ် ကျခံနေရတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အားလုံးက သိချင်နေကြတယ်။

တကယ်တော့ သူက သူလို၊ ငါလို သာမန် လူသားတဦးမဟုတ်ပါဘူး။ သီလရှင် ကြီးတပါးဖြစ်ပြီး စစ်အာဏာရှင် တွေကို ရဟန်းရှင်လူ ပြည်သူလူထု ပူးပေါင်းအာခံခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာ မတရား ဖမ်းဆီးခံရလို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရသူပါ။ သူ့ရဲ့ လူနာမည်က ဒေါ်ဆန်း ဖြစ်ပါတယ်။

သူက မြောက်ဥက္ကလာပ မြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတိုက်ကြီးတခုမှာ သီတင်းသုံးနေခဲ့တာပါ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလက၊ သူ သီတင်းသုံးခဲ့ရာ ကျောင်းတိုက်ကို စစ်တပ်နဲ့ လုံထိန်းရဲတွေ ၀ိုင်းရံပြီး ကျောင်းတိုက်မှာရှိတဲ့ သီလရှင်တွေအားလုံးကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

အဲဒီနောက် တခြားသီလရှင် မြောက်မြားစွာနဲ့အတူ အင်းစိန်ထောင် အထူးတရားရုံးမှာ သာသနာတော် ညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်ခြင်း ခံခဲ့ရတာပါ။

သူတို့ဟာ ဗုဒ္ဓရဲ့ သမီးတော် သီလရှင်တွေ ဖြစ်ပါလျက်နဲ့ အတင်းအကျပ် လူဝတ်လဲပြီး ထောင်နန်းစံ ခဲ့ရပါတယ်။

ဒီနေ့ ဒေါ်ဆန်း ပြန်လည် လွတ်မြောက်တော့မှာပါ။ ဒါပေမယ့် သူ့ပုံစံက ထူးထူးခြားခြား ပျော်ရွှင် ၀မ်းမြောက်ပုံ မရပါဘူး။

စစ်ဗိုလ်ချုပ်တွေကို မေတ္တာပို့ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေါ်ဆန်းလို သာသနာကို ပြုစုစောင့်ရှောက်နေတဲ့ သံဃာတွေ၊ သီလရှင်တွေ မြောက်မြားစွာဟာ စစ်အာဏာရှင်တွေရဲ့
အကျဉ်းထောင်တွေ အတွင်းမှာ အတင်းအကျပ် လူဝတ်လဲခြင်းခံရပြီး ထောင်နန်းစံခဲ့ရတယ်။

မြန်မာပြည် အနယ်နယ်အရပ်ရပ်က အကျဉ်းထောင်တွေမှာ ထောင်နန်းစံနေရတဲ့ သီလရှင်တွေ၊ သံဃာတွေ အရေအတွက် ဘယ်လောက်များများ ရှိနေမလဲမသိပါဘူး။

တကယ်တော့ ဗုဒ္ဓရဲ့ သားတော်၊ သမီးတော်တွေဖြစ်ကြတဲ့ သံဃာတွေနဲ့ သီလရှင်တွေဟာ သန်း ၅၀ ကျော်တဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေ ပြေလည်ဖို့ မေတ္တာပို့ ဆုတောင်းရင်း စစ်အာဏာရှင်တွေရဲ့ အကျဉ်းချခြင်းကို ခံခဲ့ရတာပါ။

သံဃာတွေ၊ သီလရှင်တွေနဲ့အတူ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံရင်း ထောင်နန်းစံနေရတဲ့ မျိုးချစ် နိုင်ငံရေးသမား အမြောက်အမြားလည်း မြန်မာပြည် အကျဉ်းထောင်တွေမှာ ရှိနေပါတယ်။

သေနတ်တွေ၊ နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ ဗုံးတွေ ကိုင်ဆောင်ထားတဲ့ အာဏာရှင်တွေကို အပ်တိုတချောင်း တောင် မကိုင်ဆောင်ဘဲ ငြိမ်းချမ်းတဲ့ အနုနည်းနဲ့ ဆန့်ကျင်တော်လှန်ရင်း သူတို့ဘ၀တွေကို အကျဉ်းထောင် တွေမှာ စတေးနေကြရတာပါ။

“အစကတည်းက အပြစ်မရှိဘူးလေ။ ဒါကို အပြစ်ရှိတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက် ထောင်ချ၊ ပြီးမှ နိုင်ငံတော်က သဘောထားကြီးကြီးနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး လုပ်တာက အတော့်ကို ရယ်စရာ ကောင်းပါ တယ်။ အစိုးရရဲ့ မရိုးနိုင်တဲ့ ဟာသပြဇာတ်တပုဒ်ပေါ့ဗျာ” လို့ ရန်ကုန်မြို့ခံ တဦးက ပြောတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ကို ရယ်စရာကောင်းတဲ့ ဟာသပုံပြင်လို့ သတ်မှတ်နေကြပေမယ့် အဲဒါရဲ့ နောက်ကွယ်မှာ ၀မ်းနည်းစရာကောင်းတဲ့၊ ကြွေလွင့်သွားရတဲ့ အသက်တွေ၊ ဘ၀တွေ မြောက်မြားစွာ ရှိနေပါတယ်။

စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ ဝေါဟာရအစား “လွတ်ငြိမ်းသက်သာခွင့်” လို့ သုံးနှုန်းလေ့ ရှိပါတယ်။ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူတွေဟာ တချိန်ချိန် ပြန်အဖမ်းခံရရင် ကျန်ရှိနေတဲ့ ထောင်ဒဏ်တွေကိုပါ ပေါင်းပြီး အပြစ်ပေးခံရမယ် ဆိုတာကို သဘောတူ ခဲ့ရပါတယ်။ ချွင်းချက်နဲ့ ပြန်လွတ်လာကြတာလည်စ ဖြစ်ပါတယ်။ စစ်အစိုးရက ဒီလို အနိုင်ကျင့်တတ်တဲ့အတွက် နိုင်ငံတကာက တောင်းဆိုတဲ့အခါ “ချွင်းချက်မရှိ ပြန်လွှတ်ပေးပါ” လို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး အကျဉ်းသားတွေ တောက်လျှောက် လွှတ်ပေးခဲ့ပေမယ့် တကယ်တမ်း လွတ်ခဲ့တဲ့ အကျဉ်းသားတွေက ခိုး၊ ဆိုး၊ လုယက်၊ သတ်ဖြတ်မှုတွေ အပါအ၀င် ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြသူ တွေသာ အများစုဖြစ်တဲ့အတွက် ပြည်သူလူထု အတွင်းမှာ ထောင်ကလွတ်လာသူတွေ ထဲက တကျော့ပြန် ရာဇ၀တ်မှု ကျူးလွန်နိုင်ဖွယ်ရှိသူတွေရဲ့ အန္တရာယ်ကို တွေးတော ပူပန်နေကြရပါတယ်။

“ကျနော်တို့နားက ဖောက်ထွင်းမှုနဲ့ ထောင် ၈ နှစ်လောက် ကျသွားတဲ့ ဖောက်ထွင်းဝိဇ္ဇာတယောက် ဒီနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတယ်။ သူ ပြန်လွတ်လာကတည်းက
ငါ့အိမ်များ ဘယ်တော့ အဖောက်ခံရမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ လူတော်တော်များများ စိတ်ညစ်နေ ကြတယ်” လို့ ဗဟန်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ကျောက်မျက် ရတနာနဲ့ ရွှေအရောင်းဆိုင်ပိုင်ရှင်တဦးက ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးတိုင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက် အနည်းငယ်လောက်သာ ပါဝင်နေတာက အစိုးရရဲ့ လုပ်ရိုး လုပ်စဉ် အစဉ်အလာတရပ်လို ဖြစ်နေသလို မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ စစ်အာဏာရှင်တွေ ဒီနေ့အထိ ငြင်းဆန်နေဆဲ ပါ။

စက်တင်ဘာ ၁၈ ရက်နေ့က အင်းစိန်ထောင်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘဲ လုံခြုံရေးဥပဒေ ချိုးဖောက် ခံရလို့ အရေးယူခံရထားတဲ့ အကျဉ်းသားတွေသာ ဖြစ်တဲ့အကြောင်း၊ အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်း ချမ်းသာခွင့် ပေးတဲ့အထဲမှာ လုံခြုံရေး ဥပဒေ ချိုးဖောက်လို့ အရေးယူခံထားရတဲ့ အကျဉ်းသား ၂၅၀ ပါဝင်တယ်လို့ ပြောခဲ့တယ်။

စစ်အစိုးရက အာဏာစသိမ်းတဲ့ အချိန်ကစပြီး ဒီနေ့အထိ လွတ်ငြိမ်းချမ်းသာခွင့် ၁၄ ကြိမ် ပေးပြီး အကျဉ်းသား ၂၂၀၀၀၀ လောက် လွှတ်ပေးခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား အရေအတွက် တိုးတက်နေဆဲ ဖြစ်တဲ့အကြောင်းနဲ့ စစ်အစိုးရ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ရှိတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန် ကြေညာကြပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရသည့်
စစ်အစိုးရရဲ့လွတ်ငြိမ်းချမ်းသာခွင့်တွေကို နိုင်ငံတကာက အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှု အဖြစ် ကြိုဆိုကြပေမယ့် မြန်မာပြည်သူတွေကြားမှာတော့ ဒီလို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတာကို နိုင်ငံတကာ အာရုံပြောင်းအောင် လုပ်ဆောင်တဲ့ လှည့်ကွက် တခုအဖြစ် ရှုမြင် နေကြပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပြီးရင်လည်း အပြစ်မရှိ အပြစ်ရှာပြန်ဖမ်းတာပဲလေ။ သူ့ လက်ခုပ်ထဲက ရေပဲ။ သွန်လိုသွန်၊ မှောက်လို မှောက် လုပ်နေတာကို နိုင်ငံတကာက တိုးတက်မှုဆိုပြီး ပြောကြဆိုကြတာက မြန်မာပြည်အကြောင်း၊ စစ်အစိုးရ အကြောင်း ကောင်းကောင်း နားမလည်သေးဘူးလို့ မှတ်ယူရမယ်” လို့ ပြည်တွင်း အထက်တန်းရှေ့နေ တဦးက သုံးသပ်ပါတယ်။

စစ်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ဘယ်လိုပဲ အဓိပ္ပာယ် ဖွင့် သတ်မှတ်ပြောဆို ဝေဖန်နေကြပေမယ့် သားပျောက်တဲ့ မိခင် ဘခင်တွေ၊ လင်ယောက်ျား ပျောက်နေတဲ့ မယားတွေ၊ အဖေပျောက်နေတဲ့ ကလေးငယ်တွေနဲ့ အရိပ်အာဝါသ ပျောက်ဆုံးနေတဲ့ မိသားစုဝင် များစွာဟာ အကျဉ်းထောင် ဂိတ်ဝတွေမှာ မျက်ရည်တွေကျရင်း သူတို့ ချစ်တဲ့သူတွေ ပြန်လွတ်လာမလားဆိုတဲ့ အတွေးတွေနဲ့ နာရီပေါင်းများစွာ ဆက်လက် စောင့်စားနေကြဆဲပါ။

No comments: