Wednesday, September 30, 2009

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အာဆီယံ ဖိအားဆက်ပေးသင့်ဟု ဦးဝင်းတင်ပြော

မင်းနိုင်သူ / ၃၀ စက်တင်ဘာ ၂၀၀၉

အာဆီယံ အသင်းကြီး အနေဖြင့် အနောက် နိုင်ငံများ၏ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒကို သေချာ လေ့လာ သင့်ပြီး ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် မြန်မာ စစ်အစိုးရကို ဆက်လက် ဖိအား ပေးသင့်ကြောင်း အန်အယ်လ်ဒီပါတီ ဗဟို အလုပ် အမှုဆောင် အတွင်း ရေးမှူး ဦးဝင်း တင်က ပြောသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်း နိုင်ငံခြားရေး ၀န်ကြီး မစ္စတာကဆစ်ပီရွန်းက ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် မြန်မာ စစ်အစိုးရထံ မေတ္တာရပ်ခံစာ ပေးပို့မည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း နယူးယောက်မြို့တွင် ထုတ်ဖော်ပြော ဆိုမှု အပေါ် ဦးဝင်းတင်က တုံ့ပြန်ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

“အဓိကက အမေရိကန်ပေါ့ဗျာ။ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲအပေါ် မူတည်ပြီး လုပ်နေကြဟန်တူပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့မူဝါဒက တဘက်က sanction ကို ကိုင်ထားမယ်။ တဘက်က engagement လည်း လုပ်မယ်ဆိုတဲ့ သဘောပဲဗျ။ လုံးလုံးကြီး engagement လုပ်သွားမယ့် သဘောမဟုတ်ဘူးဗျ။ ဒါကို သတိပြုသင့်တယ်ဗျ။ အာဆီယံအနေနဲ့ ဘာတွေဘယ်လို ဆွေးနွေးပြီး ဒီလိုဆုံးဖြတ်ချက်ချတယ်ဆိုတာကို ကျနော်တို့ အသေးစိတ်မသိရပေမယ့် ဒီလို နောက်ပြန်ဆုတ်တဲ့သဘောမျိုးက မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးဟာ ဆက်လက်တောင်းဆိုနေရမယ့်ကိစ္စ” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မေတ္တာရပ်ခံစာပေးပို့မည့် အစီအစဉ်ဖျက်သိမ်းရခြင်းသည် ကုလသမဂ္ဂ၊ အမေရိကန်နှင့် အီးယူနိုင်ငံတို့က ၎င်းတို့၏မူဝါဒများကို ပြန်လည်သုံးသပ်နေကြပြီး မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံမည့် အလားအလားများ ရှိနေသည့်အတွက်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ (၂၈) ရက်တွင် နယူးယောက်မြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်သည့် ရပ်တည်ချက်များ ချမှတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဆီယံ နိုင်ငံများကို တိုက်တွန်းခဲ့ခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွန်းက ပြောဆိုခဲ့ကြောင်းလည်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုနေချိန်မှစ၍ တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀ိုင်းဝန်းတောင်းဆိုနေချိန်တွင် အာဆီယံအသင်းကြီးက ပိုမိုဖိအားပေးသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာ့နိုင်ငံရေးအတွက် ဖိအားပေးပြောဆိုတာမျိုး နည်းနေရင်တောင် ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အသင်းကြီးအနေနဲ့က ပိုပြီးဖိအားပေးပြောဆိုသင့်တယ်။ လုပ်ဆောင်သင့်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်လလောက်က ထိုင်းနိုင်ငံအနေနဲ့ ဒေါ်စုလွတ်မြောက်ရေးအတွက် ဖိအားပေးပြောဆိုတာတွေရှိခဲ့လို့ သူတို့ရပ်တည်ချက်တွေဟာ မှန်ကန်လာတယ်လို့ ကျနော်တို့ယူဆခဲ့တာ။ အခုလိုကိစ္စမျိုးကို ထိုင်းနိုင်ငံကပဲ စပြောတယ်ဆိုတော့ ကျနော်တို့ အံ့သြတယ်” ဟုလည်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာ့နိုင်ငံရေးအတွက်သာမက ဒေသတွင်းနိုင်ငံရေးအတွက်ပါ အခရာ ကျနေပြီး အန်အယ်လ်ဒီပါတီအနေဖြင့်လည်း တရုတ်၊ အာဆီယံတို့နှင့် အနီးကပ်ဆက်ဆံမှုများပြုလုပ်ရန် အမြဲတမ်းတံခါးဖွင့်ထားသည်ဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “ကျနော်တို့ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်နဲ့အာဆီယံတို့ကိုလည်း အလေးထားပါတယ်။ သို့သော်လည်း အာဆီယံအနေနဲ့က အစိုးရချင်းဆက်ဆံရေးကိုပဲ အလေးထားနေတာ တွေ့ရတယ်။ ကျနော်တို့အနေနဲ့ကတော့ အားလုံးနဲ့ အနီးကပ်ဆက်ဆံဖို့ ဆန္ဒရှိတယ်။ ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒကို အာဆီယံနိုင်ငံတွေက သတင်းမီဒီယာတွေက သတင်းရယူလိုတာမျိုးတွေရှိရင်လည်း ထုတ်ဖော်ပြောဆိုဖို့ အသင့်ပါပဲ” ဟု ပြောဆိုသည်။


No comments: