Monday, September 21, 2009

ဒေါ်အောင်ဆန်းစုကြည် ဆရာဝန်နှင့် တွေ့ခွင့်ရ

သန်းထိုက်ဦး Monday, 21 September 2009

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက တနင်္ဂနွေနေ့ ညနေပိုင်းတွင် ခွင့်ပြု လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေသည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီ သို့ ပြောသည်။

ကျန်းမာရေးအတွက် မိသားစု ဆရာဝန်နှင့် တွေ့ဆုံခွင့် တောင်းထားသည်မှာ ၁ လ ကျော်ပြီ ဖြစ်သော်လည်း ယမန်နေ့ကမှ ခွင့်ပြုချက် ရခြင်း ဖြစ်သည်။ ထိုသို့ ခွင့်ပြုချိန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စစ်ဆေးရန် အာဏာပိုင်များက ဆရာဝန်တဦး စီစဉ်ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံခြင်း မရှိပေ။ သူ၏ ကျန်းမာရေးကို ပုံမှန် စစ်ဆေး ကုသပေးသည့် မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ကုသခွင့် ရလိုကြောင်း အာဏာပိုင်တို့ကို ပြောကြားခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပုံမှန် ကျန်းမာရေး စစ်ဆေးရန်အတွက် အာဏာပိုင်များက စီစဉ်ပေးခဲ့သော အမျိုးသမီး ဆရာဝန်မှာ မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရှိရသေးပေ။ ဒေါက်တာတင်မျိုးဝင်းနှင့် ကုသခွင့် ရရှိရန် အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အာဏာပိုင်းများနှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဦးဉာဏ်ဝင်းက သြဂုတ်လတွင် ပြောခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။

မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခဲ့သည်။

ယင်း အမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းခဲ့သည်။ တရားရုံးက လျှောက်လဲချက် ကြားနာရန် စက်တင်ဘာလ ၁၈ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂ရက်နေ့တွင် ကြားနာမည်ဟု ဆိုကာ ထပ်မံ ရုံးချိန်းပေးခဲ့သည်။

အယူခံလွှာတွင် ဥပဒေကြောင်း ဆိုင်ရာ အချက် ၁၁ ချက် ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။ ယင်းအယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုကြောင်း သိရသည်။

No comments: