Tuesday, September 22, 2009

ခေါင်းဆောင်များနှင့် ထပ်မံတွေ့ခွင့်ရရန် NLD တောင်းဆို

ကိုထွေး Tuesday, 22 September 2009

အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် (NLD) ၏ အနာဂတ် မူဝါဒ လမ်းစဉ်များ ချမှတ်နိုင် ရန်အတွက် ဒေါ်အောင်ဆန်း စုကြည် နှင့် ဦးတင်ဦး တို့အား ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ နှင့် တွေ့ဆုံခွင့် ပေးရန် အာဏာပိုင် များထံ စာရေးသား ပေးပို့ တောင်းဆို ထားကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောသည်။

စက်တင်ဘာ ၁၆ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိနိုင်ငံရေးအရ အရေးကြီးတဲ့ အဆုံးအဖြတ် ပြုရမယ့် ကိစ္စတွေ ဆောင်ရွက်ဖို့၊ ပါတီ၏ အနာဂတ် မူဝါဒ လမ်းစဉ်များ ချမှတ်နိုင်ဖို့ အဲဒီ အကြောင်းပြချက်တွေ့နဲ့ တွေခွင့်ရဖို့ တောင်းဆိုထားပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း အာဏာပိုင် များက ယခု အချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း၊ NLD အနေဖြင့် တွေ့ခွင့် ရရန် မျှော်လင့်ထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

လွန်ခဲ့သည့် ၅နှစ် ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို တကြိမ် တွေ့ဆုံခွင့် ပေးခဲ့ဖူးသည်။

စစ်အစိုးရက ခွင့်ပြုသဖြင့် ၂၀၀၄ ဧပြီလ ၂၇ရက်နေ့တွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ထိုစဉ်က အဆုံးမသတ်ရသေးသော အမျိုးသားညီလာခံသို့ NLD တက်ရောက်ရေး မတက်ရောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယခုတကြိမ် တွေ့ဆုံခွင့် ရပါက လာမည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါဝင်ရေး၊ မပါဝင်ရေးကို ဆွေးနွေးဖွယ်ရှိသည်ဟု အများက ယူဆနေကြသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် သုံးသပ်မည် ဆိုပါက ရွေးကောက်ပွဲ ၀င်ရေးအတွက် NLD က စဉ်းစားမည်ဟု ကြေညာထားသည်။

သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၀ ပြည့်နှစ် နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NLD က မည်သို့ ထပ်မံ ဆုံးဖြတ်မည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ထို့ကြောင့် ထိန်းသိမ်းခံရသည့်သက်တမ်း ၆ နှစ် ကျော်သွားပြီ ဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ် သို့ ပြောင်းလဲလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲပြီး နေအိမ်အကျယ်ချုပ် ထပ်မံချထားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက တနင်္ဂနွေနေ့ ညနေပိုင်းတွင် ခွင့်ပြု လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေသည်ဟု သိရသည်။

No comments: