Monday, September 28, 2009

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတချို့ စောင့်ကြည့်ခံနေရ

Narinjara News

မောင်အေး (နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည် လုံးဆိုင်ရာ ကျောင်းသား နှင့် လူငယ်များ အစည်း အရုံးနှင့် ဆက်စပ်မှု ရှိသည်ဟု သံသယ ရှိနေသည့် ဘုန်းတော်ကြီး ကျောင်း တချို့ကို အာဏာ ပိုင်များမှ အနီးကပ် စောင့်ကြည့် မှုများ ရှိကြောင်း သတင်း ရရှိသည်။

တချို့ကျောင်းများကို စောင့်ကြည့်သည်သာမက ထောက်လှမ်းရေးများက လာရောက် စစ်ဆေးမူ များလည်း ရှိနေသည်။

စစ်ဆေး မေးမြန်းမူနှင့် စောင့်ကြည့် ခံနေရသည့် ကျောင်းများ အထဲတွင် ရွှေစေတီ ကျောင်းတိုက် အပါအ၀င် တခြား နာမည်ကြီး စာသင် တိုက် တချို့ ပါဝင်ဟု စစ်တွေမှ ကျောင်းဆရာ တဦးက ပြောသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဘဲ ရွှေစေတီကျောင်းကို ထောက်လှမ်းရေးက လာပြီး မေးတယ်လို့ သတင်းကြားလို့ ကျွန်တော် ဘုန်းတော်ကြီကျောင်းကို သွားပြီး ဆရာတော်ကို သတင်းမေးပါ သေးတယ်။ ဆရာတော်ကတော့ သိပ်ထွေထွေထူးထူး မပြောပြပါဘူး။ ဘာမှ ဆက်စပ်မှု မရှိဆိုပြီး ပြောလွှတ်လိုက်တဲ့ အတွက် ထောက်လှမ်းရေးက ပြန်သွားတယ်လို့ ပြောပါတယ်။”ဟု သူက ပြောသည်။

အဆိုပါသတင်းများထွက်ပေါ်လာသည့်အတွက် ရွှေစေတီဘုန်းတော်ကြီးကျောင်းကို နိရဉ္စရာမှ ဆက်သွယ်မေး မြန်းကြည့်ရာ ရဟန်းတော်တပါးက ယခုကဲ့သို့ပြောသည်။

“ဒါကိုတော့ ဦးဇင်းတို့ မသိပါဘူး။ အခု ဆရာတော်လည်း ခရီးသွားနေတယ်။ ဒီကိစ္စတွေကို ဦးဇင်းတို့မသိပါဘူး။ ဆရာတော် ကိုဘဲမေးကြည့်ပါ။”ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများကို စောင့်ကြည့်နေမှုမှာ စစ်တွေမြို့တွင် ဖမ်းဆီးခံထားရသည့် လူငယ်များနှင့် ဆက်စပ်မှုရှိသည်ဟု သံသယ ဖြစ်နေ၍ ဖြစ်သည်ဟု သိရသည်။

အဆိုပါ လူငယ်များကို အေအေအက်စ်ဝိုင်စီနှင့် ဆက်စပ်ပြီး အကြမ်း လုပ်ငန်းများ လုပ်ကိုင်ရန်စီစဉ်နေသည့်ဟု စွပ်စွဲကာ စစ်တွေရဲက စက်တင်္ဘာလ ဒုတိယပတ်တွင် ဖမ်းဆီးခဲ့သည်။

စစ်တွေမြို့တွင် ယခုတိုင် လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး နေရာအနှံ့အပြားတွင် လုံထိန်းနှင့် ရဲများကို အစောင့်ချထားသည်ဟု သိရသည်။

ဖမ်းဆီးခံနေရသည့် ရခိုင် လူငယ်များကို စစ်ကြောရေး စခန်းများတွင် ပြင်းပြင်းထန်ထန် နှိပ်စက်မူများ ပြုလုပ်နေသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် သူတို့၏ အခြေအနေနှင့် ပတ်သက်ပြီး စစ်တွေ လူထုအတွင်း အထူး စိုးရိမ်မူများ တိုးပွားနေသည်ဟု အဆိုပါကျောင်းဆရာမှ ပြောသည်။

No comments: