Thursday, September 24, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

မင်းဟန်

(၉၁)
၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က “ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ များ” အား ထုတ်ပြန် လိုက်သည်။ ကော်မရှင်၏ နည်း ဥပဒေအမှတ် (၁/၈၉) ဖြစ်သည်။ “ရွေးကောက်ပွဲ ဥပဒေ” ကိုမူ လွန်ခဲ့ သည့် မေလ ၃၁ ရက်နေ့က ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။ န၀တ မှ ဥပဒေအမှတ် ၁၄/၈၉ ဟူ၍ ပြဋ္ဌာန်းေးပးခဲ့ခြင်း ဖြစ်သည်။ ဥပဒေ၊ နည်းဥ ပဒေ များအား ထုတ်ပြန်ပြဋ္ဌာန်း မှုများမှာလည်း စိတ်ပျက် ဖွယ်ရာပင်…..။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ (မူကြမ်း) အား မူ ၃ ရပ်ထား၍ ရေးဆွဲခဲ့ သည်ဟု ဆို၏။ မူ ၃ ရပ်က …. စာရွက်ပေါ်တွင်မူ လှ၍နေ၏။

၁။ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စည်းကမ်း၊ နည်းလမ်းတကျ ကျင်းပနိုင်ရေး။

၂။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားများအတွက် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ရှိစေရေး။

၃။ နောင်တခေတ်တွင် နိုင်ငံခေါင်းဆောင်များဖြစ်ကြမည့် ကျောင်းသားလူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်များ ပြုစုပျိုးထောင်ပေးရေး။



ထိုမူ ၃ ရပ်ကို အခြေခံပြီး …. ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ‘ပါလီမန် အထွေထွေရွေးကောက်ပွဲ’ အက်ဥပဒေနှင့် နည်းဥပဒေများ။ ၁၉၇၆ က ပြဋ္ဌာန်းခဲ့သည့် …. ‘ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ’ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများမှ သင့်တော်သည်တို့အား ယူ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်က၊ ရွေးကောက်ပွဲဥပဒေ (မူကြမ်း) အား ရေးဆွဲခဲ့သည်ဟု ဆို၏။

ပြီးလျှင် …. ကော်မရှင်သည် ကြေညာချက်အမှတ် ၂၄၂ ကို ထုတ်ပြန်ပြီး၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုများထံမှ အကြံပြုချက်များအား ဖိတ်ခေါ်၏။ နိုင်ငံရေးအဖွဲ့အစည်းများမှလည်း အကြံပြုချက်များ ရေး၍ ကော်မရှင်သို့ ပေးပို့ခဲ့ကြ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း အကြံပြုချက်များ ပေးပို့ခဲ့သည်။ အထူးသဖြင့် အကြံပြုသည်က ….. ‘အာဏာလွဲပြောင်းခြင်းဆိုင်ရာ’ ပြဋ္ဌာန်းချက်စည်းမျဉ်းများ ထည့်သွင်းပါရှိရန် ဖြစ်၏။

သို့သော် ….

ကော်မရှင်က …. အကြံပြုချက်များအား လုပ်ဟန်အရ တောင်းခံခြင်းသာ ဖြစ်၏။ အကြံပြုချက်များကို ရယူရန် မဟုတ်….။ နောက်ဆုံးတွင်မူ ….. ကော်မရှင်က န၀တ မှ ချပေးသည့် ပြဋ္ဌာန်းချက်အတိုင်းကိုသာ ကော်မရှင် အမည်ခံ၍ ထုတ်ပြန်ပေးခဲ့ရခြင်း ဖြစ်သည်။ ကော်မရှင်မှ ရွေးကောက်ပွဲ နည်းဥပဒေအား ထုတ်ပြန်ခဲ့ပြီးသည့် နောက်တနေ့တွင်ပင် …. ဒေါ်အောင်ဆန်းစုကြည်အား Asia Week မဂ္ဂဇင်းမှ Dominic faulder က အင်တာဗျူးလုပ်၏။

“ရွေးကောက်ပွဲစည်းမျဉ်းသစ်ကို လေ့လာပြီးပြီလား”

“ဟုတ်ကဲ့။ ကျမ သေသေချာချာ ဖတ်ကြည့်ပြီးပါပြီ။ အကြံဉဏ်တွေ တပုံတခေါင်း ၀ိုင်းပေးထားတာတွေကို နည်းနည်းလေးတောင် ဂရုစိုက်တာ မဟုတ်ပါဘူး။ ကျမတို့က အကြံတွေအများကြီး ပေးထားပေမယ့် အားလုံးကို လျစ်လျူရှုထားတာ တွေ့ရပါတယ်။ အာဏာလွှဲပြောင်းရေးနဲ့ဆိုင်တဲ့ အထူးစည်းမျဉ်းတွေ ထည့်သွင်းပေးဖို့ ကျမတို့ ပြောထားတာတွေကို လုံးလုံး မဖော်ပြထားပါဘူး”

“ရွေးကောက်ပွဲ ကျင်းပဖြစ်တယ်ဆိုရင် ရွေးကောက်ပွဲပြီးရင် ဘာဖြစ်မယ်ထင်ပါသလဲ။ ”

“ကျမတို့လဲမသိပါဘူး။ ဒါက ပြဿနာပါပဲ။ ဘယ်သူပဲ အရွေးခံရ ခံရ အာဏာအလွှဲအပြောင်းမလုပ်ခင် ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြီး အတည်ပြုရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုအတည်ပြုရမယ် ဆိုတာကိုလည်း ပြောသေးတာ မဟုတ်ပါဘူး။ လူထုဆန္ဒကောက်ယူပွဲ လုပ်ပြီးတော့ အတည်ပြုရမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီနည်းကတော့ နှစ်နဲ့မဟုတ်တောင် လနဲ့ချီပြီး ကြာနိုင်ပါတယ်။ ဒါကြောင့်မို့ အာဏာလွှဲပြောင်းရေးဆိုင်ရာ စည်းမျဉ်းတွေဟာ သိပ်အရေးကြီးပါတယ်။ အာဏာကို ဘယ်လိုလွှဲပြောင်းပေးမယ် ဆိုတာကို ကျမတို့ မသိမချင်း န၀တ က ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖွဲ့စည်းပေးမယ်လို့ ဆိုတာကို ကျမတို့ ယုံကြည်လို့ မဖြစ်သေးပါဘူး”

(၉၂)

န၀တ က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အရေးကြီးသည့် ဥပဒေနှင့် နည်းဥပဒေတို့အား ‘ဇွတ်’ ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲလမ်းအား ဒရွတ်ဆွဲ၍ သွားရန်ပြင်နေ၏။

နိုင်ငံရေးအဖွဲ့အစည်းများအတွင်း၌လည်း …. အတွေးအခေါ်နှစ်ရပ်၊ လမ်းစဉ်နှစ်ရပ် ပြဿနာက မုန်တိုင်းဆင်ဆဲ…..။ မုန်တိုင်းဆင်ဆဲဟု ဆိုသော်လည်း … ပြင်းပြင်းထန်ထန်ဟူ၍ မဟုတ်…..။ သော့ရမ်းသော လေရူးကဲ့သို့ …. ဝှေ့တိုက်နေခြင်းမျိုးသာ….။

န၀တ စစ်အစိုးရသည် လူထုအား စီးပွားရေးအရ ဖိနှိပ်၏။ နိုင်ငံရေးအရ ဖိနှိပ်၏။ ဖိနှိပ်မှုများအောက်၌ ဒီမိုကရေစီသည် ကွယ်ပျောက်၍နေသည်။ ဒီမိုကရေစီမရှိဘဲ တရားမျှတသည့် ရွေးကောက်ပွဲဟူသည် မဖြစ်နိုင်….။ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဒီမိုကရေစီရှိသည့် ကြားဖြတ်အစိုးရလိုသည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး တောင်းဆိုရမည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ရေး လူထုတိုက်ပွဲ ဆင်နွှဲရမည်။

ဤအတွက် …. လတ်တလော လမ်းစဉ်သည် ….

“ကြားဖြတ်အစိုးရ ဖွဲ့စည်းရေ….”

ဤသည်ကား …. အတွေးအခေါ်တရပ်နှင့် လမ်းစဉ်တရပ်…။

အခြားစင်ပြိုင်အတွေးအခေါ်နှင့် လမ်းစဉ်ကမူ …..

“လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေး” ဟူ၍ ဖြစ်သည်။ ဤတွင် ….. အတွေးအခေါ်က …. ‘ရွေးကောက်ပွဲများ’ ကျင်းပပြုလုပ်ခြင်း စနစ်သည် ‘ဒီမိုကရေစီ အခွင့်အရေး’ များထဲမှ တခုသော အခွင့်အရေးဖြစ်သည်။ ဒီမိုကရေစီရရှိရေးအတွက် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် ‘ရွေးကောက်ပွဲများ’ အား ကျင်းပရမည်။ ဖြတ်သန်းကြရမည်။ ရွေးကောက်ပွဲများအား ၀င်ရမည်။ သို့သော်…. ‘လွတ်လပ်ပြီး တရားမျှတမှု’ အတွက်မူ တောင်းဆိုတိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ အတွေးအခေါ်နှင့် လမ်းစဉ်က…..“လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေး” ဟု ဆိုရမည်။

၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ….

“ပါတီအတော်တော်များများက ဗိုလ်ချုပ်ကြီးစောမောင်ကျင်းပပေးမယ့် ရွေးကောက်ပွဲကို တရားမျှတမှာ မဟုတ်ဘူးလို့ ထင်နေကြပါတယ်။ ကြားဖြတ်အစိုးရ လိုမယ်လို့လည်း ဆိုကြပါတယ်။ သူကလည်း သူဟာ အကောင်းဆုံး ကြားဖြတ်အစိုးရပါလို့ ဆိုပါတယ်။ အဲဒါ ဘယ်လိုမြင်ပါသလဲ” ဟု သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က …..

“ကျမတို့အဖွဲ့ချုပ်အနေနဲ့ တကယ်အရေးကြီးတာဟာ ဒီရွေးကောက်ပွဲ မဟုတ်ပါဘူး။ အရေးကြီးတာဟာ လူ့အခွင့်အရေးများအတွက် တိုက်ရမှာ၊ အခြေခံ လူ့အခွင့်အရေးများအတွက် တိုက်ရမှာ။ ကျမတို့ဟာ ဗိုလ်ချုပ်ကြီးစောမောင် အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်ပေးရေး ဆိုတာကို ဦးတည်နေတာ မဟုတ်ပါဘူး။ အခွင့်အရေးများ ရရှိရေးအတွက်ပါ။ ဒီရွေးကောက်ပွဲများဆိုတာဟာ ဒီမိုကရေစီအခွင့်အရေးထဲက အခွင့်အရေးတခုပါ။ ကျမတို့လိုချင်တာဟာ အခြေခံ လူ့အခွင့်အရေးများနဲ့ ဒီမိုကရေစီအရေးများကို ပြည့်ပြည့်စုံစုံ လိုချင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ရရှိရေးဆိုတာ ဒီအခွင့်အရေးများထဲက တခုသာဖြစ်ပါတယ်။ ကျမတို့ဟာ ရွေးကောက်ပွဲများကို ဦးတည်ပြီးတော့ ရွေးကောက်ပွဲများ လုပ်ပေးဖို့ဆိုတဲ့ ဆန္ဒနဲ့ ဒီလို ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရရှိရေးအတွက်ကို ရွေးကောက်ပွဲများလိုလို့ ရွေးကောက်ပွဲများ ၀င်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ပါဝင်နေပါတယ်။ ကျမတို့အနေနဲ့ ဗိုလ်ချုပ်ကြီးစောမောင်အစိုးရဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ လုပ်ပေးမလားဆိုတာကို မမေးဘဲနဲ့ အခု ပြည်သူလူထု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးမှာလားဆိုတာကို မေးပါ။ ဒီဟာဟာ အရေးကြီးတဲ့ မေးခွန်းပါ။ ပေးမှာပါ ဆိုတာတင် မဟုတ်ဘူး။ ပေးပါလို့ တောင်းဆိုပါတယ်။ ပေးဖို့အချိန်လည်း ရောက်ပြီလို့ ကျမတို့ထင်ပါတယ်” ဟု ဖြေဆိုခဲ့၏။

ပြည်သူ့တိုးတတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (ဒမဖ) တို့ကမူ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” လမ်းစဉ်အား ချ၏။

န၀တ မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေတို့အား ထုတ်ပြန်ခဲ့ပြီးသည့် နောက်တွင်မူ ‘ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး’ အသံက တိုး၍မှိန်သွား၏။

“လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး” ဟူသည့် လမ်းကိုသာ ဘုံလမ်းစဉ်အဖြစ် ကျင့်သုံးလာကြ၏။

‘လွတ်လပ်၍ တရားမျှတမှု’ အတွက် တိုက်ပွဲက ‘အာဏာဖီဆန်ရေး တိုက်ပွဲ…..’ ။

“အများပြည်သူ သဘောမတူသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသည့် ကြွေးကြော်သံက ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး၏ ကြွေးကြော်သံအဖြစ် ကိုင်စွဲ၍လာကြ၏။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသည့် စာရွက်၊ စာတမ်း၊ စာစောင်များတွင် …. “အများပြည်သူ သဘောမတူသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသည့် စာကြောင်းအား ထည့်သွင်းဖော်ပြ၏။ ပြီးလျှင် …. “အာဏာကို ဖီဆန်၍ ထုတ်ဝေသည်” ဟူ၍ပါရှိ၏။ နိုင်ငံရေးပါတီများ၏ အခမ်းအနားများအား ကျင်းပရာတွင်လည်း ‘အာဏာကို ဖီဆန်၍ ကျင်းပသည်’ ဟူ၍ ဆိုင်းဘုတ်တင်ကြ၏။

န၀တ ၏ အမိန့်ကြေညာချက် ၂/၈၈၊ ၈/၈၈ အား ဖီဆန်၏။ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်အား ကန့်သတ်ချုပ်ချယ်သည့် ဥပဒေအား ဖီဆန်၏။

(၉၃)

အာဏာဖီဆန်ရေး တိုက်ပွဲကြောင့် န၀တ နှင့် ထိပ်တိုက်ရင်ဆိုင် တွေ့နေရစေကာမူ …. ဒေါ်အောင်ဆန်းစုကြည်သည် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးရန် န၀တ အား ကမ်းလှမ်းဆဲ…..။ တောင်းဆိုဆဲပင်….။

တဖက်တွင် အာဏာဖီဆန်ရေး တိုက်ပွဲအား ဆင်နွှဲပြီး၊ တဖက်တွင်မူ တွေ့ဆုံဆွေးနွေးရေး တံခါးအား ဖွင့်ထား၏။ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် ကမ်းလှမ်း၏။

၁၉၈၉ ခုနှစ်….

ဇူလိုင်လ ၃ ရက်….။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ပင် …. န၀တ နှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ် ရွေးချယ်ရေး အစည်းအဝေးအား ကျင်းပ၏။ နိုင်ငံရေးအဖွဲ့အစည်းပေါင်း ၁၀၄ ဖွဲ့ တက်ရောက်ကြ၏။

လွန်ခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ပင် နိုင်ငံရေးပါတီ အဖွဲ့အစည်းပေါင်း ၄၁ ပါတီ၏ စည်းဝေးပွဲအား ကျင်းပခဲ့ပြီး၊ ၄၁ ပါတီ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။ ၄၁ ပါတီ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ……

အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်….၊ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ် (ဒမဖ) မှ ဦးလှရွှေ၊ ပြည်သူ့ရဲဘော်မှ ဗိုလ်အောင်နိုင်၊ မြန်မာနိုင်ငံ ညီညွှတ်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးကြီးမြင့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးမှ ဦးစိုးမြင့်၊ တိုင်းရင်းသား လူမျိုးစုပါတီများမှ ခွန်တင်ရွှေ၊ ဆရာဒွန်းနှင့် ဦးအေးသာအောင်တို့ ပါဝင်ကြ၏။

ယခုအစည်းဝေးကမူ န၀တ နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံရေးပါတီ ၁၀၄ ဖွဲ့၏ ကိုယ်စားတဦးတည်း ကိုယ်စားလှယ်အား ရွေးချယ်တာဝန်ပေးအပ်ရန် ဖြစ်၏။

အစည်းအဝေးက ရှည်ရှည်ဝေးဝေးပင် ညှိနှိုင်းဆွေးနွေးရန်မလို ….. အားလုံးကပင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးပါတီပေါင်း ၁၀၄ ပါတီ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြ၏။

ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် …..

“ကျမကို ဒီမိုကရေစီအင်အားစုများရဲ့ ကိုယ်စားလှယ်လို့ သတ်မှတ်လိုက်တဲ့ အခါကျတော့ ဒါကို ဂုဏ်ယူပါတယ်လို့ ပြောရမလားလို့ ကျမ စဉ်းစားပါတယ်။ ဒါပေမဲ့ တကယ်စဉ်းစားလိုက်တဲ့ အခါကျတော့ ဒါ ကျမအတွက် ဂုဏ်ယူစရာ မဟုတ်ပါဘူး။ ကျမကို ရွေးထုတ်လိုက်တဲ့ အင်အားစုများအတွက် ဂုဏ်ယူစရာလို့ ကျမ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမကို ရွေးထုတ်လိုက်တဲ့ အင်အားစုများဟာ ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်အဖွဲ့အစည်း အတွက်ရယ်လို့ မစဉ်းစားဘဲနဲ့ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် ပိုပြီးတော့ ကောင်းဖို့အတွက် လူတယောက်ကို ကိုယ်စားလှယ်ရွေးလိုက်မယ် ဆိုပြီးတော့ လုပ်နိုင်တဲ့ အခြေအနေ ရောက်လာတာဟာ အင်မတန်မှ ဂုဏ်ယူစရာပဲလို့ ကျမ မြင်ပါတယ်။ ကျမရယ်လို့ မဟုတ်ပါဘူး။ ဘယ်သူကိုပဲဖြစ်ဖြစ် ဒီလိုအင်အားစုကြီးများဟာ ကိုယ်စားလှယ်တယောက်အနေနဲ့ ရွေးထုတ်လိုက်နိုင်တယ် ဆိုတာဟာ အင်မတန်မှ ကောင်းတဲ့ လက္ခဏာပါ”

“အခုအချိန်မှာ ခြိမ်းခြောက်မှုအမျိုးမျိုး ရှိပါတယ်။ ခြိမ်းခြောက်မှုအမျိုးမျိုး ကြားထဲကနေပြီးတော့ ကျမတို့ သတ္တိနဲ့ လုပ်သွားလို့ရှိရင် အောင်မြင်မယ်လို့ ထင်ပါတယ်။ တနေ့နဲ့တနေ့ ညီညွှတ်မှုအင်အားဟာလည်း များလာတာ ကျမ တွေ့ရပါတယ်။ စည်းကမ်းဟာလည်း ပိုပြီးတော့ ကြီးလာတာ တွေ့ရပါတယ်။ ကျမတို့ဘက်က ညီညွှတ်မှု အင်အားဟာ ကြီးလာလေလေ၊ စည်းကမ်းကြီးလာလေလေ၊ ဒီမိုကရေစီ မလိုလားတဲ့ဘက်က ကြောက်လေလေ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ ကြောက်လို့လည်း ကျမတို့ကို ဖျက်ဆီးဖို့၊ ထိုးနှက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါကြောင့် ကျမတို့ဟာ သတိဝိရိယနဲ့ စူးစူးစမ်းစမ်း၊ ဆင်ဆင်ခြင်ခြင် တယောက်နဲ့တယောက် တိုင်ပင်ပြီးတော့ လုပ်သွားဖို့ လိုပါတယ်။ အဆက်မပြတ် အဆက်အသွယ် လုပ်ကြပါ။ တယောက်နဲ့တယောက် အထင်အမြင် မလွဲကြပါနဲ့။ အင်အားတွေကို စုကြပါ။ ကျမတို့အနေနဲ့လည်း ဒီလိုအင်အားတွေကို စုပြီးတော့ တိုင်းပြည်ကောင်းကျိုးအတွက်၊ ပြည်သူ့ကောင်းကျိုးအတွက် လုပ်ချင်တဲ့ ဆန္ဒတွေ ရှိပါတယ်။”

“ကျမကို ဒီမိုကရေစီအင်အားစုတွေရဲ့ ကိုယ်စားလှယ်အနေနဲ့ တင်မြှောက်လိုက်တဲ့အထဲမှာ ဖေဖေ့သမီး ဖြစ်လို့ဆိုတဲ့ အကြောင်းဟာ အဓိကပဲဆိုတာ ကျမ နားလည်ပါတယ်။ ဒါဟာ ကျမ အင်မတန်မှ ဂုဏ်ယူစရာကိစ္စပဲလို့ ထင်ပါတယ်။ ဒါကြောင့် ဖေဖေလိုချင်တဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ဆိုပြီးတော့ ကျမ အင်မတန်မှ စိတ်သန်ပါတယ်။ ဖေဖေဟာ ညီညီညွှတ်ညွှတ်နဲ့ ပြည်ထောင်စုတခုကို ထူထောင်သွားစေချင်တယ်။ ဒီအတိုင်းပဲ ကျမလည်း လုပ်သွားချင်တယ်။ ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေကို ကျမ ကတိပေးနိုင်ပါတယ်။ ဖေဖေရဲ့ စိတ်ဓာတ်အပေါ်တော့ ကျမ ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ဖေဖေလိုချင်တဲ့ ဒီလိုသစ္စာရှိရှိနဲ့ ဒီမိုကရေစီ အင်အားစုတွေပေးတဲ့ တာဝန်မှန်သမျှကို ကျမဆက်လက်ပြီးတော့ ထမ်းဆောင်သွားပါ့မယ်။ ယုံယုံကြည်ကြည်နဲ့ ကျမအပေါ်မှာ တာဝန်ပေးလို့ရှိရင် ကျမ တတ်နိုင်သ၍ သစ္စာရှိရှိနဲ့ ထမ်းဆောင်သွားပါ့မယ်။ တိုင်းပြည်ရဲ့ တာဝန်၊ ပြည်သူ့ရဲ့ တာဝန်၊ ဒီမိုကရေစီ အင်အားစုများရဲ့ တာဝန်ကို အစဉ်အမြဲပဲ ထမ်းဆောင်သွားရင်းနဲ့ ကျမတို့အားလုံးဟာ ဒီမိုကရေစီပန်းတိုင်ဆီကို ရောက်မယ်လို့ ကျမ ယုံကြည်ပါတယ်။”


No comments: