Sunday, September 27, 2009

ANC တွင် ရဟန်းတော် တပါး ဥက္ကဌ အဖြစ်တင်မြှောက်ခံရ

Narinjara News

မလေးရှားနိုင်ငံတွင် ပြုလုပ်နေသော ရခိုင်ပြည် အမျိုးသားကောင်စီ ညီလာခံတွင် ရဟန်းတော် တပါးကို ပထမဆုံးအကြိမ် အဖြစ် ဥက္ကဌ အဖြစ်တင်မြှောက်လိုက်သည်ဟု စက်တင်္ဘာလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အဆိုပါ အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

အဆိုပါ ရဟန်းတော်မှာ အသျှင်အရိယ၀ံသ ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် သတင်းသုံးနေသော ရဟန်းတော် တပါး ဖြစ်သည်ဟု သိရသည်။

တခြားအရေးကြီးသော ဒု - ဥက္ကဌ နေရာကို ရခိုင်ပြည်ဒီမိုကရက်တစ် ပါတီမှ ဦးမောင်လူကြီးက ရရှိသွာပြီး ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီမှ ခိုင်မြ၀ါမှာ အထွေထွေ အတွင်းရေးမှူး အဖြစ် တင်မြှောက်ခံရသည်ဟု သိရသည်။

ထိုင်းနယ်စပ်တွင် လှုပ်ရှားနေသော ရခိုင်အလုပ် သမားသမဂ္ဂမှ ခိုင်လမင်းမှာ တွဲဘက် အတွင်းရေးမှူး ဖြစ်လာသည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်နိုင်ငံရေး အဖွဲ့အစည်း တခုတွင် ရဟန်းတော် တပါး ဥက္ကဌ ဖြစ်လာသည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဆရာတော် ဦးစိန္တာ၊ ဦးပညာသီဟတို့နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်သည်။

အဆိုပါ အေအန်စီ၏ ထုတ်ပြန်ချက်တွင် ယခုပြုလုပ်သော ညီလာခံမှာ ဒုတိယ အကြိမ်မြှောက် ညီလာခံဖြစ်သည်ဟု ဖေါ်ပြပြီး ညီလာခံသို့ အဖွဲ့ပေါင်း ၁၁ ဖွဲ့နှင့် လူပေါင်း ၇၅၀ တက်ရောက်ခဲ့သည်ဟု ဖေါ်ပြသည်။

ညီလာခံကို စက်တင်္ဘာလ ၂၀ နေ့မှ ၂၅ ရက်နေ့ထိ (၆) ရက်တိုင် ပြုလုပ်ခဲ့ကြသည်။

ညီလာခံတွင် နိုင်ငံရေး ဦးတည်ချက်များကို ချမှတ် အတည်ပြုခဲ့ကြပြီး အဆိုပါ ဦးတည်ချက်များမှာ ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ လွတ်လပ်ခွင့်၊ တန်းတူရေး၊ ဒီမိုကရေစီရေးနှင့် ရခိုင်စာပေ သမိုင်း ယဉ်ကျေးမူများကို ဖေါ်ထုတ်ရေး စသည်တို့ ဖြစ်သည်။

၎င်းပြင် နအဖ မှ ၂၀၁၀ ခုနှစ် ကျင်းပပြုလုပ်မည့် ရွှေးကောက်ပွဲသည် နိုင်ငံရေး ပြဿနာကို နိင်ငံရေးအရ ဖြေရှင်းခြင်း မဟုတ်ဟု သုံးသပ်ခဲ့ကြပြီး တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးနှင့် အမျိုးသားများ အခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်သည်ဟု ဖေါ်ပြသည်။

ယခုပြုလုပ်သော ရခိုင်ပြည်အမျိုးသားကောင်စီ ညီလာခံသို့ ပထမ အကြိမ် ညီလာခံမှ အေအန်စီ အထွေထွေ အတွင်းရေးမှူး အဖြစ် ရွှေးချယ် တင်မြှောက်ခံရသူ ဦးမောင်မောင်နှင့် သူ၏ အဖွဲ့မှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။

No comments: