Wednesday, September 23, 2009

ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ် နအဖဘက်က ရွှေ့ဆိုင်းထား

ခိုင်လင်း / ၂၃ စက်တင်ဘာ ၂၀၀၉

ရှမ်းပြည်နယ်၊ အထူး ဒေသ (၂)၊ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ခေါင်းဆောင် များနှင့် စစ်ဖက် ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယခုလ ဒုတိယ ပတ်အတွင်း ဝတပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံ ဆွေးနွေး မည့်အစီစဉ်ကို နအဖ ဘက်မှ ရွှေ့ဆိုင်း ထားသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအတွက် တာဝန်ယူထားသည့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဝခေါင်းဆောင်များအကြား ယနေ့အချိန်အထိ မတွေ့ဆုံနိုင်ဘဲ ဖြစ်နေသည်ဟု ပန်ဆန်းမြို့ရှိ ဝအရာရှိတဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ် ရဲမြင့် ဒီကိုရောက်မလာပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေနဲ့ မတွေ့ဖြစ်သေးပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေကတော့ တွေ့မှာပါ၊ သူတို့ဘက်က အဆင်သင့် မဖြစ်တာလို့ ယူဆစရာပေါ့လေ။ ဘယ်နေ့ကို တွေ့မယ် ဆိုတာတော့ ကျနော်တို့လည်း မသိသေးပါဘူး။ အစောပိုင်းကတော့ တွေ့မယ်ဆိုပြီး အကြောင်းကြားထားပါတယ်။ အဲဒါ ရောက်မလာတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁)၊ ကိုးကန့်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေးအခင်းများ နောက်ပိုင်း ဝတပ်ဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်မှ အင်အားဖြည့်တင်း တပ်ချမှုများ လုပ်ခဲ့ပြီးနောက် ဒေသအတွင်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့သည်။

ထို့အပြင် ဒေသအတွင်း လာရောက်စီးပွားရှာ အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသားများကို ဝတပ်ဖွဲ့က နှင်ထုတ်မှုများကြောင့် နှစ်ဘက်အကြား စစ်ရေးတင်းမာမှုရှိနေချိန်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသ အာဏာပိုင်များပါ ပါဝင်မည့်ဆွေးနွေးပွဲတခု ဖြစ်လာမည်ဟု အစောပိုင်းသတင်းများ ပေါ်ထွက်လာခဲ့သော်လည်း ယနေ့အထိ အကောင်အထည်မပေါ်သေးပေ။

“အချို့ကုန်သည်တွေလည်း ပြန်လာကြပါပြီ။ အခြေအနေက နည်းနည်းအေးသလိုတော့ ဖြစ်သွားပြီ။ ဒါပေမယ့် စစ်ရေးသတိတော့ အမြဲတမ်းရှိထားရမှာပေါ့လေ။ ကျူးကျော်လာမယ်၊ ရန်စလာမယ်ဆိုရင်တော့ ကျနော်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရမှာပေါ့” ဟု အဆိုပါ ဝအရာရှိက ပြောသည်။

ဝဒေသမြောက်ပိုင်း ဝတပ်ဖွဲ့ထိန်းချုပ်ရာဒေသများနှင့် နယ်မြေတဆက်တစပ်တည်းဖြစ်သည့် ဟိုပန်မြို့နယ်အတွင်းရှိ နအဖတပ်စခန်းများတွင် မိတ္တီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ရင်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွမ်းလုံစစ်ဗျူဟာ လက်အောက်ခံတပ်အချို့ ဆက်လက်တပ်စွဲထားသကဲ့သို့ ဝဒေသ အနောက်ဘက် သံလွင်မြစ်အနောက်ခြမ်းရှိ တန့်ယန်းမြို့နယ်အတွင်း ရမခလက်အောက်ခံ တပ်ရင်း (၉) ရင်း တပ်စွဲထားကြောင်း စစ်ဘက်နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

No comments: