Wednesday, September 23, 2009

မွန်ပြည်သစ်စခန်းအနီး KNU မိုင်းဒဏ်ကြောင့် နအဖတပ်ရင်းမှုးအနည်းငယ်ထိရှ

Kaowao

ယမန် နေ့က ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းပေါ်ရှိ သက်ကယ်ရွာ အနီးခြုံခို တိုက်ခိုက် ခံလိုက်ရသည့် အင်အား ၄၀ ခန့်ရှိ ခမရ ၃၅၅ စစ်ကြောင်း သည် ယနေ့နံက် ၇ နာရီ ခန့်တွင် တားဒိန်ရွာ (မွန်ပြည်သစ် ပါတီ တပ်တည်ရာ စခန်း) အဝင်ဝ၌ KNLA မှ ရှေ့ထွက်မိုင်း တစ်လုံးဖြင့် ဆက်လက် တိုက်ခိုက် ခဲ့ရာတပ် ရင်းမှုး ဒုဗိုလ်မှုးကြီး မင်းနိုင်ဦး နှင့် ရဲဘော် တစ်ဦး ဒဏ်ရာအနည်း ငယ်ထိရှခဲ့ သည်ဟု အဆို ပါစခန်းရှိ မွန်ပြည်သစ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါသည်။

KNU တပ်မဟာ ၆ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အဆိုပါမိုင်းဒဏ်ကြောင့် နအဖစစ်ကြောင်းမှ တစ်ဦးသေ၊ သုံးဦးဒဏ် ရာရရှိခဲ့သည်ဟုဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ ထိုသို့မိုင်းကွဲသည်တပြိုင်နက် စစ်အစိုးရတပ်မှ ရန်သူရှိသည်ဟုယူဆရသည့် တောစပ်နေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ၁၅ မိနစ်ကြာခန့် ပစ်ခတ်ခဲ့ပါသည်။ ရွာသားများလည်း ဘေးလွတ်ရာထင်သည့်ဖက်ဆီသို့ ထွက်ပြေးကြရသည်။ တား ဒိန်ဂိတ်မှုးက “အခုတော့ အခြေအနေတွေ ပုံမှန်အနေအထားကို ပြန်လည်ရောက်နေပါပြီ၊ ရွာသားတစ်ယောက်တစ် လေလည်း ဘာမှမဖြစ်ခဲ့ပါဘူး၊” ဟု ပြောပြခဲ့သည်။

တားဒိန်ရွာသည် အိမ်ခြေတစ်ရာကျော်ခန့်ရှိပြီး မွန်ပြည်သစ်ပါတီဝင်မိသားစုများ နေထိုင်နိုင်ရန်အတွက် စစ်အစိုးရ သတ်မှတ်ပေးထားသည့် တပ်တည်ရာစခန်းတစ်ခု ဖြစ်သည်။

ထိုသို့အခင်းဖြစ်ပွားခဲ့ပြီးနောက် ခမရ ၃၅၅ စစ်ကြောင်းသည် တားဒိန်စခန်း၌ ခေတ္တနားခိုကာ ဘုရားသုံးဆူအနီး၊ ချောင်းဆုံရွာဖက်သို့ လမ်းပြနှစ်ဦးခေါ်ယူကာ ဆက်လက်ထွက်ခွာသွားပါသည်။

“ ကျနော်တို့စခန်းမှာ ဒီလိုဖြစ်သွားရတာက မကောင်းပါဘူး၊ ကျနော်တို့နဲ့ မြန်မာစစ်တပ်အကြား နားလည်မှုတွေ လွဲမှားသွားနိုင်တယ်၊ အထက်လူကြီးတွေ နောင်ဒါမျိုးဖြစ်မလာဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပြောသင့်တယ်” ဟု ထိုဒေသကိုတာဝန်ယူနေရသော မွန်ပြည်သစ်ပါတီ အောက်ခြေတပ်မှုးတစ်ဦးက ပြောကြားခဲ့သည်။

KNU ပြောခွင့်ပုဂ္ဂိုလ်၏ အဆိုအရ ယခုအခင်းဖြစ်ပွားသည့်နေရာသည် မွန်ပြည်သစ်ပါတီစခန်းနှင့် နီးကပ်သည် ဆိုသော်လည်း တားဒိန်ချောင်း၏ အနောက်ဖက်ခြမ်းဖြစ်သဖြင့် မွန်ပြည်သစ်ဧရိယာနှင့် အနှောက်အယှက်ဖြစ်နိုင် စရာအကြောင်းမရှိဟု ဆိုပါသည်။

No comments: