Saturday, September 26, 2009

အယောင်ပြအချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင်းဖြင့် နိုင်ငံရေးပြဿနာများမှာ ပြေလည်သွားမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်

ဉာဏ်မောင်

နိုင်ငံရေး အကျဉ်း သားများ လွှတ်ရေးကို စေတနာ မပါဘဲ အယောင်ပြ အချိန်ဆွဲ နိုင်ငံရေး ကစားကွက်အဖြစ် အသုံး ချခြင်းဖြင့် မြန်မာ့ နိုင်ငံရေး ပြဿနာ များမှာ ပြေလည်သွား မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်း သားများ အဖွဲ့၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့က ပူးတွဲ သဘောထား ထုတ်ပြန် ကြေညာခဲ့သည်။


ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသားမှမဟုတ် မည်သည့်အကျဉ်းသားမဆို လူသားတယောက်အနေဖြင့် အချုပ်နှောင်မှ လွှတ်မြောက်လာသည့်အတွက် ဝမ်းသာမိသော်လည်း စစ်အစိုးရအနေဖြင့် နိုင်ငံသားအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည် ဆိုသည့် စကားသည် မျက်လှည့်ပြခြင်းတခုသာ ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်ဦးအပါအဝင် အကျဉ်းထောင်အသီးသီးမှ ထောင်ဒဏ်ချခံထားရသော နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးမှသာလျှင် တိုင်းပြည်နှင့် လူထုအပေါ် စိတ်စေတနာကောင်းထားရှိရာ ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်နေ့တွင် အကျဉ်းသား (၇၁၁၄) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဆိုသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ခဲ့သည်။

ယခုကဲ့သို့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနေသည့် တပြိုင်နက်တည်းမှာပင် စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားတက်ကြွသူများကို ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် နီးလာချိန်တွင် သံဃာတော်များကို ဖိအားပေးခြင်း ကန့်သတ်ခြင်းများ၊ ဖမ်းဆီးခြင်းများကို ဆက်လက် လုပ်ဆောင်နေလျက်ရှိသည်။

No comments: