Saturday, September 26, 2009

ကတ္တီပါလက်အိတ် ကျွတ်ကျသွားပြီးတဲ့နောက်

ဘွဲ့ဖြူ

အာဏာရှင်စနစ်ဆိုတာ ဉာဏ်ပညာနည်းပါးမှု၊ အမြင်တိုမှု၊ အတ္တကြီးမားမှုတို့အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်။ အာဏာရှင်စနစ်တွေထဲမှာမှ စစ်အာဏာရှင်စနစ်ဆိုတာက အခေါင်အချုပ်မို့ ဉာဏ်ပညာအနည်းပါးဆုံး၊ အမြင်အတိုဆုံး၊ အတ္တအကြီးမားဆုံး လူတွေရဲ့ အုပ်ချုပ်ရေးစနစ်လို့ ဆိုရမယ်။

ဖက်ဆစ်ဂျပန်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မြန်မာပြည်သူတွေ လိမ့်နေအောင် ခံစားနေကြရချိန်မှာ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ ရွာလွန်ရွက်တိုက်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ်နဲ့အတူ အစို့အညှောက် စထွက်လာခဲ့ပြီး ပြည်တွင်းစစ်ကာလအတွင်း လူလားမြောက်လာခဲ့ကာ ၁၉၅၈ မှာ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခဲ့တဲ့ မြန်မာစစ်အာဏာရှင်စနစ်ဟာ ၁၉၆၂ ခုနှစ်မှာ နိုင်ငံရေးဇာတ်ခုံပေါ် အပီအပြင် တက်လာခဲ့ချိန်ကစလို့ နောက်ထပ် (၂၆) နှစ်တိုင် ဘယ်လိုလောက်လောက်လားလား စိန်ခေါ်မှုမျိုးကိုမှ ရင်မဆိုင်ရဘဲ ပန်းပန်နိုင်ခဲ့တယ်။

ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့် အန္တရာယ်ဆိုတာကို အကြောင်းပြပြီး ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရကို ဖြုတ်ချဖယ်ရှား အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီအမည်ခံ မြန်မာစစ်အာဏာရှင် စနစ်ဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ အကြီးဆုံးရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ပေမယ့် ပြည်တွင်းကရော၊ ပြည်ပကပါ အဲဒီလုပ်ရပ် အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တာမျိုး မလုပ်ခဲ့ကြဘူး။

ဗိုလ်နေဝင်း အာဏာမသိမ်းမီမှာ အာဏာရ ပထစ အစိုးရအဖွဲ့အတွင်း ဦး၊ ဗိုလ်၊ သခင်ကွဲပြီး ညီညွတ်ရေး ပျက်ပြားနေတာ၊ အဓိကအတိုက်အခံဖြစ်တဲ့ တည်မြဲ ဖဆပလ အဖွဲ့ကလည်း ဗိုလ်နေဝင်းကို သူတို့လူလို့ ယူဆထားတာ၊ တတိယအင်အားစု ဖြစ်တဲ့ ပမညတ အဖွဲ့ရဲ့ ခေါင်းဆောင်အများစုကလည်း ဗိုလ်နေဝင်းကို တိုးတက်တဲ့ တပ်မတော်ခေါင်းဆောင်တဦး အဖြစ် ရှုမြင်ထားကြတာ၊ စာရေးဆရာ၊ သတင်းစာဆရာ … စတဲ့ ပြည်သူ့ နားမျက်စိတွေ အပါအဝင် ပြည်သူလူထုအများစုကြီး ကလည်း နိုင်ငံရေးခေါင်းဆောင်တွေအတွင်း အဆက်မပြတ် ပေါ်ပေါက်နေတဲ့ အကွဲအပြဲတွေကို စိတ်ပျက်နေကြပြီး လက်ရှိ သူတို့ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေတွေအပေါ် အားမလိုအားမရဖြစ်နေကြတာ၊ တိုင်းရင်းသားတွေအတွင်းမှာ လည်း ပင်လုံစာချုပ်ချုပ်စဉ်က သူတို့မျှော်မှန်းခဲ့ကြတဲ့ အခွင့်အရေးတွေ ဆယ်စုနှစ်တခု ကျော်လာတဲ့အထိ မယ်မယ်ရရ မရကြသေးလို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြတာ … စတဲ့ စတဲ့ အခြေခံအကြောင်းတရားတွေ ကြောင့် ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းအစိုးရ ပေါ်လာတဲ့အခါ ပြည်တွင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံခဲ့ကြတာ မဟုတ်သည့်တိုင်အောင် ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ထွက်မလာခဲ့တာဖြစ်တယ်။

မြန်မာပြည်မှာ ဗိုလ်နေဝင်းရဲ့ စစ်အစိုးရ ပေါ်ထွက်လာချိန်ဟာ ကမ္ဘာမှာ အမေရိကန်ဦးဆောင်တဲ့ အရင်းရှင်အုပ်စုနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ ကွန်မြူနစ်အုပ်စုအကြား စစ်ရေးကလွဲပြီး ကျန်တဲ့ အရေးအရာအားလုံးမှာ အပြင်းအထန် ပြိုင်ဆိုင်နေကြတဲ့ ‘စစ်အေး’ ခေါ် ‘လက်နက်အသင့်ငြိမ်းချမ်းရေး’ ခေတ် အရှိန်ကောင်းနေတဲ့ အချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ပေါ်ထွက်လာခဲ့တဲ့ ဗိုလ်နေဝင်းဟာ ပင်ကိုယ်က ပါးနပ်မှုရှိပြီး ဉာဏ်များတဲ့ မြင်းသမားတယောက်ဖြစ်တာနဲ့အညီ ဆိုရှယ်လစ်ပန်းတိုင်ကို လျှောက်လှမ်းမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆိုဗီယက်အုပ်စုကို မျက်စပစ်ထားလိုက်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်ပွဲဆက်လက်ဆင်နွှဲပြခြင်းဖြင့် အမေရိကန်အုပ်စုကို ထိန်းထားလိုက်တယ်။ လွတ်လပ်တက်ကြွတဲ့ ဘက်မလိုက်ကြားနေဝါဒဆိုတဲ့ မီးရှူးမီးပန်းပစ်လွှတ်ပြီး တတိယကမ္ဘာအုပ်စုနဲ့ ပလူးပလဲလုပ်ထားလိုက်တယ်။ ဒီလိုနဲ့ ဗိုလ်နေဝင်းရဲ့ စစ်အစိုးရဟာ ပြည်ပက လာနိုင်ဖွယ်ရှိတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကိုလည်း ရှောင်လွှဲနိုင်ခဲ့တယ်။

၆၂ က ၈၈ အထိ (၂၆) နှစ်တာကာလအတွင်း ဗိုလ်နေဝင်းရဲ့စစ်အုပ်စုဟာ ဘာပဲပြောပြော တရားဝင် အစိုးရတခုအဖြစ် ကမ္ဘာက မြင်နေအောင် လှည့်ဖြားလုပ်ဆောင်ထားနိုင်ခဲ့တယ်။ အခြေခံဥပဒေကို ပြည်သူတွေ ကိုယ်တိုင်ပါဝင်ရေးဆွဲတယ်ဆိုတာမျိုး၊ ပြည်သူတွေက တခဲနက် အတည်ပြုပြဋ္ဌာန်းတယ်ဆိုတာမျိုးတွေလုပ်ပြီး အာဏာသိမ်းစစ်အစိုးရအဖြစ်ကနေ အခြေခံဥပေဒအရ ရွေးကောက်တင်မြှောက်ခံရတဲ့ တရားဝင်အစိုးရအဖြစ် ပြည်တွင်းပြည်ပက အထင်ရောက်လာအောင် ကြီးကြီးမားမား အခက်အခဲမရှိဘဲ လုပ်ဆောင်အကောင်အထည် ဖော်နိုင်ခဲ့တယ်။

၁၉၇ဝ ပြည့်လွန်နှစ်တွေမှာ အလုပ်သမားနဲ့ ကျောင်းသားတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့ပေမယ့် ‘ငြိမ်ဝပ်ပိပြား’ သွားအောင် အင်အားအသုံးပြု နှိပ်ကွပ်နိုင်ခဲ့တယ်။ သူ့လက်ထက်မှာ နောက်ထပ်အင်အားစုတွေ အများအပြား ပေါ်ပေါက်လာခဲ့တာမှန်ပေမယ့် ဗိုလ်နေဝင်းဟာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုအားလုံးကို နယ်စပ်ဒေသတွေမှာပဲ ရှိနေအောင် ‘ထိန်းဟန့်’ ထားနိုင်ခဲ့တယ်။ သူ့ရဲ့အာဏာကို အခြိမ်းခြောက်နိုင်ဆုံးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း အခြေခံပင်မဒေသဖြစ်တဲ့ ပဲခူးရိုးမပေါ်က မောင်းထုတ်ပြီး မြန်မာပြည်အရှေ့မြောက်ပိုင်း တရုတ်ပြည်နဲ့ ကပ်နေတဲ့ နယ်စပ်ဒေသတွေမှာသာ လှုပ်ရှားနိုင်တော့တဲ့ အခြေအနေရောက်သွားအောင် ‘ကန့်သတ်’ ထားနိုင်ခဲ့တယ်။

ပထစ၊ ဖဆပလ၊ ပမညတ စတဲ့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကိုလည်း နည်းလမ်းမျိုးစုံသုံးပြီး အားနည်းချည့်နဲ့နေအောင် ပြုလုပ်ထားနိုင်ခဲ့တာမို့ ၆၂ က ၈၈ အထိ (၂၆) နှစ်တာကာလ အထူးသဖြင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းလွန်စ ကာလတွေဟာ ဗိုလ်နေဝင်းစစ်အုပ်စုအတွက် ‘ဒူးနှန့်’ နေနိုင်ခဲ့တဲ့ကာလတွေလို့ ဆိုရမှာဖြစ်တယ်။

အဲသလို ‘ဒူးနှန့်’ နေကြတုန်းမှာ ဗိုလ်နေဝင်းတို့အုပ်စုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ကြရတာဖြစ်တယ်။ နာဂစ်ဟာ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ လူသားတွေ မကြုံဖူးမကြားဖူးတဲ့ ပမာဏရှိတဲ့ မုန်တိုင်းကြီးဖြစ်တာကြောင့် မြန်မာပြည်သူတွေ အထိအနာကြီးနာခဲ့ကြရသလိုမျိုး ရှစ်လေးလုံးအရေးတော်ပုံကြီးဟာလည်း ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ လူသားတွေ မကြုံဖူးမကြားဖူးတဲ့ ပမာဏရှိတဲ့ လူထုအုံကြွမှုကြီးဖြစ်တာကြောင့် ဗိုလ်နေဝင်း စစ်အုပ်စုဟာ နိုင်ငံရေးအရ အထိအနာကြီးနာသွားခဲ့ရတယ်။ အထိအနာဆုံးအချက်ကတော့ မဆလဟာ အခြေခံဥပဒေအရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအရေခွံကို ခြုံထားတဲ့ စစ်အာဏာရှင်အစိုးရသာ ဖြစ်တယ်ဆိုတဲ့အချက် ကမ္ဘာ့အလယ်မှာ ဘွားဘွားကြီး ပေါ်ထွက်သွားခဲ့တဲ့အဖြစ်ပါပဲ။

အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း နဝတ ဆိုတဲ့ အမည်သစ်တမျိုးနဲ့ ပေါ်လာပြန်တဲ့ စစ်အုပ်စုဟာ ပြင်းထန်တဲ့ ပြည်တွင်းပြည်ပဖိအားတွေအောက်မှာ ၁၉၉ဝ ပြည့်နှစ်မှာ (မဲထည့်တဲ့ နေ့တနေ့တည်းမှာပဲ လွတ်လပ်တရားမျှတမှုရှိတဲ့) ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရပြီး အဲဒီရွေးကောက်ပွဲကတဆင့် မြန်မာပြည်သူတွေဟာ သူတို့ရဲ့ စစ်မှန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်ခဲ့ကြတယ်။

တကယ်တော့ ၉ဝ ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ အတွက်မှားမှုတခုသာဖြစ်တယ်။ ဒီအချက်ကို ဗိုလ်စောမောင်ရဲ့ ရွေးကောက်ပွဲမတိုင်မီ ပြောစကားတွေက သက်သေပြနေတယ်။ စစ်အုပ်စုဟာ အဲဒီအတွက်မှားမှုရဲ့ အကျိုးဆက်အဖြစ် ဧရာမပေးဆပ်မှုကြီးတခုကို ပြုလုပ်ခဲ့ရတယ်။ အဲဒါကတော့ သူတို့အတွက် အကြီးမားဆုံးရန်သူကို သူတို့ကိုယ်တိုင် လက်သည်လုပ် မွေးဖွားပေးလိုက်မိတဲ့အဖြစ်ပဲဖြစ်တယ်။ အဲဒီရန်သူဟာ သူတို့အာဏာရလာတဲ့ (၂၆) နှစ်လုံးလုံး တခါမှမတွေ့ဖူး၊ မမြင်ဖူး၊ မကြုံဖူးခဲ့တဲ့၊ သူတို့ကို ရာဇပလ္လင်ပေါ်က ဆွဲချနိုင်လောက်အောင် အင်အားခိုင်မာတောင့်တင်းတဲ့ ရန်သူဖြစ်တယ်ဆိုတာကို သူတို့ကောင်းကောင်းသိတယ်။

စစ်ရေးသေနင်္ဂဗျူဟာမှာ ခေတ်အဆက်ဆက် ဘယ်တုန်းကမှ မမှားခဲ့တဲ့ ထုံးနည်းဥပဒေသတခုကတော့ အင်အားကြီးတဲ့ ရန်သူကို တိုက်ခိုက်ဖို့ တတိယအင်အားစု များနိုင်သမျှများများနဲ့ မဟာမိတ်ဖွဲ့ပါဆိုတာပဲဖြစ်တယ်။ စစ်အုပ်စုဟာ ‘လျှောမွေး’ ဖြစ်မယ်အထင်နဲ့ အပိုင်တွက်ပြီး သူတို့ကိုယ်တိုင် လက်သည်လုပ် မွေးဖွားပေးလိုက်ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ပြီး အရှင်မွေးလာခဲ့တဲ့ သူတို့ရဲ့အကြီးဆုံးရန်သူကို တွန်းလှန်တိုက်ခိုက်ဖို့ နည်းလမ်းတွေရှာကြံရာမှာ ‘တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေးရယူခြင်း’ ဆိုတဲ့ နည်းပရိယာယ် ပေါ်ထွက်လာခဲ့ခြင်းပဲဖြစ်တယ်။ (၂၆) နှစ်တာကာလအတွင်း သူ့အာဏာတည်မြဲရေးအတွက် ဗိုလ်နေဝင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းနဲ့ ၉ဝ ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲပြီးစ ကာလလုပ်ရပ်တွေက တိုင်းရင်းသားအရေးအပါအဝင် ဘယ်အရေးမှာမှ စစ်အုပ်စုဟာ ရိုးသားဖြောင့်မတ်မှုမရှိကြောင်း ပေါ်လွင်နေတဲ့အတွက် အဲဒီ ‘ငြိမ်းချမ်းရေး’ ဆိုတာရဲ့ အန္တိမအရပ်ကို နိုင်ငံရေးနှံ့စပ်သိမြင်သူတွေက အဲဒီတုန်းကတည်းက အဲသလိုမြင်ခဲ့ကြတာဖြစ်တယ်။

အဲဒီတော့ အစကတည်းကမှ စစ်အုပ်စုက တိုင်းရင်းသားတွေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရချင်လို့ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မဟုတ်တာဘဲ။ ဒီအင်အားစုနှစ်ခုကြားမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရတာမဆန်းပါဘူး။ မျိုးစေ့မမှန် ပင်မသန်ဆိုသလို အခုမြန်မာစစ်အာဏာရှင်အုပ်စုနဲ့ ကိုးကန့်တော်လှန်ရေးအင်အားစုအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဟာ မလွဲမသွေ ဖြစ်ကိုဖြစ်ရမယ့် ယုတ္တိနိဂုံး Logical conclusion သာဖြစ်တယ်။

၁၉၈ဝ မှာ ဗိုလ်နေဝင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးကြတယ်။ ဆွေးနွေးပွဲဟာ နေ့မကူးခင် ပျက်ပြားသွားတယ်။ အကြောင်းကတော့ ဗကပ က အချက် (၃) ချက်တောင်းတယ်။ ပါတီတည်ရှိခွင့်ပြုရမယ်။ တပ်တည်ရှိခွင့်ပြုရမယ်။ နယ်မြေတည်ရှိခွင့်ပြုရမယ်။ မဆလ က တခုမှသဘောမတူဘူး။ အဲဒါကြောင့် ဆက်မဆွေးနွေးနိုင်တော့ဘဲ ပျက်သွားတာလို့ သိရတယ်။

၉ဝ ရွေးကောက်ပွဲအပြီး ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတာမှာတော့ စစ်အုပ်စုက တိုင်းရင်းသားအဖွဲ့တွေကို အဲဒီအချက် (၃) ချက်သာမက ပြည်တွင်းထဲဝင်ပြီး စီးပွားရေးလုပ်ခွင့်ဆိုတဲ့ စတုတ္ထအချက်ကိုတောင် ခွင့်ပြုထားသေးတယ်။ ဒီအခြေအနေက ဗိုလ်နေဝင်းနောက် မျိုးဆက်သစ် စစ်အာဏာရှင်တွေဟာ နိုင်ငံရေးအရ ဘယ်လောက် အားနည်းနေတယ်။ သူတို့ဟာ တရားဝင်မှုနဲ့ပတ်သက်ပြီး ဘယ်လောက်အင်အားကြီးမားတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတယ် ဆိုတဲ့အချက်တွေကို ပြသနေတယ်။

ဒါပေမယ့် အခုတော့ စစ်အုပ်စုဟာ သူတို့လုပ်ရင် ဘာမဆိုဖြစ်ပြီလို့ ယုံကြည်နေတာကြောင့် ဖြစ်ချင်ဖြစ်မယ် (Self confidence)၊ ဒါမှမဟုတ် မထူးတော့ဘူးလို့ တွေးလိုက်တာကြောင့် ဖြစ်ချင်ဖြစ်မယ် (desperate)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်ဆံရာမှာ သူတို့ဆယ်စုနှစ်နှစ်ခုနီးပါး ကတ္တီပါအိတ်နဲ့ စွပ်ထားခဲ့တဲ့ သံလက်သီးကို ထုတ်ပြလိုက်ပြီ။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် တိုင်းရင်းသားတွေနဲ့ တွဲကတဲ့အခန်းမှာ တောက်လျှောက်စွပ်ထားခဲ့တဲ့ မင်းသားခေါင်းဆောင်းကို ချွတ်ပြလိုက်တာမို့ သူ့ရဲ့ပင်ကိုယ်ဇာတိ ဘီလူးရုပ် ပေါ်ထွက်လာခဲ့ပြီဖြစ်တယ်။

တကယ်တော့ စစ်အုပ်စုဟာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့အစွယ်ဖွေးဖွေးကို စောစောပိုင်းကတည်းက အကြိမ်ကြိမ် ပြသခဲ့ပြီးဖြစ်တယ်။ ကေအန်ယူစည်းရုံးရေးနယ်မြေက အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေကို အငြိုးတကြီး ချေမှုန်းနေတဲ့ကိစ္စ၊ ကေအန်ယူ ကနေ ဒီကေဘီအေ ကွဲထွက်သွားစေခဲ့တဲ့ကိစ္စ၊ ဗိုလ်ချုပ်ဆေထင်၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို မချိမဆံ့ ထောင်ဒဏ်ကြီးတွေ ချမှတ်ခဲ့တဲ့ ကိစ္စတွေမှာ စစ်အုပ်စုရဲ့ မင်းသားခေါင်းဆောင်း အကြိမ်ကြိမ် ကျွတ်ကျခဲ့ဖူးပြီးဖြစ်တယ်။

ပြောရရင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ဆက်ဆံရာမှာ စစ်အုပ်စုဆောင်းထားတဲ့ မင်းသားခေါင်းဆောင်း ကျွတ်ကျခဲ့တာကတော့ ကြာခဲ့ပြီဖြစ်တယ်။ ဆဲဗင်းဇူလိုင်အရေးအခင်း ကတည်းကလို့ ဆိုရမယ်။ အခုမှ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေ အလှည့်ရောက်လာတာဖြစ်တယ်။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ဖြစ်နိုင်ရင် အမြစ်ဖြုတ်ချေမှုန်းရေး၊ အဲဒီအထိ မဖြစ်နိုင်သေးရင် နယ်စပ်ဒေသတွေမှာပဲ သူခိုးဓားပြအဖွဲ့တွေသာသာ အခြေအနေမျိုးမှာ ရှိနေစေရေးဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းမှာ မြန်မာစစ်အုပ်စုရဲ့ သေနင်္ဂဗျူဟာ အစိတ်အပိုင်းတခုဖြစ်တယ်။ ဒါကို အပစ်ရပ်အဖွဲ့တိုင်းရဲ့ ခေါင်းဆောင်တွေက မသိကြတာတော့မဟုတ်ဘူး။ အခြေအနေအရ လုပ်ခဲ့ကြရတာဖြစ်တယ်။

အခုတော့ အခြေအနေက ပြောင်းသွားပြီ။ စစ်အုပ်စုဟာ ကိုးကန့်အဖွဲ့နဲ့တင် ရပ်မှာမဟုတ်ဘူး။ သူ့ရဲ့ သေနင်္ဂဗျူဟာအတိုင်း ကျန်အဖွဲ့တွေကိုလည်း တခုပြီးတခု ဖြိုခွဲသွားမှာဖြစ်တယ်။ အဲဒီတော့ အပစ်ရပ်အဖွဲ့ရော အပစ်မရပ်အဖွဲ့ရော လုပ်စရာကလည်း တခုပဲရှိတော့တယ်။ အဲဒါကတော့ ကိုယ့်အလှည့်ရောက်လာမှာကို ထိုင်စောင့်မနေဘဲ ဘဝတူအချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်၊ လက်ချင်းတွဲပြီး ဘုံရန်သူ မြန်မာစစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် တွန်းလှန်ဖယ်ရှားမောင်းထုတ်လိုက်ကြဖို့ပဲဖြစ်တယ်။

No comments: