Wednesday, September 30, 2009

ဝန်ကြီး ဦးသောင်း အမေရိကန် အရာရှိနှင့် ဆွေးနွေး

ကိုထွေး Wednesday, 30 September 2009

သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဦးသောင်းနှင့် အမေရိကန် ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့ကမ့်ဘဲလ်တို့ နယူးယောက်မြို့တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရသည်။


ယခုတွေ့ဆုံမှုသည် ၁၉၈၈ ခုနှစ်တွင် အမေရိကန်က မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး လျှော့ချခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံကြား အဆင့်မြင့် အရာရှိများ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ နှစ်ဘက်စလုံးက ယခုအချိန်အထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

မြန်မာပြည်အပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒသစ်ကို ထုတ်ပြန် ကြေညာပြီး နောက်တနေ့တွင် ယင်းသို့ တွေ့ဆုံကြခြင်း ဖြစ်သည်။

အမေရိကန် အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို တနလာင်္နေ့တွင် ကြေညာခဲ့သည်။ မူဝါဒသစ်အရ မြန်မာ့ဒီမိုကရေစီအရေး တစုံတရာ ပြောင်းလဲတိုးတက်မှု မရှိသရွေ့ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး မြန်မာအစိုးရနှင့်လည်း တိုက်ရိုက် ဆက်ဆံသွားမည် ဟု ဆိုသည်။

တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၉၇ ခုနှစ်မှ စတင်၍ စစ်အစိုးရကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ စတင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း မြန်မာပြည် အပြောင်းအလဲကို ဆောင်ကြဉ်း မပေးနိုင်သည့် ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို အိုဘားမား အစိုးရက ပြန်လည် သုံးသပ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မူဝါဒသစ်ကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် ရုရှားနိုင်ငံတို့က စောင့်ကြည့်လျက် ရှိသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ခေါင်းဆောင်တဦးနှင့် တွေ့ဆုံခဲ့သော ဦးသောင်းသည် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့ပြင် မြန်မာပြည်ဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ သြဇာလွှမ်းရန် ကြိုးစားနေသော အမေရိကန် အရာရှိများနှင့်လည်း ရင်းနှီးသူ ဖြစ်ကြောင်း သိရသည်။

ဦးသောင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁) တွင် တက်ရောက်ခဲ့ပြီး နိုင်ငံရေး အရ သဘောထား တင်းမာသူအဖြစ် လူသိများသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပတ်လျှင် တကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးလေ့ ရှိသကဲ့သို့ မြန်မာပြည်တွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် အကြံပေးခဲ့သူလည်း ဖြစ်သည်ဟု သိရသည်။

ဦးသောင်းသည် နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ သွားရောက်ခဲ့သည့် မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သူတဦး ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဖြစ်သည်။

ယခင်က ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေး ၀န်ကြီး အဆင့် ရှိသူကသာ ဦးဆောင်လေ့ ရှိသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ နေပြည်တော်သို့ မကြာသေးမီက သွားရောက်ခဲ့သော အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်က ကုလသမဂ္ဂ ညီလာခံတွင် မြန်မာပြည်အပေါ် အရေးယူ ပိတ်ဆို့မှုများမှာ တရားမျှတမှု မရှိကြောင်း၊ မြန်မာစစ်အစိုးရက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

No comments: