Thursday, September 24, 2009

ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များကိုဖမ်းဆီးထားဟု နအဖသတင်းထုတ်ပြန်

မင်းနိုင်သူ / ၂၄ စက်တင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးခွင့်ပြု ချက်ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည် ၀င်ရောက် ခဲ့သော အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုညီညီအောင် နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်း အရုံး (AASYC) မှ ယူဂျီ များအား ဖမ်းဆီးရမိ ထားကြောင်း နအဖ စစ်အစိုးရက ယမန်နေ့တွင် သတင်း ထုတ်ပြန် ခဲ့သည်။

“ကိုညီညီအောင် ဟာ ပြည်တွင်း လှုပ်ရှားမှု တွေလုပ်ဖို့ ပြန်ဝင်လာ တယ်ဆို တာကို သူကိုယ်တိုင် ၀န်ခံထွက်ဆို တယ်လို့ မြန်မာ့ရုပ်သံ သတင်းမှာ မနေ့ညက ကြေညာ သွားတယ်” ဟု ရန်ကုန်မြို့ ခံတဦးက ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့သူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့်တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာ (၃) ရက်တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့်အစီအစဉ်ကိုလည်း ၎င်းက စီစဉ်ရေးဆွဲခဲ့ပြီး သံဃာ့လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ကူညီပံ့ပိုးရေးအတွက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ FDB အဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ် ဦးငွေလင်းက “ဒီဟာက နအဖရဲ့စွပ်စွဲချက်ပဲလို့ ကျနော်ပြောချင်တယ်။ နောက်တခုကတော့ ကျနော်တို့ FDB ရဲ့ ပေါ်လစီက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အနှံ့အပြားမှာပေါ်အောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ဖို့ပါ။ အဲဒီပေါ်လစီအရ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်နေတာရှိတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ပေါ်လစီမှာကို မရှိပါဘူး” ဟု ပြောသည်။

ကိုညီညီအောင်သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရဖူးသော နိုင်ငံရေးအကျဉ်းသားဟောင်း (၁) ဦးဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းတင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေး အခင်းအပြီးတွင် ထောင်ဒဏ် (၅) နှစ်ချမှတ်ခံထားရပြီး ၀မ်းကွဲညီမ မသက်သက်အောင်မှာ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချခံထားရသည်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအရာရှိများက စက်တင်ဘာ (၂၀) ရက်တွင် တွေ့ခွင့်ရခဲ့သော်လည်း အခြေအနေအသေးစိတ်ကို သံရုံးမှ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ကိုညီညီအောင်၏ ဖြစ်စဉ်နှင့်အတူ AASYC မှ ယူဂျီများကိုလည်း ဖမ်းဆီးထားကြောင်း ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြထားရာ ထိုအဖွဲ့အစည်းသည် ရခိုင်ပြည်နယ်အတွင်း အရေးကြီးအဆောက်အအုံများ၊ စီမံကိန်းများကို ဖျက်ဆီးရန်၊ ယူဂျီများမွေးမြူရန်နှင့် အဖွဲ့ရန်ပုံငွေရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ခြင်းပြုလုပ်ရန်၊ လက်နက်မှောင်ခိုလုပ်ရန်တို့ ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးလမ်းထောင့်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးမှုသည် AASYC ၏ လက်ချက်ဖြစ်သည်ဟုလည်း စွပ်စွဲထားသည်။

AASYC တွဲဖက်အတွင်းရေးမှူး ကိုထွန်းဇော်ကမူ ယင်းကိစ္စများမှာ နအဖစစ်အစိုးရ၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များသာ ဖြစ်ကြောင်း၊ အဖွဲ့၏သဘောထားမှာ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်သာဖြစ်ကြောင်း ပြောဆိုသည်။

ဦးငွေလင်းကလည်း “ကျနော်တို့ ဒီဘက် အတိုက်အခံအင်အားစုတွေ အပါအ၀င် လူထုကိုချစ်မြတ်နိုးတဲ့ ဘယ်သူမဆို လူထုကို သေကျေအောင် ဗုံးခွဲလိမ့်မယ်ဆိုတာ ကျနော်လုံးလုံးမယုံဘူး။ အဲဒါက စစ်အစိုးရကိုယ်တိုင်လုပ်တာ ဖြစ်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒီဘက်ကိုပုံချဖို့ရတာအတွက် လုပ်ကြံဇာတ်လမ်းဆင်တယ်လို့ပဲ ကျနော်တို့ ယူဆတယ်” ဟု တုံ့ပြန်ပြောဆိုသည်။

No comments: