Thursday, September 24, 2009

အမှတ် (၂) စစ်ဒေသမှူးနှင့် မြို့တော်ဝန်အခွင့်အာဏာ အားပြိုင်နေကြ

NEJ / ၂၄ စက်တင်ဘာ ၂၀၀၉

တောင် ဥက္ကလာပမြို့ နယ်အတွင်း အမှတ် (၂) စစ်ဒေသ မှူးက ထုတ်ပြန် ခဲ့သည့် နှုတ်မိန့်နှင့် ဆန့်ကျင်၍ မြို့တော်စည်ပင် သာယာရေး ကော်မတီက ခွင့်ပြုချက် တရပ် ချမှတ် ခဲ့ကြောင်း လုပ်ငန်းရှင် များက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကားဘော်ဒီအလုပ်ရုံ၊ ဆေးမှုတ်၊ အင်ဂျင်ပြုပြင်လုပ်ငန်းများအား လာမည့်အောက်တိုဘာ (၃) ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်း (သို့မဟုတ်) ပိတ်သိမ်းရန် အမှတ်(၂) စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး ခင်ဇော်က ပြီးခဲ့သည့် စက်တင်ဘာ (၁၇) ရက်တွင် မြို့နယ် မယကတွင် နှုတ်မိန့်ထုတ်ပြန်ခဲ့သည်။

ရုံးစာဖြင့် တရားဝင်ထုတ်ပြန်ခြင်း ရှိ မရှိ လုပ်ငန်းရှင်များကမေးမြန်းရာ အထက်အာဏာပိုင်၏ ညွှန်ကြားချက်ဟု ၎င်းက ဖြေကြားသွားခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စက်မှုဇုန်အသစ်များဖြစ်သည့် မှော်ဘီနှင့် ရွာသာကြီးမြို့နယ်များသို့ ပြောင်းရွှေ့ကြရန်လည်း စစ်ဒေသမှူးက ဆက်လက်ညွှန် ကြားသွားခဲ့သည်ဟု သိရသည်။

၎-၅ ပေ ရေ၀ပ်သည့် ရွာသာကြီးစက်မှုဇုန်သို့ လုပ်ငန်းများပြောင်းရွှေ့ရပါက မြေနေရာပေးသွင်းငွေထက် မြေဖို့ရမည့်တန်ဖိုးက ပိုပြီး မော်တော်ယာဉ်ပြုပြင်သည့် လုပ်ငန်းသဘာဝနှင့် စက်မှုဇုန်သစ်မြို့နယ်တို့သည် မိုင် (၂၀) ကျော် ဝေးကွာသည့်အတွက် မည်သို့မျှ အဆင်မပြေနိုင်ကြောင်း လုပ်ငန်းရှင်တို့က ပြောသည်။

ယင်းသို့ စစ်ဒေသမှူး၏ နှုတ်မိန့်ထွက်ရှိအပြီး မကြာမီ စက်တင်ဘာ (၂၂) ရက်တွင် တောင်ဥက္ကလာမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၏ လိုင်စင်သက်တမ်းများတိုးခွင့်ကို စည်ပင်သာယာ (အခွန်ဌာန) က ခွင့်ပြုလိုက်သည်။

ရန်ကုန်မြို့ စက်မှုလုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ပိုင်ခွင့်သည် စစ်ဒေသနှင့်မပတ်သက်၊ စည်ပင်သာယာရေးကော်မတီနှင့်သာ သက်ဆိုင်သည်ဟုဆိုကာ ယခုကဲ့သို့ သက်တမ်းတိုးခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့်ပြုသည့်ရက်သည် ပုံမှန်ဧပြီလအတွင်း၌ ဖြစ်သော်လည်း ယခုကတည်းက တောင်ဥက္ကလာပမြို့နယ်တွင် ခွင့်ပြုနေခြင်းဖြစ်သည်။

“စစ်ဒေသမှူးရဲ့ နှုတ်မိန့်ကို ကျမတို့ သိထားပါတယ်။ ဒါပေမယ့် ဘာညွှန်ကြားချက်မှ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ ဒါကြောင့် လိုင်စင်သက်တမ်းတိုးခွင့် ပြုနေခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်အခွန်ဌာန ၀န်ထမ်းတဦးက ပြောကြားသည်။

သင်္ကန်းကျွန်းမြို့နယ် မယက တာဝန်ရှိသူတဦးကမူ “လုပ်ငန်းရှင်တွေပြောင်းရွှေ့ဖို့ တရားဝင်စာ မ၀င်သေးပါဘူး။ ကျနော်တို့ မယက က ခွဲပြီး ထုတ်ပြန်တာဆိုတော့ မြို့နယ်စည်ပင်က ဘာမှမသိနိုင်ပါဘူး” ဟု ဖြေသည်။

မြောက်ဥက္ကလာစည်ပင်မှလည်း “ကျနော်တို့မြို့နယ်ကို မည်သည့်ညွှန်ကြားချက်မှ ရောက်မလာသေးပါ” ဟု ပြောသည်။

တောင်ဥက္ကလာပမြို့နယ် စက်မှုလုပ်ငန်းရှင်များကမူ ၎င်းတို့အား မြို့တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့်ပြုလိုက်ခြင်းသည် အမှတ် (၂) စစ်ဒေသမှူး၏ တရားဝင်ထုတ်ပြန်ခြင်းမဟုတ်သော နှုတ်မိန့်အပေါ် ခုခံချေပမှုတရပ်အဖြစ် အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

လွန်ခဲ့သော တနှစ်ကျော်ကလည်း ပြည်တွင်းမီဒီယာများ၌ “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ရုံးချုပ်) ရှေ့ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် (မဟာဗန္ဓုလပန်းခြံဘေး) တို့၌ ညဈေးတန်းဖွင့်ရန် ရန်ကုန်မြို့တော်ဝန်မှ ခွင့်ပြု” ဟူသောသတင်း တခမ်းတနားပါရှိခဲ့သည်။

အဆိုပါခွင့်ပြုမိန့်ကို ရန်ကုန်မြို့တော်၏ လုံခြုံရေးအကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ ပယ်ချခဲ့သည့် သာဓကများ ရှိခဲ့သည်။

No comments: