Saturday, September 26, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

(၉၄)
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) ဧည့်ရိပ်သာ။

နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်သည် ပြည်တွင်း ပြည်ပရှိ သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံပြီး မိန့်ခွန်းရှည်ကြီးအား ပေး၍ နေ သည်။

“ကျနော် ဒီနေ့ နိုင်ငံတော်အာဏာကို ယူတဲ့အခါမှာ ကျနော်လုပ်ချင်တာကို လုပ်သွားတယ်ဆိုတာကို မဖြစ်စေရဘူး။ ကျနော် စည်းနဲ့စနစ်နဲ့ လုပ်သွားတယ်ဆိုတာကို လွှတ်တော်ပေါ်ပေါက်လာရင်၊ ရွေးကောက်ပွဲပြီးရင် ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။ ဘာတခုမှ တိုင်းပြည်ကို မလိမ်ဘူး။ အရင်တုန်းကလည်း လိမ်တဲ့အကျင့် မရှိဘူး။ တပ်မတော်ဟာ လိမ်တဲ့အကျင့် မရှိဘူး။ တပ်မတော်ဟာ တော်လှန်ရေးကောင်စီနဲ့လည်း မတူဘူး။ မတူပါဘူး။ ဘယ်လို မတူသလဲ။ တော်လှန်ရေးကောင်စီက နောက်က လမ်းစဉ်ပါတီထောင်တယ်။ ကျနော့်မှာ (Party Back) ပါတီ မရှိဘူး။”

“ကျနော် အာဏာကို ဥပဒေနဲ့အညီ လွှဲမယ်။ (Majority vote government form up) လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ ကျနော် ဘာငြင်းစရာ ရှိသလဲဗျာ။ ကျနော် ဒီမှာ လွှဲပေးရမှာပေါ့၊ ဖွဲ့လေ၊ ဖွဲ့လို့ရရင် လွှဲရုံပေါ့။ ဘယ် (Constitution) ကို ယူမလဲ။ နိုင်ငံတခုရှိရင် အစိုးရတခု ရှိရမယ်။ သူ့မှာ အခြေခံ (Constitution) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိရမယ်။ ဘယ်ဟာကို (recognize) လုပ်မလဲ။ (amendment) လုပ်မလား၊ဘာညာ … ဒါတွေကတော့ပါတီတွေ စဉ်းစားရမယ့် ကိစ္စဗျ” ပြောရင်းနှင့် အနီးရှိ စာအုပ်များကိုလည်း ဆွဲယူပြီး ထောင်၍ ပြ၏။

ပြရင်းနှင့်……. “ဒီထဲမှာပါတယ်။ …ရှာဖတ်ကြည့်….” ဟူ၍လည်း စာအုပ် အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်ကဲ့သို့ အမူအရာနှင့် သတင်းစာဆရာကြီးများမှတဆင့် ပြည်သူလူထုကြီးသို့ ပြော၍နေ၏။ စကားများက ဟိုရောက်၊ ဒီရောက် ….။ ဆက်စပ်ပြီးနားလည်ရန် အတော်ကြိုးစားရ၏။ ပြီးလျှင် ….. ‘တပ်မတော်သည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၏ သြဇာခံမဟုတ်’ ကြောင်းနှင့် ကိုယ့်လုပ်ငန်းတာဝန်အား ထမ်းဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟုလည်း ရှင်းပြနေပြန်၏။

ဒီမိုကရေစီ တည်ဆောက်ချင်ရင် (Confrontation) နည်းနဲ့လုပ်ရင် သိပ်မှားသွားမှာပေါ့…..ဟူ၍လည်း ခနဲ့တဲ့တဲ့နှင့် မိန့်ခွန်းချွေ၏။ ထိပ်တိုက်ရင်ဆိုင်ခြင်း၊ အာဏာဖီဆန်ခြင်း ဆိုသည်မှာလည်း မလုပ်အပ်ကြောင်း တားမြစ်နေပြန်သည်။ အဆုံးတွင် …..NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား ‘မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ’ ဆိုသည့် အာဏာဖီဆန်ရေးလမ်စဉ်မှာ သိပ်မှား၍ ဆက်မလုပ်ရန်နှင့် ဆက်ပြီးလုပ်ပါက အာဏာစက်နှင့် အရေးယူ ရမည်ဖြစ်သည်ဟုလည်း ပြောသည်။

နောက်တနေ့…ပုဇွန်တောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ဟောပြောပွဲတွင်မူ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကြီး စောမောင်၏ မိန့်ခွန်းရှည်ကြီးနှင့် ပတ်သက်၍ သူမ၏ အမြင်အား ထုတ်ပြော၏။

“နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်က မိန့်ခွန်း တော်တော် ရှည်ရှည်ပဲ ပြောသွားပါတယ်။ ဒီမိန့်ခွန်းကို ကျမပြန်ပြီးတော့ သုံးသပ်လိုက်တဲ့ အခါကျတော့ ဘာတွေပေါ်လာသလဲဆိုတော့…။
နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီး စောမောင်တို့ အနေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ခြင်းကို မယုံကြည်ဘူးဆိုတာ ပြပါတယ်။ ဒါကိုတော့ ကျမတို့ ကန့်ကွက်ပါတယ်။

နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ ညှိနှိုင်း ရမယ်။ ဆွေးနွေး ရမယ်။ တိုင်ပင် ရမယ်။ ဒါမှလည်း ပြည်သူလူထု မနာဘူးပေါ့။ နောက်တခုကလည်း ကျမတွေ့ခဲ့ ရတာကတော့ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ခြိမ်းခြောက်တာ ပါတယ်လို့ ကျမ မြင်ပါတယ်။ ဒီလို ခြိမ်းခြောက်တယ်ဆိုတာ နည်းနည်းမှ မသင့်တော်ပါဘူး။ ဒို့ဘက်မှာ လက်နက်ရှိလို့ သုံးချင်တိုင်း သုံးနိုင်တယ်လို့ ပြောတဲ့သဘောဟာ နည်းနည်းမှ မသင့်တော်ပါဘူး။ ဒါဟာ အစိုးရအနေနဲ့ သုံးသင့် သုံးထိုက်တဲ့ စကားလုံးများလည်း မဟုတ်ပါဘူး။ ပြောသင့် ပြောထိုက်တဲ့ ကိစ္စများလည်း မဟုတ်ပါဘူး။ ထားသင့် ထားထိုက်တဲ့ သဘောထားများလည်း မဟုတ်ပါဘူး”

“ဒုတိယ ကိစ္စကတော့ ကျမတို့ အဖွဲ့ချုပ်ဟာ ထိပ်တိုက် တွေ့ချင်တယ်။ Confrontation ဆိုတဲ့ စကားလုံးကို ဗိုလ်ချုပ်ကြီး စောမောင်က သုံးသွားပါတယ်။ ဒါလည်း ကျမ ရှင်းပြ ရပါလိမ့်မယ်။ Confrontation ဆိုတာ ထိပ်တိုက် တွေ့ချင်တယ်ဆိုတဲ့ သဘောနဲ့ ဗိုလ်ချုပ်ကြီး စောမောင်က ရှင်းပြ သွားပါတယ်။ ကျမတို့အနေနဲ့ ဒီလိုမမြင်ပါဘူး။ ကျမတို့ဟာ ထိပ်တိုက် တွေ့ချင်တာ မဟုတ်ပါဘူး။ ကျမတို့ဟာ ပြဿနာများကို ရင်ဆိုင် ပြီးတော့သာ ဖြေရှင်းချင် တာပါလို့ ကျမ ပြောပါတယ်”

“အာဏာဖီဆန်ရေးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီး စောမောင်က ကျမကို မလုပ်ပါနဲ့လို့ ပြောပါတယ်။ ကျမ ဒီကနေ ပြန်ဖြေ ရပါမယ်။ ကျမတို့ကို အာဏာဖီဆန်ရေး မလုပ်စေချင်လို့ရှိရင် တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ပါနဲ့။ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ရင် ကျမတို့ ဘယ်အမိန့်အာဏာမှလည်း ကျမတို့ ဖီဆန်ဖို့လိုမှာ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ၊ ပြည်သူ လူထုရဲ့ အခွင့်အရေးတွေကို ထိုးနှက်နေတဲ့ အမိန့်အာဏာတွေ ထုတ်ထားလို့ ကျမတို့ ဖီဆန်ဖို့ တာဝန် ရှိပါတယ်”

“ဗိုလ်ချုပ်ကြီး စောမောင်ကတော့ ရွေးကောက်ပွဲများကို လုပ်ပေးချင်တယ်လို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းရဲ့ သြဇာအာဏာကို မလွန်ဆန် နိုင်လို့သာ အခုအခြေအနေဟာ တိုးတက်မှု မရှိတာလို့ ထင်ပါတယ်လို့ ကျမ ပြောခဲ့ပါ တယ်။ ဒါ ကျမ ထင်တဲ့အတိုင်း မှန်မှန်ကန်ကန် ပြောတာပါ။ ဒီတော့ ဗိုလ်ချုပ်ကြီး စောမောင်ကို ကျမ စော်ကားတာ လည်း မဟုတ်ပါဘူး။ ကျမ နားလည် ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်တို့အတွက် ဦးနေဝင်း ဆိုတာကတော့ ငယ်ကြောက် သဘောမျိုး ဖြစ်နေတယ် ဆိုတာ ကျမ နားလည်ပါတယ်”


(၉၅)

တိုက်ဆိုင်မှုက စနစ်တကျ စီစဉ်ထားသည့်အလား…..။

ဗိုလ်ချုပ်ကြီး စောမောင်မှ မိန့်ခွန်းရှည်ကြီး ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာဖီဆန်ရေး မလုပ်ရန်၊ ထိပ်တိုက် ရင်ဆိုင်မှုများအား ရှောင်ကြဉ်ရန် သတိပေး ခြိမ်းခြောက်ခဲ့သည့် နေ့တွင်ပင် ….. သခင်စိုး (ကွယ်လွန်၊ ယခင် အလံနီ ကွန်မြူနစ်ပါတီ) ၏ ‘ ညီညွှတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ’ မှ ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံသို့ အိတ်ဖွင့် ပေးစာတစောင် ရေးသား ပေးပို့လိုက်၏။

“၎င်းတို့ ပါတီအနေဖြင့် (၁၉၄၇-၇၀) ကာလအတွင်း ပါတီ၏ မဟာအမှားတော်ပုံကြောင့် နိုင်ငံတော်အပေါ်တင်ရှိခဲ့သည့် အမှားကြွေး” အား ပြန်လည် ပေးဆပ်ရန် တာဝန်ရှိကြောင်း ၎င်းတို့ပါတီသည် အမြဲတမ်း ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင် ခဲ့ရာတွင် အတွေးအခေါ်၊ သဘောတရား၊ စည်းရုံးရေး၊ လက်တွေ့ပိုင်းများအရ ဘက်ပေါင်းစုံမှ လူထုအတွင်း ချခင်း ဆန့်ကျင် ခဲ့ကြောင်း၊ ၎င်းတို့ပါတီ၏ “အယူဝါဒ အမှားနှင့် လက်တွေ့ လုပ်ငန်းစဉ် အမှား” များ။

ကာယကံ၊ ဝစီကံ၊ မနောကံမြောက် ထိပ်တိုက် ရင်ဆိုင်၊ အကြမ်းဖက် ဆောင်ရွက်ခဲ့ပုံများကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် သင်ခန်းစာယူစေလိုကြောင်း၊ ၎င်းတို့၏ (၁၉၄၆-၄၈) ကာလ၏ အမှားမျိုးများကို ယနေ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆောင်ရွက် မိမည်ကို အထူးစိုးရိမ်မိကြောင်း ဖော်ပြ ပါရှိ၏။ နဝတ က ရောင်စုံ နည်းလမ်းများဖြင့် အဖွဲ့ချုပ်၏ အာဏာဖီဆန်ရေး လမ်းစဉ်အား တားဆီးနိုင်ရန် လုံ့လထုတ်၍ နေလေသည်။


(၉၆)
ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးနှင့် ပတ်သက်၍ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျ၊ ကိုကျော်ကျော် (ကဗျာဆရာ မောင်လွမ်းဏီ) တို့နှင့် ဒေါ်အောင် ဆန်းစုကြည် တွေ့၏။ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပင် တွေ့ဆုံ၍ ဆွေးနွေးကြခြင်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အခမ်းအနားများအား ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင်ပင် ပြုလုပ်ကျင်းပ သွားရန်ဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဦးစီးကျင်းပမည့် ဇူလိုင်လ ၇ ရက်နေ့ အထိမ်းအမှတ် အခမ်းအနားများကိုမူ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားရန် သဘောတူကြ၏။

NLD ရုံးချုပ်တွင် ကျင်းပမည့် အခမ်းအနားသို့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ခေါင်းဆောင်တဦး လာရောက်၍ ဟောပြောပေးရန် ဒေါ်အောင်ဆန်းစုကြည်က ကိုအောင်ဇေယျအား ပြောသည်။ ကိုအောင်ဇေယျမှလည်း လာရောက်၍ ဟောပြောပေးမည့်အကြောင်း ကတိပေး၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်းစုကြည်အား လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဌာနချုပ်၌ ပြုလုပ်မည့် ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားသို့ လာရောက်၍ ဟောပြောပေးပါရန် ဖိတ်ခေါ် ၏။ ဒေါ်အောင်ဆန်းစုကြည်မှ အားရ ရွှင်လန်းစွာနှင့် လာရောက်မည့် အကြောင်း ပြောသည်။

ထိုစဉ်က ….. လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတွင် ….. ကိုအောင်ဇေယျက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနှင့် ကိုရဲနိုင်အောင် ဦးဆောင်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟူ၍ နှစ်ဖွဲ့၊ နှစ်ခြမ်း ကွဲ၍နေသည့် အချိန်ဖြစ်သည်။

“အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်” စာတမ်းနှင့် “ကြိုးမဲ့လေတံခွန်” စာတမ်းတို့မှ စခဲ့သည့် “အမြင်၊ အတွေး” ကွဲပြားမှုများက …. လူငယ်မျိုးဆက်သစ် အင်အားသစ်အတွင်း ညီညွှတ်မှု ပြိုကွဲရေးဆီသို့ ရှေးရှုလာခဲ့ပြီး အဆုံး၌မူ ….. DPNS (အောင်) DPNS (ရဲ) ဟူ၍ …ဖြစ်လာ၏။ ထားတော့…..။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားများအား ….. တက္ကသိုလ် ရိပ်သာလမ်းရှိ ဌာနချုပ်ရုံးတွင်လည်း ကျင်းပ၏။ ပြီးလျှင် ….. ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးနှင့် မြို့နယ်ခွဲရုံးများတွင်လည်း ကျင်းပ၏။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်၊ တရက်တည်းမှာပင် အချိန်ခွဲ၍ ကျင်းပ၏။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှိ ဟောပြောပွဲ ခန်းမက ရုံးဘေး ကွက်လပ်တွင်ပင် ‘ဓနိမိုး၊ ဝါးထရံကာ’ နှင့် တဲဝိုင်းကြီးထိုးပြီး ခန်းမ ပြုလုပ်ထားခြင်း ဖြစ်၏။

တဲဝိုင်း ခန်းမကြီးအတွင်း၌က အခမ်းအနား တက်ရောက်ကြသည့် သူများနှင့် ပြည့်ပြည့်သိပ်သိပ်…..။ အဖွဲ့ချုပ်ရုံး ရှေ့တဖက် ပလက်ဖောင်းထက်နှင့် တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်တွင်လည်း စစ်သားများက မဲမဲလှုပ်လှုပ်….။ မောင်းပြန် သေနတ်တို့နှင့် အသင့်…..။ ဘက်နက်ရောင်က နေရောင်နှင့် တလက်လက်….။ စစ်သားများ တင်ဆောင် ထားသည့် TE -11 စစ်ကားကြီးများကလည်း ရန်ကုန်မြို့၏ လမ်းမများအထက်၌ ဟိုမှ …သည်သို့ …လှည့်ပတ်၍ မောင်းနေကြ၏။

အခမ်းအနားမှူးက အခမ်းအနား အစီအစဉ်များအား ဖတ်ကြား၍ နေသည်။ သဘာပတိအဖွဲ့ဝင်များ အသီးသီးနေရာ ယူကြ၏။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံတွင် ကိုယ်တိုင် ပါဝင်တိုက်ပွဲ ဝင်ခဲ့သည့် ဆရာဦးလေးမြင့်၊ ဦးတင်မောင်ဝင်း (ကွယ်လွန်၊ ခရမ်းမြို့နယ် မဲဆန္ဒ နယ်မြေ အမှတ် ၂ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)၊ ကိုသိန်းဇော် (DPNS) တို့ သဘာပတိ အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသော နေရာများ၌ အသီးသီး နေရာယူကြ၏။

နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ခန်းမအတွင်းသို့ ဝင်လာ၏။ သူမအတွက် သတ်မှတ်ထားသည့် သဘာပတိ နေရာသို့ ရှေးရှု၍ လျှောက်လှမ်းလာခဲ့၏။ ဒေါ်အောင်ဆန်းစုကြည် ခန်းမအတွင်းသို့ ဝင်လာသည်နှင့်လက်ခုပ်သံများက တဲဝိုင်းကြီးအတွင်း ကျယ်ကျယ် လောင်လောင် မြည်ဟီး၍ သွား၏။ ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်များအား လက်ဝှေ့ယမ်း၍ နှုတ်ဆက်သည်။

အခမ်းအနား အစီအစဉ်များအတိုင်း အခမ်းအနားအား ကျင်းပ၏။ အခမ်းအနားမှူးက ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းစကား ပြောကြားပေးပါရန် ဖိတ်ခေါ်ကြေညာ၏။လက်ခုပ်သံများက ဝေါကနဲစီ၍ ဆူညံသွား၏။ ဒေါ်အောင်ဆန်း စုကြည်က.......

“၁၉၆၂ ကျောင်းသားများကို ပစ်သတ်ခြင်း၊ ကျောင်းသားသမဂ္ဂကို ဖြိုခွဲခြင်း၊ မဖြစ်ခင်မှာ ကျောင်းသားများဟာ အဲ့ဒီတုန်းက စစ်အာဏာပိုင်များနဲ့ ဆွေးနွေးပါ။ ညှိနှိုင်းပါဆိုပြီးတော့ တောင်းဆိုခဲ့တယ်။ ဒါကိုလည်း ငြင်းခဲ့တယ်။ ဒီစစ်အာဏာပိုင်များဟာ ကျောင်းသားများနဲ့ ကျောင်းသားသမဂ္ဂအရေးကို ဖြေရှင်းတဲ့နေရာမှာ Aid to Civil Power လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျဉ်းများကို မလိုက်နာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ အဲ့ဒီတော့ ဖြေရှင်းတဲ့နည်း၊ ညှိနှိုင်းတိုင်ပင်တဲ့နည်းကို ငြင်းဆန်ခဲ့တာ Aid to Civil Power ဆိုတဲ့ တပ်မတော်တခုအနေနဲ့ ထိန်းသင့်ထိန်းထိုက်တဲ့ စည်းကမ်းတွေကို မထိန်းခဲ့တာကတော့ ဦးနေဝင်းပဲ။

ကျမ ဒီလိုပြောနေရခြင်း အကြောင်းဟာ ဦးနေဝင်းကို သက်သက်ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ အခု ပစ္စုပ္ပန်မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်နေလို့ပါ။ တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ဟာ မိန့်ခွန်း ပြောသွားပါ တယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ Aid to Civil Power ဆိုတာ သူအယုံအကြည်မရှိဘူး ဆိုတာကိုလည်း ပြောသွားပါတယ်။ ဒီ့အပြင် ညှိနှိုင်း ဆွေးနွေးတိုင်ပင်ခြင်းကို မလိုလားဘူးဆိုတဲ့ သဘောထားကိုလည်း ဖော်ပြသွားပါတယ်။ အဲ့ဒီတော့ အဲ့ဒီသဘောထားတွေဟာ ဦးနေဝင်း သဘောထားတွေနဲ့ တထပ်ထဲပါပဲ။

အခုအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဘယ်လိုပဲ ဦးနေဝင်းဟာ အငြိမ်းစားသွားပြီလို့ပြောပြော ဦးနေဝင်းလုပ်မယ့် အတိုင်း ဆက်ပြီးလုပ်မယ်ဆိုလို့ရှိရင် ဦးနေဝင်းရဲ့ အာဏာအောက်မှာ ရှိတယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ပြည်သူ လူထုနဲ့ ကျောင်းသားလူငယ်များကို လက်နက်နည်းနဲ့ ဆက်ပြီးတော့ ချေမှုန်းဦးမယ်။

ထိခိုက်ဦးမယ် ဆိုလို့ရှိရင်တော့ လည်း ဦးနေဝင်းရဲ့ အမိန့်အရ လုပ်တယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ဒီတော့ နဝတ အစိုးရအနေနဲ့ တကယ်ပဲ ဦးနေဝင်းရဲ့ သြဇာအာဏာ အောက်ကနေပြီးတော့ လွတ်ကင်းတယ်ဆိုတာ ပြချင်လို့ရှိရင် ဦးနေဝင်းနည်းတွေကို ဆက်ပြီး တော့ မသုံးပါနဲ့တော့။ သမဂ္ဂကို ဖြိုခွဲခဲ့တဲ့ ဦးနေဝင်း၊ ကျောင်းသားများကို သတ်ဖြတ် ခဲ့တဲ့ ဦးနေဝင်းရဲ့ နည်းတွေကို လုံးလုံးဆက်ပြီးတော့ မသုံးပါနဲ့တော့ဆိုပြီးတော့ ကျမတို့ ဒီကနေ ဆက်ပြီးတော့ တောင်းဆိုရမှာပဲ။

ဒါ နိုင်ငံရေးအရ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာ ညှိနှိုင်း ဆွေးနွေးတိုင်ပင်တဲ့ နည်းပါ။ ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်၊ တိုင်ပင်တယ်ဆိုတာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အရှုံး အနိုင်ရှာတဲ့ ပွဲမဟုတ်ပါဘူး။ ပြည်သူလူထုအတွက် အကောင်းဆုံး အဖြေရှာတဲ့ပွဲ ဖြစ်ပါတယ်။”


(၉၇)

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်….။
အမှတ် ၁၆၃ ၊ အနော်ရထာလမ်း၊ ပန်းပဲတန်း မြို့နယ်….။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဌာနချုပ်….။

ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားကျင်းပရန် ပြင်ဆင်၍ နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် လူဘောင် သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျတို့ ဆွေးနွေး တိုင်ပင်ထားမှုအရ …. ဇူလိုင်လ ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားများအား NLD မှ ဇူလိုင် ၇ ရက်နေ့မှာပင် ပြုလုပ် ကျင်းပမည်ဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကမူ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ဖြစ်သည်။

အခမ်းအနား ကျင်းပမည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရုံး တည်ရှိရာသို့ လူထုက အစုလိုက်၊ အစုလိုက်….. အုပ်ဖွဲ့၍ လာနေကြသည်။ အချို့ကား ….. အနော်ရထာလမ်းမထက်တွင် …. အချို့က ဆူးလေလမ်းမထက်၌….။ လူထုကြီးနှင့်အပြိုင် ….. စစ်သားများ တင်ဆောင်ထားသည့် TE-11 စစ်ကားကြီးများကလည်း အုပ်စုဖွဲ့၍ တစီးပြီးတစီး ဆူးလေလမ်းမတလျှောက် …. နေရာယူထားကြ၏။

လူထုကလည်း လိမ့်၍ လိမ့်၍ လှိုင်းလုံးများအလား ချီတက်၍ လာနေကြ၏။ အားလုံးက ငြိမ်ငြိမ်သက်သက်နှင့် အေးဆေးတည်ငြိမ်စွာနှင့် လုပ်ဆောင်သင့်သည့် သမိုင်းတာဝန် တရပ်အား ထမ်းဆောင် နေကြသကဲ့သို့… မျက်ဝန်း များက … ပူပင်မှုလည်း မရှိ….. စိုးရိမ်မှုလည်း မရှိ…… ရန်လိုမှု လည်း မရှိ…. တည်ငြိမ်ရင့်ကျက်စွာနှင့် ချီတက်၍ စုဝေးနေကြ၏။ စစ်သားများကမူ …… စစ်ကားကြီးများပေါ်မှ ပစ်ခတ်ရန် အသင့်နှင့် လူထုကြီးအား ရင်ဆိုင်နေကြ၏။

အနော်ရထာလမ်းနှင့် ဆူးလေလမ်းမကြီးက ခဏငယ်အတွင်း လူပင်လယ်ကြီးသဖွယ်…။ လူထုက လမ်းမများထက်၌ ဖွေးဖွေးလှုပ်လှုပ်…။ မကြာ….။

“ဟေး …..”

ဟူသည့် ကြွေးကြော်သံကြီးက …ရန်ကုန်မြို့လယ် ဆူးလေဘုရား လမ်းမထက်မှနေ၍ တော်လည်းသံကြီးအလား တုန်ဟီး၍ ထွက်ပေါ်လာ၏။ ပြီးလျှင် ……

‘အရေးတော်ပုံ…..အောင်ရမည်’
‘အရေးတော်ပုံ…..အောင်ရမည်’
‘အရေးတော်ပုံ…..အောင်ရမည်’

ကြွေးကြော်သံများအား ဟစ်ကြွေးကြ၏။ လက်ခုပ်တီး သြဘာပေးသံများမှာလည်း မုန်တိုင်း တိုက်ခတ်နေသကဲ့သို့ မြည်မြည်ဟီးဟီး…..။

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ကြိုဆိုကြသည့် လူထုကြီး၏ အသံများက အတောမသတ်တော့….။ ဒေါ်အောင် ဆန်းစုကြည်တို့၏ ကားအား ဆူးလေ ဘုရားလမ်းဘေး၌ပင် ရပ်ခဲ့ပြီး….. လူထုကြီးအတွင်းမှ တလှမ်းချင်းဖြတ်ခါ …. လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရုံးရှိရာသို့ လျှောက်ခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ….သားကြီးဖြစ်သူ (ကို) မြင့်ဆန်းအောင်လည်း ပါ၏။

အခမ်းအနားအား စ၏။ လူထုနှင့်ကျင်းပသည့် အခမ်းအနား….။ နှစ်ပေါင်း ၂၇ နှစ်အတွင်း ပထမဦးဆုံးသောလွတ်လွတ် လပ်လပ် ကျင်းပနိုင်သည့် ဇူလိုင် ၇ ရက် အထိမ်းအမှတ်အခမ်းအနား…..။

ဒီမိုကရေစီ မဟာမိတ်များအဖွဲ့မှ ဗိုလ်အောင်နိုင်….၊ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျ၊ ကိုဂျင်မီ (ကျော်မင်းယု) တို့ အသီးသီး လူထုအား စကားပြော၏။ သစ္စာပြုကြ၏။

ကိုအောင်ဇေယျက …..‘ မောင်းပြန်ကို ၊ ဒေါင်းအလံနှင့်တိုက်မည်’ ဟု အဓိဋ္ဌာန်၏။

နောက်ဆုံး ….. ဒေါ်အောင်ဆန်းစုကြည်မှ လူထုအား စကားပြောသည်။ တက်ကြွရွှင်လန်းမှု၊ ဒီမိုကရေစီ တော်လှန်ရေး အတွက် ပိုင်းဖြတ်ချက် ခိုင်ခိုင်ခန့်ခန့် ရှိနေမှုတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အသံသည် ကြည်လင်၍ ပြတ်သား နေ၏။

အခုဆိုလို့ရှိရင် တပ်မတော်ကရော၊ နဝတ ကရော ထပ်တလဲလဲ ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်ပါ။ အမျိုးသား ခေါင်းဆောင်ကြီးပါ။ အဲ့ဒီတော့ အခု ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမယ်။ ဇူလိုင်လ ၁၉ ရက်နေ့ ဆိုလို့ရှိရင် ဖေဖေဆုံးသွားတာ ၄၂ နှစ် ပြည့်တော့မယ်။ အဲ့ဒီတော့ ဒီလို ၄၂ နှစ်ပြည့်တဲ့ အခမ်းအနား မတိုင်ခင် ကျမတို့ စဉ်းစားရမယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်လို့ ဆိုလို့ရှိရင် တပ်မတော်ဟာ ဖေဖေလိုချင်တဲ့အတိုင်း လုပ်နေရဲ့လား။ တပ်မတော်ရဲ့ ဖခင်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်လိုက်တဲ့ လမ်းစဉ်အတိုင်း ဒီတပ်မတော်ဟာ ဆက်ပြီးတော့ လုပ်နေရဲ့လားဆိုတာ ကျမတို့ မေးရလိမ့်မယ်။

ဒီလိုမေးတဲ့အခါကျတော့မှ ကျမ ဘယ်လို မြင်ရလဲဆိုတော့ ဖေဖေဟာ တပ်မတော် လမ်းမှားသွားမှာ အင်မတန်မှ စိုးရိမ် ခဲ့တယ်။ ထပ်လဲလဲပြောခဲ့တယ်။ မင်းတို့လက်ထဲမှာ လက်နက်ရှိလို့ လုပ်ချင်တိုင်း လုပ်လို့ရမယ်မထင်နဲ့။ ပြည်သူလူထု ကို ခြိမ်းခြောက်တာ၊ နှိပ်စက်တာ၊ ဖမ်းဆီးတာ၊ ဒါတွေမလုပ်နဲ့ဆိုတာ ထပ်တလဲလဲပြောခဲ့တယ်။

ဒီတပ်မတော်ဟာလည်း လူတယောက်တည်း အတွက် မဟုတ်ဘူး။ အဖွဲ့အစည်းတခုအတွက် မဟုတ်ဘူးဆိုတာလည်း ထပ်တလဲလဲ ပြောခဲ့တယ်။ တပ်မတော် လမ်းမှားသွားမှာကို ဖေဖေ အင်မတန်မှ စိုးရိမ်ခဲ့တယ်။ ဒီလောက်တောင်မှ စိုးရိမ် နေလျက်နဲ့ ဘာဖြစ်လို့ လမ်းမှား သွားရသလဲ။ ဦးနေဝင်းဟာ တပ်မတော်ကို လမ်းမှားပေါ် တင်ပေးလိုက်တယ်။

အခု ဒီမှာ တပ်မတော်ထဲမှာ ရှိနေတဲ့ တပ်မတော်သားများ၊ အရာရှိများ စဉ်းစားပါ။ တပ်မတော်ရဲ့ ဖခင်ဆိုတာ ဗိုလ်ချုပ် အောင်ဆန်းဆိုပြီးတော့ အတိအလင်း ကြေညာထားပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ကို ဘယ်လိုအနေအထား ရှိစေချင်သလဲဆိုတာ ပြန်ပြီးတော့ သုံးသပ်ပါ။

ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်လား၊ ဗိုလ်နေဝင်း တပ်မတော်လားဆိုတာ ဆုံးဖြတ်ရတော့မယ်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်ကို လိုက်မယ့် တပ်မတော်လား၊ ဗိုလ်နေဝင်းရဲ့ မဆလ လမ်းစဉ်ကို လိုက်မယ့် တပ်မတော်လား။

ကျမတို့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်ကို လိုက်မယ့် တပ်မတော်ဆိုလို့ရှိရင် ပြည်သူလူထုနဲ့ တသွေးတည်း တသားတည်း ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသား ခေါင်းဆောင်ကြီး ဆိုလို့ရှိရင် အမျိုးသား ခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ကိုလိုက်ရမယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ဟာ ဒီမိုကရေစီ လမ်းစဉ်ပါပဲ”

No comments: