Saturday, September 26, 2009

နေရွှေသွေးအောင် ဘာလဲ၊ ဘယ်လဲ

အေးချမ်းမြေ့

ရန်ကုန် ကမ္ဘာအေး ဘုရားလမ်းမ ပေါ်ရှိ အနုပညာ ဦးစီးဌာနပိုင် မြေနေရာပေါ်မှ ဆိုင်တဆိုင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) ၏ နောက် လိုက်များက ဝင်ရောက် ဖျက်ဆီးခဲ့သည် ဟူသော သတင်းတချို့ ထွက်ပေါ်ခဲ့သည်။

7 Lekker” အမည်ရှိ ၎င်းကော်ဖီဆိုင်ကို ဦးစီးလုပ်ကိုင်သူမှာ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏သား တေဇာစောဦးဖြစ်ပြီး ဝန်ကြီး ဦးစိုးသာ၏သား တဦး အပါအဝင် တခြားသော စီးပွားရေး သမားများလည်း ရှယ်ယာ ပါဝင်သည်ဟု သိရသည်။

ဖိုးလပြည့်က အင်းလျားလမ်းပေါ်ရှိ ပညာရေး ဝန်ကြီးဌာနပိုင် အဆောက်အအုံ တခုကို Night Club ဖွင့်ရန် စီစဉ်ခဲ့ရာ အစီအစဉ် မဖြစ်မြောက် သောကြောင့် တခြားသော ဗိုလ်မှူးများ၊ ဗိုလ်ချုပ်များ၏ သားသမီးများ ပိုင်ဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို လိုက်လံ ဖျက်ဆီးခြင်း ဖြစ်ကြောင်းလည်း စစ်တပ်အသိုင်းအဝန်းမှ ကြားသိရသည်။

ယင်းဖြစ်ရပ်ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်ကို ယခင် နိုင်ငံတော် အကြီးအကဲ ဦးနေဝင်း၏ မြေးများ လမ်းသရဲဂိုဏ်း ထောင်သကဲ့သို့ ဖြစ်လာတော့မည်လား ဆိုသည့် တီးတိုးအသံများ ရန်ကုန်နှင့် နေပြည်တော် အသိုင်းအဝန်းတွင် ထွက်ပေါ်လျက်ရှိသည်။

“ဦးနေဝင်းရဲ့မြေးတွေလိုပဲ ဖိုးလပြည့်တို့ကလည်း ဂိုဏ်းဖွဲ့ထားတယ်၊ သူတို့ဂိုဏ်းနာမည်က ဆင်စွယ်တဲ့။ ဒီနာမည်နဲ့ ကလပ်တွေသွားရင် မှတ်ပုံတင်လေ့ရှိတယ်” ဟု ဗိုလ်ချုပ် သားသမီးများနှင့် နီးစပ်သူ တဦးက ဆိုသည်။

ဖိုးလပြည့်တွင် အခြွေအရံများလည်း များစွာရှိပြီး အများစုမှာ ဗိုလ်ချုပ်များ၊ ဗိုလ်မှူးများ၏ သားများ ဖြစ်ကြသည်ဟု ၎င်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ဦးနေဝင်း မြေးတွေဘောလုံးကန်ရင် အဲဒီတုန်းက နိုင်ငံတော် ကောင်စီဝင်တွေရဲ့ မြေးတွေက ဘောကောက် လုပ်ပေးရတယ်။ ခု ဖိုးလပြည့်လည်း တူတူပဲ။ သူခိုင်းရင် သူ့နားက ဗိုလ်ချုပ်သားတွေ၊ ဗိုလ်မှူးသားတွေက ဘာမဆို လုပ်ပေးရတယ်” ဟု သူက ဆိုသည်။

ကော်ဖီဆိုင် ဝင်ရောက်ဖျက်ဆီးသည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အပါအဝင် တခြားသော ဗိုလ်ချုပ်ကြီးများက မကျေနပ်သော်လည်း ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်နေ သောကြောင့် မည်သည့် အရေးယူမှု တစုံတခုကိုမှ မလုပ်ရဲကြကြောင်း ကြားသိရသည်။

“ပုံစံကတော့ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က ဦးနေဝင်း မြေးတွေလုပ်တဲ့ ပုံစံမျိုး စလာပြီ။ ဂိုဏ်းဖွဲ့တယ်၊ မိုက်တယ်၊ လုပ်ချင်ရာ လုပ်တယ် ဆိုတဲ့ပုံစံ။ အဲဒီ ကျော်နေဝင်းတို့၊ ဇွဲနေဝင်းတို့လောက် မဆိုးသေးတာ တခုပဲ” ဟု ရန်ကုန်စီးပွားရေး အသိုင်းအဝန်းတွင် ကျင်လည်နေသူ တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေးသည် ယခုအခါ မိထ္ထီလာတွင် ရဟတ်ယာဉ် အမောင်းသင် နေသည်ဟုလည်း သတင်း ရရှိသည်။ ပြီးခဲ့သည့် သင်္ကြန်ကာလကလည်း ရန်ကုန်မြို့တော်စည်ပင် ဥပဒေအရ မည်သူ တဦးတယောက်မှ ဆင်းခွင့်မရှိသော အင်းလျားကန်တွင် နေ့စဉ် စပိဘုတ် တစင်းဖြင့် ဗိုလ်မှူးတယောက် လိုက်ပါကာ ၎င်း၏ မဏ္ဍပ်ရှိရာသို့ သွားလေ့ရှိကြောင်း ကြားသိရသည်။

ယခုနှစ်ဆန်းပိုင်းကလည်း နာမည်ကြီးစ မော်ဒယ် ဝတ်မှုံရွှေရည်ကို ဖိုးလပြည့်က ခေါ်ဆောင်သွားကာ ၃ ရက်ခန့် အခန်းပိတ် ထားခဲ့သည်ဟူသည့် သတင်းထွက်ပေါ်ခဲ့သည်။ မကြာသေးမီက ကျင်းပခဲ့သည့် ဝတ်မှုံရွှေရည်၏ မွေးနေ့ပွဲတွင် ၎င်းက ကျပ်သိန်း ၅၀၀ တန် ကားတစီးနှင့် စိန်လက်စွပ်တကွင်း လက်ဆောင် ပေးခဲ့သည်ဟုလည်း သိရသည်။ ဝတ်မှုံရွှေရည်၏ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည့် ဖိုးလပြည့်၏ ဓာတ်ပုံ တချို့ကို ပြည်တွင်းထုတ် ဂျာနယ်များတွင် တွေ့ခဲ့ရသည်။

စင်ကာပူတွင် ဖိုးလပြည့်နှင့်အတူ ကျောင်းတက်ခဲ့သည့် သူငယ်ချင်းဖြစ်သူကို မကျေနပ် သောကြောင့် အဆိုပါ သူငယ်ချင်း၏ အိမ်ကို ခဲနှင့်ပေါက်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ၏ မိဘများကို တောင်းပန်ခိုင်းခဲ့သည့် သတင်းလည်း ယခုနှစ်ဆန်းပိုင်းက ထွက်ပေါ်ခဲ့ပြန်သည်။

လွန်ခဲ့သည့် ၉ နှစ်၊ ၁၀ နှစ် ကျော်ခန့်က ဦးနေဝင်း၏မြေး ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် အေးနေဝင်းတို့ ၃ ဦးသည် ၎င်းတို့၏ အဘိုးအရှိန်အဝါကို သုံးကာ ရန်ကုန်မြို့တွင် စကော်ပီယမ် ဂိုဏ်းဟူ၍ဖွဲ့ပြီး စိတ်ကြိုက် ရမ်းခဲ့ကြဖူးသည်။ ရန်ကုန် လှိုင်မြို့နယ် အတွင်းရှိ မိခင် ဒေါ်ခင်စန္ဒာဝင်း ပိုင်ဆိုင်သော နဝရတ် ဟိုတယ်မှာ ၎င်းတို့၏ ဌာနချုပ်ဖြစ်ခဲ့ပြီး သူတို့ မကျေနပ်သူကို နဝရတ် ဟိုတယ်တွင်းသို့ ဖမ်းဆီးခေါ်ယူကာ နှိပ်စက်ကြသည်၊ အသေသတ်သည် အထိလည်း ရဲတင်းခဲ့ ကြသည်ဟု သိခဲ့ရသည်။

၁၉၉၉ ခုနှစ် နှစ်သစ်ကူး ကာလက သားလိမ္မာ အမည်ရှိ လူငယ်တဦးကို ဦးနေဝင်း၏ မြေးများက အသေ သတ်ကာ ခြံဝတွင် သွားရောက် ပစ်ထားခဲ့ဖူးသည့် သာဓက ရှိခဲ့သည်။ ၎င်းတို့နှင့် ၎င်းတို့ အပေါင်းအပါများ ကြိုက်နှစ်သက်သည့် မိန်းကလေး မှန်သမျှကိုလည်း အလွတ်မပေးဘဲ အရ ကြံစည်ခဲ့ကြောင်း သတင်းကြီး ခဲ့သည်။

ဦးနေဝင်း၏ အရှိန်အဝါကိုသုံးကာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးများကိုပါ မထီမဲ့မြင် ပြုလာခဲ့သဖြင့် ၂၀၀၂ ခုနှစ် မတ်လက အဆိုပါ မြေး ၃ ဦးနှင့် ဦးနေဝင်း၏ သားမက် ဦးအေးဇော်ဝင်းကို နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီးခဲ့၍ သေဒဏ် ချမှတ်ခဲ့သည်။ ၎င်းတို့ကို သေဒဏ် ချမှတ်မည့်ရက် အတိအကျ မသိရသေးသော်လည်း ယခုအချိန်ထိ ထောင်တွင်း၌ပင် ရှိနေသေးသည်။

ရန်ကုန်မြို့ လူချမ်းသာ အသိုင်းအဝန်းနှင့် ဦးနေဝင်း မြေးများ၏ဒဏ်ကို ခံခဲ့ရသော စစ်တပ် အသိုင်းအဝန်းက ၎င်းတို့အား ထိုသို့ ထောင်ဒဏ် သက်မှတ်ခဲ့ခြင်းကြောင့် ဝမ်းသာခဲ့ကြသည်။

ဦးနေဝင်း၏ မြေးများကို အရေးယူခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ပါဝင်ခဲ့သည်။

လက်ရှိ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သား၊ သမီးများမှာ မြန်မာပြည်၏ စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ် လုပ်ကိုင်လျက်ရှိရာ ၎င်းတို့အချင်းချင်း လုပ်ကွက် ရှယ်ယာများနှင့် ပတ်သက်သည့် အတွင်းကျိတ် ဖြေရှင်းမှုများ ရှိနေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ယခုအခါ ဖိုးလပြည့်၏ လုပ်ရပ်များကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ အသိုင်းအဝန်းက ဝေဖန်နေကြသည်။ တေဇာစောဦးနှင့် တခြားသူများ ပိုင်ဆိုင်သော ကော်ဖီဆိုင်ကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အပါအဝင် တခြားသော စီးပွားဖက် ဗိုလ်ချုပ်များက မကျေမနပ်ဖြစ်နေကြသည်။ လက်ရှိ နိုင်ငံတော် အကြီးအကဲ၏ မြေးဖြစ်နေသောကြောင့် အရေးယူဖြေရှင်းခြင်း မပြုနိုင်သော်လည်း ဦးနေဝင်း မြေးများကဲ့သို့ အတင့်ရဲလာမည်လားဟု စောင့်ကြည့်နေကြခြင်း ဖြစ်သည်ဟု သိရသည်။

“အခု ဖိုးလပြည့်ကို တချို့ ဗိုလ်ချုပ်တွေက မကျေ မနပ်ဖြစ်နေတယ်။ ကျနော်တို့ ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဝဋ်လည်တော့ မလား လို့ စောင့်ကြည့်ရမှာပဲ” ဟု ရန်ကုန် စီးပွားရေး လောကသား တဦးက ဆိုသည်။

No comments: