Wednesday, September 23, 2009
ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ(အပိုင်း - ၆)
၂၀၀၇ စက်တင်ဘာလ ၅ ရက်နေ့ မနက်တွင် မိမိသည် ရဟန်းပျိုသမဂ္ဂ မြေလတ်ဒေသဆိုင်ရာ အဖွဲ့ဝင် သံဃာများလည်းရှိပြီး တနှစ်တာ အတွေ့အကြုံအရ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေသည့် မကွေးတိုင်း ရေနံချောင်းမြို့သို့ စတင် ရောက်ရှိခဲ့ပါသည်။
မိမိအတွေ့အကြုံအရ ရေနံချောင်းမြို့သည် အမျိုးသားရေး နိုးကြားမှု အားကောင်းသည့် မြို့ဖြစ်သည်ဟု ဆိုရမည်။
လွတ်လပ်ရေးနေ့ ရောက်တိုင်း သံဃာတော်များအား ဆွမ်းလောင်းလှူ ပွဲကြီးကို တခမ်းတနား ကျင်းပလေ့ရှိပြီး လွတ်လပ်ရေးနေ့ မရောက်မီ တလနီးပါးလောက် အလိုကပင် အလှူခံထွက်မှု၊နှိုးဆော်တိုက်တွန်းမှု အစရှိသည့် လုပ်ငန်းများကို မြို့နယ်အနှံ ကျေးရွာပါ မကျန်ရအောင် ကြိုးစား ဆောင်ရွက်လေ့ ရှိကြသည်။ အလှူခံထွက်ရာ ခရီးလမ်းတလျှောက်လုံး ဇာတိမာန် အစရှိသည့် မျိုးချစ်စိတ် ထက်သန် စေနိုင်သော တေးသီချင်းများ အပြောအဆိုများကို အသုံးပြုကာ လှည့်လည် အလှူခံလေ့ ရှိသည်။
မိမိနေခဲ့စဉ် ကာလတွင်း လွတ်လပ်ရေးနေ့အတွက် သံဃာတော်များ ဆွမ်းလောင်းမှု အလှူဒါနကို ပြုလုပ်ရန် ခွင့်တောင်းခံရာတွင် အဆင်မပြေခဲ့ကြောင်း ကြားသိခဲ့ရသည်။ နောက်ပိုင်း ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ နာယက လူကြီးမင်းများ ကြိုးစားပြီး ဆောင်ရွက်တော့မှသာ တလနီးပါးအလိုတွင် အဆင်ပြေ ခဲ့ကြကြောင်း သိရ၏။ သို့သော် ဇာတိမာန်အစရှိတဲ့ နိုင်ငံရေး တေးသီချင်းများ ဖွင့်ခြင်း၊ ဟောပြောခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်ဟုလည်း ဆိုကြသေးသည်။ ဘာပဲဖြစ်ဖြစ် တကယ်တမ်းအလှူခံတော့ ထိုသီချင်းခွေများ၊ ဟောပြောမှုများဖြင့်သာ ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ကြသည်။ ဤသည်ကား ရေနံချောင်းမြို့သူ၊ မြို့သားများ၏ ညီညွတ်မှု ရလဒ်ပင်တည်း။
ရေနံချောင်းမြို့တွင် အဓိကအားဖြင့် ရွှေတောင် ပါဠိတက္ကသိုလ်၊ မဟာဓမ္မိကာရာမ စမ္ပာယ်ရုံ စာသင်တိုက်၊ ရွှေစေတီ ပါဠိတက္ကသိုလ် ဆိုပြီး သံဃာအားကောင်းသည် စာသင်တိုက်ကြီး (၃) တိုက် ရှိသည်ဟု လေ့လာမိသည်။ ထိုစာသင်တိုက်ကြီးများထဲမှ ရွှေတောင်ပါဠိတက္ကသိုလ်သည် သံဃာအား အကောင်းဆုံးနှင့် အတိုးတက်ဆုံး စာသင်တိုက်ကြီးဖြစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယက (ဗဟိုသံဃာ့ဝန်ဆောင်) ဆရာတော်ကြီးတပါးလည်း သီးတင်းသုံးလျက် ရှိသည်။
ရွှေတောင်ပါဠိတက္ကသိုလ်နှင့် မဟာဓမ္မိကာရာမ စမ္ပာယ်ရုံ စာသင်တိုက်တို့သည် ရေနံချောင်း-မကွေး ကားလမ်းမကြီးဘေးတွင် ဘေးချင်းကပ်တည်ရှိပြီး သွားရလာရကောင်းသည့် အချက်အခြာ နေရာဖြစ်သဖြင့် သံဃာအား ပိုမိုတောင့်တင်းလှသည်။ ရွှေစေတီပါဠိ တက္ကသိုလ်ကျောင်းတိုက်ကတော့ သွားရလာရတာ အနည်းငယ် ခက်ခဲပြီး သံဃာအား ၁ဝဝ ဝန်းကျင်မျှ သီတင်းသုံးလျက်ရှိသည်ဟု ထိုစဉ်က လေ့လာမိ၏။ ထို့အပြင် စာသင်တိုက် ရိပ်သာအားဖြင့် အေးချမ်းစွာ သီတင်းသုံးနေကြသည့် ကျောင်းတိုက်များလည်း ရေနံချောင်းမြို့တွင်း၌ အများအပြား တည်ရှိကြသည်။
ရေနံချောင်းသို့ မိမိရောက်ရှိခဲ့ပြီးနောက် အဖွဲ့ဝင်သံဃာများကို မနက်ပိုင်းအတွင်းမှာပင် စုစည်းနိုင်ရန် ကြိုးစားခဲ့ပြီး မိမိလာရောက်ရသည့် ကိစ္စနှင့် ရန်ကုန်မြို့တွင်း အခြေအနေ၊ စစ်တွေမြို့ သံဃာတော်များ၏ လှုပ်ရှားမှု အခြေအနေများကို လေ့လာမိသော အချက်အလက် များအား အခြေခံကိုးကား၍ ရှင်းလင်းတင်ပြခဲ့သည်။ တချို့ကလည်း တက်ကြွစွာ တုံ့ပြန်ဆွေးနွေးမှုများ ရှိခဲ့ကြသလို၊ တချို့ကလည်း အေးဆေးတည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်ခဲ့ကြသည်။ ထို့နောက် ခရီးထွက်လို့ အဆင်ပြေနိုင်မည့် သံဃာတချို့ကို ရွေးချယ်လျောက်ထားကာ ကိုယ်ကျွမ်းကျင်ရာ တနည်းအားဖြင့် - ကာလတခုကြာမျှ အခြေချ သီတင်းသုံးနိုင်သည့် ဒေသတခုဖြစ်ရာ မြို့နယ်များသို့ အရောက်သွား၍ ထိုဒေသအတွင်းရှိ သံဃာထုအား အဓိကထား စည်းရုံးကြရန် အကြံပေးလျှောက်ထားခဲ့သည်။ ထို့အတူ အဆင်သင့်ရင်ဖြင့် ဒေသခံအဖြစ် သတ်သတ်မှတ်မှတ် တာဝန်ယူနိုင်မည့် နယ်ခံသံဃာများကိုလည်း ရွေးချယ်လျှောက်ထား၍ ကိုယ်နည်းကိုယ့်ဟန်ဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖန်တီးထားကြရန်ကို စီစဉ်ပြီး ထိုနေ့ညနေမှာပင် ချောက်မြို့သို့ ခရီးဆက်ခဲ့ရလေတော့သည်။
ချောက်မြို့သည် ရေနံချောင်းမှ ၄၄ မိုင်ခန့် ကွာဝေးပြီး မိမိ၏ ၂ နှစ်ကျော်မျှ အခြေချခဲ့သည့် ဒေသဖြစ်သဖြင့် ထိုစဉ်က မြို့တွင်းလှုပ်ရှားမှု အနေအထားများ ပေါ်ပေါက်လာတိုင်း ပူးပေါင်းပါဝင်မှု အတိုင်းအတာတခုအထိ ရှိခဲ့ဖူးသော ဒေသလည်းဖြစ်၏။ သို့ဖြစ်၍ မြို့တွင်း အနေအထားများကို ကောင်းစွာ နားလည်ထားမိသည်။
ချောက်မြို့တွင် အထင်ကရအားဖြင့် အရှေ့ငွေတောင်၊ အနောက်ငွေတောင်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ဂုဏဝတီ၊ ပတ္တမြားတောင်၊ လယ်တီစာသင်တိုက်၊ ရွှေပုံတောင် စသဖြင့် သံဃာအားကောင်းသည့် စာသင်တိုက်ကြီးများ အများအပြား တည်ရှိကြသည်။ ထိုစာသင်တိုက်များထဲမှ အရှေ့ငွေတောင်နှင့် အနောက်ငွေတောင် ကျောင်းတိုက်များသည် ချောက်-ရေနံချောင်း ကားလမ်းမကြီး၏ ဘယ်ညာနှစ်ဖက်တွင် မျက်နှာချင်းဆိုင် အနေအထား ရှိကြ၍ သွားရလာရ လွယ်ကူလှသည်ဟု ဆိုရမည်။
လမ်းခရီးသွားလာနိုင်မှု အခက်ခဲဆုံးအားဖြင့် တည်ရှိကြသည့် စာသင်တိုက်ကြီးများသည် စလင်းနှင့် ရွှေပုံတောင် စာသင်တိုက်များပင်ဖြစ်သည်။ ထိုစာသင်တိုက်ကြီးများသည် တောင်ကုန်းပေါ်တွင် အထီးတည်း တည်ရှိကြသော်လည်း ချောက်မြို့တွင် စာသင်သားသံဃာ အများဆုံးနှင့် အတိုးတက်ဆုံး ကျောင်းတိုက်များ ဖြစ်သည်။
ရွှေပုံတောင်နှင့် စလင်း ပရိယတ္တိစာသင်တိုက်တို့တွင် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုသည့် ပိဋကတ် သုံးပုံကို အာဂုံဆောင် ဖြေဆိုနေကြသော ကျမ်းတတ်အကျော်အမော် ဆရာတော်များ သီတင်းသုံးကြကာ စာချစာသင် အလုပ်ခွင်ကို အထင်ကရအားဖြင့် ကြိုးစားအားထုတ်နေကြသည်။ အခြား စာသင်တိုက်များတွင်လည်း စာပေပရိယတ္တိအားဖြင့် ဘွဲထူးဂုဏ်ထူးများ ရရှိထားကြသည့် ဆရာတော်များက စာချစာသင် အလုပ်များကို တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက် ရှိသည်။
ချောက်မြို့သို့ ရောက်ပြီးပြီးချင်း မိတ်ဆွေသံဃာတော်တချို့ သီတင်းသုံးရာ ကျောင်းတိုက်အတွင်း ခေတ္တတည်းခိုနိုင်ရန် ဦးစွာပထမ ကြိုးစားခဲ့ရသည်။ အကြောင်းမှာ စာသင်တိုက်များသည် ဝါတွင်းကာလ ဧည့်သံဃာ (အာဂန္တု-ရဟန်း) များကို အကြောင်းမဲ့ လက်ခံလေ့ မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ခေတ္တ တည်းခိုနိုင်ရေးကိစ္စ အဆင်ပြေတော့မှ သံဃာများနှင့် ထိတွေ့နိုင်ရန် အကြောင်းဖန် ရပြန်သည်။ ထိုသံဃာများမှတဆင့် ဒေသတွင်း အခြေအနေများနှင့် သတင်းအချက်အလက်များကို ခြုံငုံမိသည်ဖြစ်၍ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များအား ဒေသတွင်း အကောင်အထည်ဖော်နိုင်မည့် အလားအလာ ရှိမရှိကို ဆွေးနွေးတိုင်ပင်ကြရတော့သည်။ ထို့အတူ ပခုက္ကူသံဃာတော်များ၏ လှုပ်ရှားမှုများကိုလည်း အရိပ်အမြွက်အားဖြင့် သိခဲ့ရ၍ မည်သို့မည်ပုံ ပံ့ပိုးကူညီကာ ပူးပေါင်းဆောင်ရွက်ကြမည်ကိုလည်း အဓိကထား ဆွေးနွေးခဲ့ရသေးသည်။
စက်တင်ဘာလ ၆ ရက်နေ့ နံနက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ချောက်မြို့) လူငယ်တာဝန်ခံ ကိုထွန်းငြိမ်း (လက်ရှိ - အကျဉ်းထောင်) ကို သွားရောက်တွေ့ဆုံပြီး မြို့တွင်းအခြေအနေနဲ့ အခြား သတင်းအချက်အလက်များကို မေးမြန်းစုံစမ်းဖြစ်ခဲ့သည်။
ကိုထွန်းငြိမ်းမှတဆင့် ပခုက္ကူသံဃာတော်များ၏ လှုပ်ရှားမှုအခြေအနေများကို ထပ်မံသိရှိခဲ့ရပြီး မိမိအနေဖြင့် ထိုမြို့သို့သွားရန် မသင့်တော်သည့်နေရာ ဖြစ်ပြီဆိုသည့် အကြံကိုလည်း ရရှိခဲ့သည်။ ကိုထွန်းငြိမ်းသည် မိမိ ချောက်မြို့၌ နေစဉ်ကာလအတွင်း အထိမ်းအမှတ်ပွဲတခုတွင် ပူးပေါင်းဆောင်ရွက်ရင်းက ခင်မင်ရင်းနှီးခဲ့ရသူ ဖြစ်သည်။ သူသည် ချောက်မြို့ အေးစေတီဘုရား ခြေတော်ရင်း အေးစေတီ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် တရားအားထုတ်နေသည့် ပုံမှန်ယောဂီတဦးလည်းဖြစ်၏။ ထို့အတူ လူမှုရေးလုပ်ငန်းများကိုလည်း နေရာဒေသမရွေး၊ လုပ်ငန်းပုံစံမရွေး လိုအပ်ချက်ရှိလာတိုင်း ကူညီတတ်သူလည်း ဖြစ်သည်။
မိတ်ဆွေ သံဃာတချို့၏ သဘောထားအရလည်း ချောက်မြို့မှပင် အခြေအနေကို စောင့်ကြည့်ကာ ဆက်သွယ်လို့ ရရှိလာသည့် အချက်အလက်ပေါ် မူတည်၍ ဆက်လက်လှုပ်ရှားရန် ဆန္ဒရှိကြသည်။ ၎င်းတို့၏ သဘောထားများအရ ထိုနေ့ညနေအထိ ချောက်မြို့တွင်းမှာပင် အချိန်ကုန်ခဲ့ရသည်။ သို့သော် အဆက်အသွယ် ပြုလုပ်နိုင်မှု အနေအထားသည်ကား မရှိခဲ့သေးပေ။ ဤကာလအတွင်း စိတ်မကောင်းစရာ သတင်းစကားတခု ရောက်ရှိလာ၏။ ရဟန်းလား၊ သာမဏေလားဆိုသည်ကို အတိအကျ မသိသော်လည်း သံဃာ ၂ ပါး ကြိုးချည်ရိုက်နှက်ခံရသည့်အပြင် မေတ္တာပို့သသည့် သံဃာများလည်း ကြမ်းတမ်းစွာ နှိပ်ကွပ်ခံခဲ့ရသေးသည်ဟု ကြားသိခဲ့ရ၍ အတော့်ကို စိတ်မကောင်းဖြစ်ကာ ဒေါသထွက်ခဲ့ရသည်။
၇ ရက်နေ့ နံနက်မှ မိမိသည် မူလလုပ်ငန်းစဉ်များကိုသာ ဆက်လက် အကောင်အထည်ဖော်ပြီး ရန်ကုန်သို့ အမြန်ပြည်ဆင်းနိုင်ရန် စီစဉ်ခဲ့ရလေတော့သည်။ ထိုသို့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးမှုများမှ ပခုက္ကူအရေးအခင်းကို အဓိကထားပြီး ဦးစားပေး တောင်းဆိုရန် အကြံဖြစ်ခဲ့လေတော့သည်။
သို့သော် ဦးဂမ္ဘီရနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မှုသည်ကား မရှိသေးပေ။ ထိုအချက်ကို အဓိက ကိုင်စွဲလိမ့်မည်ဟု အမှန်ပင် ယုံကြည်ထား၏။
၈ ရက်နေ့ နံနက်တွင် မိမိသည် မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်းမြို့နှင့် မိတ္ထီလာမြို့များသို့ ခရီးပြင်းနှင်ခဲ့လေသည်။ ထိုမြို့များရှိ သံဃာတချို့နှင့် တွေ့ဆုံရန် ရည်ရွယ်ထားသော်လည်း လုံခြုံရေး အနေအထား ကျပ်တည်းလာမှုကြောင့် ရည်ရွယ်ချက်တချို့ လွဲချော်မှုရှိခဲ့သည်။ သို့ဖြစ်၍ မိမိသည် မိတ္ထီလာမှ သာစည်ဘက်သို့ ကူးရန် မိတ္ထီလာ ရထားဘူတာရုံသို့ ဆင်းခဲ့ရတော့သည်။
သာစည်သို့ ထွက်မည့်ရထား မလာသေး၍ ဘူတာရုံအနီးရှိ အအေးဆိုင်တခုတွင် ထိုင်ရင်း ရထားအလာကို စောင့်နေခဲ့ရသည်။ ထိုအချိန် မိမိထိုင်နေရာ စားပွဲဝိုင်းနှင့် မလှမ်းမကမ်းရှိ စားပွဲဝိုင်းတခုသို့ လူနှစ်ယောက် ဦးတည်လာနေသည်ကို သတိထားမိသဖြင့် စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်ခဲ့ရသည်။ ထိုလူနှစ်ဦး၏ ပုံစံမှာလည်း တောင့်တင်းစွာ ရှိလှ၍ ကိုယ်နေဟန် အချိုးအစားကျ လှပသည်ဟု ဆိုရမည်။
သူတို့ နှစ်ယောက် ပြောဆိုဆက်ဆံပုံမှာ အရာရှိနှင့် လက်အောက်ငယ်သား ဆက်ဆံရေး ဖြစ်သည့်အပြင် အသုံးအနှုန်း ပုံစံအရလည်း စစ်သား (သို့) ရဲထောက်လှမ်းရေးများ ဖြစ်လိမ့်မည်ဟု သာမန်အမြင်ဖြင့် အကဲခတ်ကာ နားစွင့်နေလိုက်သည်။
နောက်ပိုင်းသူတို့ ပြောသံစကားများ ရေရေလည်လည်ကြားလိုက်ရသည့်အခါ တပ်ရင်းမှူးဆိုသူနှင့် ကတောက်ကဆ ဖြစ်လာသည့် တပ်မတော်သားများပင်ဖြစ်ကြောင်း သိရတော့သည်။ ထို့အတူ သူတို့တပ်ရင်းမှူး၏ မောက်မာရက်စက်မှုများကို အပြန်အလှန် ရင်ဖွင့်နေကြခြင်း ဖြစ်ကြောင်းကို နားလည်မိ၏။ သူတို့နှစ်ယောက်လည်း တပ်ကြပ်ကြီးအဆင့်နှင့် သာမန်တပ်သားအဆင့် ရှိသူများ ဖြစ်ကြသည်။
ထို့သို့ နားလည်ပြီးနောက် မိမိလည်း မလုံမလဲဖြစ်ကာ ထိုနေရာမှ အမြန်ထွက်ခွာရန် စဉ်းစားရတော့သည်။ မိမိ၏ ခရီးစဉ် အဆုံးမသတ်နိုင်သေးသဖြင့် နိုင်ငံရေးနှင့် ဆက်စပ်သော လှုံ့ဆော်စာများ ဗီစီဒီခွေများနှင့် အခြား အချက်အလက် မှတ်တမ်းတချို့ ပါလာခဲ့သောကြောင့်လည်း အထူး ဂရုစိုက်ကာ အရာရာကို သတိအနေအထား ရှိနေရ၏။
သို့သော် စားပွဲဝိုင်းမှ မထမီမှာပင် အရာရှိပုံစံပေါက်သည့် ရဲဘော်မှ မိမိဘက်ကိုလှည့်ကာ “ဦးဇင်း .. ဆေးလိပ် ဘုရား” ဟု ဆို၍ ဆေးလိပ်ဘူးကို ထိုးပေးပြီး စကားစလေတော့သည်။ မိမိလည်း “ဆေးလိပ်မသောက်တတ်ပါဘူး ဒကာ” ဟုပင် ဆို၍ ငြင်းပယ်လိုက်သည်။
ဗုဒ္ဓဘာသာတယောက်အနေဖြင့် ဘုန်းတော်ကြီးတပါးအား ထိုသို့ ပြုမှုဆက်ဆံသည်ကို ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရိုင်းလှသည်ဟု ဆိုစရာရှိသော်လည်း စစ်သားဘဝမှာ ယခုလောက် အဆင့်အတန်းအထိ ဘာသာတရားကို နားလည်နိုင်မည် မဟုတ်ကြောင်း အတွေ့အကြုံအရ နားလည်မှုထားလိုက်ပြီး ပြေလည်စွာပင် ဟန်မပျက်ဆက်ဆံခဲ့ရတော့သည်။ ထို့နောက် မိမိအား ဘယ်ကျောင်းတိုက်မှာနေလဲ၊ ဘာစာတွေသင်နေလဲ စသဖြင့် မေးမြန်းပြီး “ဟိုတနေ့ကတော့ ပခုက္ကူက ကိုယ်တော်တွေ ချကုန်ပြီ။ ဦးဇင်းတို့ကော ဘယ်လိုလဲ” ဟု မေးလာ၏။
မိမိလည်း ထိုလူနှစ်ယောက်အား ယုံကြည်မှု မရှိသေး၍ “ဟုတ်လားဗျ၊ ဘယ်လိုတွေ ချကုန်တာလဲ။ ကျုပ်တော့ အခု ဦးလေးဆီလာရင်း ခရီးလွန်သလိုဖြစ်နေတော့ အဲဒါသေချာမသိရသေးဘူး။ ပြောပါအုံးဗျ” ဟု စကာလမ်းကြောင်းပေးတော့ သူက ''အသေအချာတော့ မသိပါဘူး'' တဲ့။ ''ဒါပေမဲ့ ဘုန်းကြီးတွေ မေတ္တာပို့တယ်ဆိုလား၊ ဆန္ဒပြကြတယ်ဆိုလား၊ အဲလိုသဲ့သဲ့တော့ ကြားတယ်။ ပြီးတော့ ဘုန်းကြီးတချို့ကို ဖမ်းတယ်၊ ရိုက်တယ်၊ နှိပ်စက်တယ်ဆိုတာလောက်ပဲ ကြားမိတာ။ အသေအချာ အတိအကျတော့ မသိကြောင်း'' ဆို၏။
မိမိက “မေတ္တာပို့တာတော့ တကယ်မြင့်မြတ်တဲ့ အလုပ်ပါဗျာ။ ခင်ဗျားလည်း ဗုဒ္ဒဘာသာတယောက်ပဲ။ မေတ္တာပို့တာလောက် ကောင်းတဲ့လုပ်ငန်း မရှိသလောက်ကို ရှားမယ်ထင်တယ် ဒကာရေ။ ဘုန်းကြီးဆိုတာ အမြဲတမ်း မေတ္တာနဲ့နေရတာ။ ဒါပေမဲ့ အဲလိုဘုန်းကြီးတွေကို ဖမ်းတယ်ရိုက်တယ် ဆိုတာတော့ မလုပ်သင့်ဘူး ထင်တယ်နော်။ ဘာပဲဖြစ်ဖြစ် သင့်တင့်အောင်တော့ ထိန်းမှဖြစ်မယ် ထင်တယ်။ အဲလိုမဟုတ်လို့ ဘုန်းကြီးတွေ မခံနိုင်ဖြစ်ရင်တော့ တတိုင်းပြည်လုံး အနေအထားအရဆိုရင် ခင်ဗျားတို့ စစ်သားတွေထက် အင်အားများမယ် ထင်တယ်ဗျ” ဟု ရိုးရိုးလေး ပြုံးပြီးပြောတော့ ဘေးက ရဲဘော်လေးတယောက်က “ဟုတ်တယ် ဦးဇင်း။ တပည့်တော်တို့လည်း အဲလိုကြားတော့ စိတ်မကောင်းဘူး။ တပည့်တော်တို့ အမျိုးတွေလည်း ဘုန်းကြီးထဲမှာ အများကြီးရှိတာဆိုတော့ ကိုယ့်ရှေ့မှာဆိုရင် ရိုက်တဲ့ကောင်တွေနဲ့ နပမ်းလုံးမိမှာပဲ။ တကယ်တော့ စစ်သားတိုင်းက မလွဲသာလို့သာ စစ်တပ်ထဲနေရပြီး သေနတ်ကိုင်ထားရပေမယ့် လူရိုင်းတွေ မဟုတ်ကြဘူး ဆိုတာကိုတော့ နားလည်ပေးစေချင်တယ် ဘုရား။ ဒါပေမဲ့ ဦးဇင်းတို့ လုပ်ရမယ်နော်။ ဦးဇင်းတို့ ညီညီညွတ်ညွတ်နဲ့ အင်အားများလာရင် ဒီဘက်ကလည်း လက်လျှော့မှာ။ အများစုက ဗုဒ္ဓဘာသာတွေပဲ။ ဒီလောက်လည်း ရိုင်းကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သတိတော့ထားပေါ့ဘုရား။ ဘာပဲဖြစ်ဖြစ် တပည့်တော်တို့ ဘဝက ကိုယ်တော်တို့ ကယ်မှ ဖြစ်မှာ” ဟူ၍ လေးနက်စွာ ပြောလေသည်။ မိမိကလည်း “အေးဗျာ ဒီလိုပဲ တဖြေးဖြေးတော့ ဖြစ်လာရမှာပေါ့” ဟု ဆိုကာ နှစ်သိမ့်ခဲ့ရ၏။ ထို့နောက် သာစည်သို့ ထွက်ခွာမည့် ရထားဆိုက်လာ၍ မိမိလည်း ဘူတာရုံအတွင်းသို့ ဝင်ခဲ့ရတော့သည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment