လာရီဂျေဂင်
ဘန်ကောက် (မဇ္ဈိမ)။ ။ အချိန် နှင့်အမျှ ကျဆင်း နေသော ဆက်ဆံရေး နှင့်အတူ အလွန်ရင်း နှီးသော အိမ်နီးချင်း မဟာမိတ် တရုတ် နှင့် မြန်မာကြား နယ်စပ် ပြဿာနာ များပေါ်တွင် တည်မှီ နေသော အကွဲအပြဲသည် တဖြည်းဖြည်း ကြီးထွား လာသည်။ စစ် အစိုး ရကို အဓိက အကျိုးပြုသူ တရုတ်သည် သူ၏ မကျေနပ်မှု များကို လူသိရှင်ကြား ပြသလာ နေသလို၊ ပြီးခဲ့သည့် သတင်းပတ် အနည်းငယ်က ပေကျင်း သည် လုပ်နေကျ မဟုတ်ဘဲ ပိုမို ပွင့်လင်းသော ဝေဖန် မှုများ ပြုလုပ်လာ ခဲ့သည်။
တရုတ်သည် ပေကျင်း၊ နေပြည်တော်နှင့် နယူးယောက်တွင် များပြားလှသော သံတမန်ကိစ္စများနှင့် တုံ့ပြန်ခဲ့သည်။ တရုတ်သည် သူ၏ ဆက်ဆံရေး ထိုင်းမှိုင်းနေမှုကို စိုးရိမ်ပူပန်လျက် သူတို့၏ အကျွမ်းကျင်ဆုံး ညှိနှိုင်းရေးသမားဖြစ်သူ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီအား လွန်ခဲ့သည့် ၁၀ ရက်အတွင်း မြန်မာနိုင်ငံသို့ လျှို့ဝှက်အဖွဲ့အဖြစ် စေလွှတ်ခဲ့သည်ဟု မြန်မာအဆင့်မြင့် အာဏာပိုင်များ အဆိုအရ သိရသည်။
ပထမဆုံး အကွဲအပြဲကိုပြသော သင်္ကေတမှာ နှစ် ၂၀ လုံးလုံး အပစ်ရပ် ကိုးကန့်လူမျိုးစု တော်လှန်ရေးအဖွဲ့အား စစ်တပ်က ထိုးစစ်ဆင်လိုက်ချိန်တွင် စတင်ခဲ့သည်။ ဒုက္ခသည် ထောင်ပေါင်းများစွာသည် မြန်မာပြည်မြောက်ပိုင်း နယ်စပ်တလျှောက်မှ ပြည်တွင်းစစ်ကို စိုးရိမ်ကာ၊ နယ်စပ်ဖြတ်ကျော်လာသည်ကို တရုတ်အစိုးရ လန့်ဖြန့်သွားခဲ့သည်။ မြန်မာအပေါ် ထားရှိသော ပေကျင်း၏ သဘောထားတွင် မြန်မာနှင့် အမေရိကန်၏ အနာဂတ်ဆက်ဆံရေးအပေါ် ရှိနေသော စိုးရိမ်မှုကိုပါ ပေါင်းစပ်ပါဝင်လာသည်။ ပေကျင်းသည် ဝါရှင်တန်၏ စစ်အစိုးရနှင့် ဆွေးနွေးရန် ကမ်းလှမ်းမှုကို စိုးရိမ်လာခဲ့သည်။
“ပေကျင်းဟာ မြန်မာစစ်အစိုးရရဲ့ မဆင်မခြင် ချဉ်းကပ်မှုတွေကြောင့် သူတို့ရဲ့ ပုံမှန်အားဖြင့် ခိုင်မာတဲ့ ဆက်ဆံရေးကနေ နောက်ကို ပြန်ဆုတ်သွားရတာပါ“ ဟု ချင်းမိုင်တက္ကသိုလ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ပြောသည်။ ”ဒါပေမဲ့လည်း ဒါဟာ ဆက်ဆံရေးကို အများကြီး ပြောင်းလဲသွားဖို့ထက်၊ ပြဿာနာနည်းနည်း ရှိနေတယ်ဆိုတာကိုပဲ သက်သေပြနိုင်တာပါ“ ဟု သူက ဆက်ပြောသည်။
တရုတ်တွင် မြန်မာနိုင်ငံအတွင်း ကြီးမားသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် စိုးရိမ်မှုများစွာ ရှိနေသည်။ အထူးသဖြင့် ရေနံပိုက်လိုင်းစီမံကိန်း၊ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ခရိုင်သို့ မြန်မာပြည်အနောက်ဘက် ရခိုင်ကမ်းလွန်မှ ရေနံ ပို့ဆောင်ခြင်းတို့ ဖြစ်သည်။ သို့သော် တရုတ်သည် နှစ်နိုင်ငံနယ်စပ်တလျှောက် ဖြစ်ပေါ်နေသော တိုးပွားလာသည့် ပြဿာနာများနှင့် မြန်မာပြည်တွင် နေထိုင်သော တရုတ်လူမျိုးများ၏ လုံခြုံရေးတို့အတွက်ပါ စိုးရိမ်နေရသည်။ တရုတ်လူမျိုး တသန်း၏ လေးပုံတပုံခန့်သည် လွန်ခဲ့သည့် ၁ဝ နှစ်အတွင်းက စီပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရန် မြန်မာပြည်မြောက်ပိုင်းသို့ နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့ကြသည်။
နယ်စပ်ဒေသမှ ပျက်စီးနေသော အခြေအနေများနှင့်အတူ လုံခြုံရေးအတွက် စိုးရိမ်မှု တိုးပွားလာနေသည်။ ပြီးခဲ့သည့် အပတ်က ယူနန်ပြည်နယ်မြို့တော် ကူမင်းအခြေစိုက် အစိုးရထိန်းချုပ်သော ခရိုင် ရုပ်မြင်သံကြားက မြန်မာနိုင်ငံအတွင်း ရှိနေသော တရုတ်နိုင်ငံသားများ နေရပ်သို့ အမြန်ဆုံးပြန်လာရန် တရုတ်အစိုးရ၏ ကြေညာချက်ကို ထုတ်လွှင့်ခဲ့သည်။
၎င်း၏ နောက်တွင် လွန်ခဲ့သည့်လက ဖြစ်ပွားခဲ့သော ကိုးကန့်တပ်ဖွဲ့နှင့် စစ်တပ်ကြား စစ်ရေးပဋိပက္ခတွင် နယ်စပ်ဒေသ၌ နေထိုင်သော တရုတ်နိုင်ငံသားများ ဆက်ဆံခံခဲ့ရသည်များကို လွန်ခဲ့သည့် ရက်ပိုင်းကတည်းက တရုတ်က စစ်အစိုးရကို ပုံမှန်ပင် ပြစ်တင်ဝေဖန်လာခဲ့သည်။ ပြီးခဲ့သည့်တပတ်ထုတ် ကြေညာချက်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးက တရုတ်နှင့် နယ်ချင်းကပ် မြန်မာပြည်အရှေ့မြောက်တွင် ကိုးကန့်နှင့် ဖြစ်ပွားခဲ့သော ပြဿာနာသည် ထိုဒေသရှိ တရုတ်နိုင်ငံသားများ အခွင့်အရေးများနှင့် အကျိုးစီးပွားကို ထိခိုက်စေခဲ့သည်ဟု ပြောခဲ့သည်။ စစ်အစိုးရအနေနှင့် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် သေချာစွာ လုပ်ဆောင်သင့်သည်ဟု ပြောသေးသည်။
စစ်အစိုးရက ဒေသတွင်း၌ ငြိမ်းချမ်းရေး ပြန်ရနေပြီး တရုတ်နယ်စပ်သို့ ထွက်ပြေးသော ဒုက္ခသည်အများစု ပြန်လာပြီဟု ပြောဆိုခဲ့သည်။ သို့သော် မြန်မာနှင့် ထိစပ်နေသော တရုတ်ပြည်နယ်စပ်ရှိ ဒေသခံများအဆိုအရ ကိုးကန့်ဒေသမှသာ မဟုတ်ဘဲ ထောင်ပေါင်းများစွာတို့သည် နယ်စပ်ကိုဖြတ်ကျော်ကာ ခိုလှုံရာ ရှာဖွေနေဆဲဟု ဆိုသည်။ အများစုမှာ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည်။ ဒုက္ခသည် ၄ သောင်းနီးပါးသည် တိုက်ပွဲများ ဖြစ်ပွားချိန်တွင် တရုတ်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။
သူတို့သည် တရုတ်အာဏာပိုင်များက ဆောက်လုပ်ပေးသော ယာယီဒုက္ခသည်စခန်းများ၌ နေထိုင်ကြသည်။ တရားဝင်ပင် ထိုဒုက္ခသည်များကို ထိုအချိန်ကတည်းက သီးခြားခွဲထားကာ မြန်မာပြည်သို့ ပြန်ပို့ခဲ့သည်။ “ကိုးကန့်မြို့တော် လောက်ကိုင်ဟာ သရဲသဘက်မြို့လို ရှိနေဆဲပါပဲ“ ဟု မကြာသေးခင်က ထိုဒေသကို သွားရောက်ခဲ့သော နိုင်ငံခြားသား ဧည့်သည်တဦးက မဇ္ဈိမကို ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အဓိက နယ်စပ်မြို့တော် အပါအဝင် အဓိကမြို့ကြီးများ အများစုမှာလည်း ပြောင်တလင်းခါနေသည်ဟု သူက ဆက်ပြောသည်။
နယ်စပ်တလျှောက် အနောက်ဘက် ကချင်ဒေသမှ အရှေ့ဘက် ရှမ်းဒေသအထိမှ ဒေသခံများသည် အခြား တော်လှန်ရေး အင်အားစုများ အထူးသဖြင့် ကချင်၊ ဝ နှင့် စစ်တပ်ကြား ဖြစ်ပွားလာနိုင်သည့် တိုက်ပွဲများကို စိုးရိမ်ကြောက်ရွံ့သဖြင့် တရုတ်ပြည်တွင်းသို့ ထွက်ပြေးနေသည်ဟု ထိုဒေသသို့ စီးပွားရေးလုပ်ရန် သွားရောက်ခဲ့သော အိန္ဒိယ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။ “လူတိုင်းက နှစ် ၂ဝ ရှိပြီဖြစ်တဲ့ အပစ်ရပ် သဘောတူညီချက်ကို မြန်မာစစ်ဗိုလ်ချုပ်တွေက ဖျက်ဆီးပစ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတော့မှာကို စိုးရိမ်နေကြတယ်“ ဟု တရုတ်နယ်စပ်မြို့ ရွှေလီ၌ နေထိုင်သော ကချင် ကျောင်းသားတဦးက ပြောသည်။
“စစ်အစိုးရရဲ့ ရည်ရွယ်ချက်ဟာ နောက်နှစ်မှာလုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသားတော်လှန်ရေး တပ်တွေကို လက်နက်ဖြုတ်သိမ်းပြီး နယ်ခြားစောင့်တပ် ဖြစ်လာစေဖို့ပဲ“ ဟု ဦးဝင်းမင်းက ပြောသည်။
အပစ်ရပ်အဖွဲ့များသည် အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထား၍ မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်၌ နယ်စပ် ရဲလုံခြုံရေးတပ်များအဖြစ် လက်နက်ဖြုတ်သိမ်းပေးရန် စစ်အစိုးရ၏ အမိန့်ကို လိုက်နာရန်နှင့် လာမည့်နှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ဝင်ရောက်ရန်ဖြစ်သည်ဟု သူက မဇ္ဈိမကို ဆက်ပြောသည်။
ယခုနှစ်အစောပိုင်းတွင် စစ်အစိုးရသည် ထိုတော်လှန်ရေးအဖွဲ့များ အထူးသဖြင့် ဝ နှင့် ကူညီညှိနှိုင်းပေးရန် ၂ဝဝ၄ ခုနှစ် အောက်တိုဘာအတွင်း ရာထူးမှဖြုတ်ချကာ ရန်ကုန်တွင် နေအိမ်အကျယ်ချုပ် ကျခံထားရသော ဝန်ကြီးချုပ်ဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အကူအညီကို ရယူရန် ကြိုးစားခဲ့သည်။ ဦးခင်ညွန့်သည် လွန်ခဲ့သည့် နှစ် ၂၀ က ယခုအပစ်ရပ်များကို သဘောတူညီချက် စတင်ဦးဆောင်ပြုလုပ်ခဲ့ကာ၊ သူ့ကို တိုင်းရင်းသား ခေါင်းဆောင် အများအပြားက ယုံကြည်ကြဆဲဖြစ်သည်။ သူက ရာထူးချခံရပြီးနောက် ထောင်ချခံခဲ့ရသော သူ၏ စစ်ထောက်လှမ်းရေး အရာရှိ ၃၀၀ ကို ပြန်လွှတ်ပေးလျှင် လုပ်ဆောင်ပေးမည်ဟု သဘောတူခဲ့သည်။ စစ်အစိုးရက သူ၏ တောင်းဆိုမှုကို ငြင်းဆိုခဲ့ကာ၊ နယ်စပ်တလျှောက်ရှိ အဓိက တိုင်းရင်းသား အင်အားစုများဖြစ်သော ကချင်၊ ကိုးကန့်၊ ဝနှင့် အလွန်တရာ နီးကပ်သော ဆက်ဆံရေးရှိသည့် တရုတ်ဘက်သို့ လှည့်လာခဲ့သည်။ တရုတ်၏ အကူအညီပေးရန် တုံ့ဆိုင်းနေမှုက စစ်အစိုးရ ခေါင်းဆောင်များကို ဒေါသထွက်စေခဲ့သည်။
ယခုအခါ ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် စစ်အစိုးရကို စစ်မှန်သည့် နိုင်ငံရေး အပြောင်းအလဲနှင့် မိတ်ဆက်ပေးနိုင်ရန် တွန်းအားပေးရေးအတွက် အပြည်အပြည်ဆိုင်ရာမှ ချဉ်းကပ်မှုများအပေါ် အရေးကြီးသော ရိုက်ခတ်မှု ဖြစ်ပေါ်စေနိုင်သည့် နိုင်ငံနှစ်ခုအကြား တည်ရှိနေသော ထင်ရှားသည့် အက်ကွဲကြောင်းသည် ပိုမို၍ သက်သေပြလာနိုင်သည်။
နယ်စပ်ဒေသရှိ အထူးသဖြင့် ကိုးကန့်နှင့် " ဝ " ကဲ့သို့သော တိုင်းရင်းသား အုပ်စုအများစုသည် စစ်အစိုးရနှင့် အပစ်ရပ် သဘောတူညီမှု ရယူထားသလို၊ အစဉ်အလာအားဖြင့်လည်း တရုတ်အာဏာပိုင်များနှင့် နီးကပ်သော ဆက်သွယ်မှုများ ရှိနေသဖြင့် နှစ်နိုင်ငံအကြား ကြီးထွားလာသော ဆန့်ကျင်ကွဲပြားလာမှုသည် ထိုဒေသကို သိသာစွာ သက်ရောက်နိုင် သည်။ စီးပွားရေးနှင့် ယဉ်ကျေးမှုအရပါ ထိုဒေသသည် မြန်မာထက် တရုတ်နှင့် ပိုမိုနီးစပ်လေသည်။
ထိုတိုင်းရင်းသားခေါင်းဆောင် အများအပြားသည် ကျန်းမာရေး ကုသမှုခံယူရန် နယ်စပ်ဖြတ်ကျော်၍ တရုတ်ဆေးရုံများသို့ သွားရောက်သလို၊ သူတို့၏ သားသမီးများကို တရုတ်ကျောင်းများသို့ ပို့ထားသည်။ တရုတ်ဘာသာစကားနှင့် တရုတ်ငွေ ယွမ်ကိုပင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နှင့် ဝ" ဒေသတခုလုံး၌ သုံးစွဲကြသည်။
မြန်မာပြည်တွင်းရှိ သူတို့၏ တိုင်းရင်းသား ညီအကိုများဖြစ်သော ဝ"၊ ကိုးကန့်နှင့် ဗဟိုအစိုးရအကြား ရွေးချယ်ရန် ပေကျင်းကို ဖိအားပေးသည့် မည်သည့်အရာမဆို ပေကျင်းအား ကြီးမားသော ပြဿာနာ ဖြစ်စေသည်။ အဆုံး၌ မြန်မာနှင့် တရုတ်၏ တကယ့် သဘာဝအခြေအနေကို ထင်ရှားစွာ ပြသပေလိမ့်မည်။
ပေကျင်းသည် ယခုအခါ မြန်မာ၏ ပိုမိုရှည်ကြာသော စောင့်သိမှုနှင့်ပတ်သက်၍ ပိုမို စိတ်ပူပန်နေရသည်။ စစ်အစိုးရသည် ပြီးခဲ့သည် နှစ်အနည်းငယ်တွင် တရုတ်၏ အဓိကမဟာမိတ်ဖြစ်ကာ၊ အရှေ့တောင်အာရှမှ နည်းဗျူဟာမြောက် မိတ်ဆွေ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဝါရှင်တန်နှင့် မြန်မာအကြား စတင်ဖွင့်လှစ်လာသော ညှိနှိုင်းမှုသည် တရုတ်ခေါင်းဆောင်များကို စိတ်အနှောင့်အယှက်ဖြစ်စေကာ၊ သူတို့သည် ဒေသတွင်းတွင် အမေရိကန်၏ ဆက်ဆံရေး ပြန်လည်တည်ဆောက်မှုကို သံသယရှိနေဆဲဖြစ်ပြီး၊ အမေရိကန်က တရုတ်ကို ထိန်းချုပ်ရေး နည်းဗျူဟာဟောင်းသို့ ပြန်ရောက်သွားမည်ကိုပါ စိုးရိမ်နေသည်။ ထိုဒေသကို ပေကျင်းက သူ၏ နောက်ဘက်ခြံအဖြစ် သဘောထားကာ လွှမ်းမိုးရန် မည်သည့် ကြိုးပမ်းမှုကိုမဆို ကြိုဆိုမည် မဟုတ်ပေ။
တရုတ်က အရှေတောင်အာရှမှ သူ၏ လွှမ်းမိုးမှု ကျဆင်းလာနေပြီလောဟူ၍ စိုးရိမ်နေသည်။ ဗီယက်နမ်သည် မည်သည့်အခါကမှ ခိုင်မာစွာ ထောက်ခံခဲ့သူ မဟုတ်ခဲ့သလို၊ ပေကျင်းက စိုးရိမ်နေသမျှ ကာလပတ်လုံး တခါတရံတွင် ဟနွိုင်း၏ အဓိက အကျိုးစီးပွားသည် ဝါရှင်တန်နှင့် အဆင်ပြေနေသည်။ မကြာသေးခင်က ကမ္ဘောဒီးယားနှင့် ထိုင်းသည် အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲလိုက်သောအခါ တရုတ်၏ နည်းဗျုဟာဆိုင်ရာ စိုးရိမ်မှုသည် ပိုမိုတိုးပွားလာသည်။
ယခုအခါ သူ၏ ကျောက်သားကဲ့သို့ ခိုင်မြဲခဲ့သော မဟာမိတ်သည် ဝါရှင်တန်နှင့် ဆက်ဆံရေးတိုးမြှင့်၍ ဆွဲဆောင်မှုများ စတင်ပြုလုပ်နေပေပြီ။ “တရုတ်ဟာ မြန်မာပြည်က မကြိုဆိုသင့်တဲ့ ထိုးဖောက်ဝင်ရောက်လာမှုတွေကို ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ တုံ့ပြန်ပါလိမ့်မယ်“ ဟု ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိရေးသူနှင့် မြန်မာ့အရေး ကျွမ်းကျင်သူ ဗြိတိန်နိုင်ငံသား ဂျပ်စတင်ဝင်တယ်က မဇ္ဈိမကို ပြောသည်။
ပေကျင်း၏ လက်ရှိ စိုးရိမ်မှုသည် သူတို့၏ မတည်ငြိမ်သော အခြေခံရှိသည့် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှ ထွက်ပေါ်လာခြင်းပင်။ တရုတ်အစိုးရသည် စစ်အစိုးရကို သံသယရှိဆဲပင်။ “ကျနော်တို့ ထိုင်းနဲ့ တွေ့တဲ့အခါ သူတို့က တရုတ်ကိုပဲ ကြည့်တယ်။ တရုတ်နဲ့ပဲ စကားပြောတယ်။ ဒါပေမဲ့ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ သူတို့က တရုတ်နဲ့ စကားမပြောဘဲ၊ တောင်အာရှကိုပဲ ကြည့်တယ်“ ဟု အဆင့်မြင့် တရုတ်အစိုးရ အရာရှိတဦးက ပြောသည်။
“မြန်မာနဲ့ တရုတ်ဟာဆိုရင် တကယ့်မိတ်ဆွေတွေ မဟုတ်ပါဘူး။ ဥပမာ - ထိုင်းနဲ့လိုပေါ့။ ဒါဟာ မက်ခီယာဗယ်လီရဲ့ ဆက်ဆံရေးမျိုးပါပဲ။ (မက်ခီယာဗယ်လီသည် နိုင်ငံရေးတွင် လှဲ့စားမှုများ တင်ပြခဲ့သူ ဖြစ်သည်) ။ အဲ့ဒါကတော့ ‘ကျနော်တို့ အဓိက လိုချင်တာအတွက် အဲဒီမှာ ရှိနေတာပါ။ သူတို့လည်း သူတို့လိုချင်တာအတွက် အဲဒီမှာ ရှိနေတာပါ’ “ ဟု သူက ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးအရဆိုလျှင် ထိုအရာသည် လွယ်ကူစွာ ရွှေ့ပစ်နိုင်သော ဆက်ဆံရေးမျိုး ဖြစ်သည်။ “ဒါပေမဲ့ အဲဒါဟာ မကြာခင်မှာ ပိုပြင်းထန်လာနိုင်မှာတော့ မဟုတ်ပါဘူး“ ဟု ဦးဝင်းမင်းက ပြောသည်။ “မြန်မာဟာ တရုတ်ကို စီးပွားရေးအရ အရမ်းကို မှီခိုနေရပြီး၊ ပေကျင်းကို သူ့ရဲ့ အဓိက မဟာမိတ်အဖြစ်ကနေ စွန့်ပစ်လိုက်ဖို့ တကယ်စဉ်းစားဖို့ဆိုတာ အရမ်းကို ဝေးလွန်းပါတယ်“ ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၉ဝ ရာခိုင်နှုန်းကျော်သည် တရုတ်ပင် ဖြစ်သည်။ အနောက်ကမ္ဘာက ဦးဆောင်သော စီးပွားရေးပိတ်ဆို့မှု ဆက်ရှိနေစဉ် မဝေးသော အနာဂတ်တွင် ပြောင်းလဲနိုင်ရန်မှာ မဖြစ်နိုင်ပေ။
“စီးပွားရေး ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာဖြစ်ပြီး၊ တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ စဉ်းစားပါတယ်“ ဟု ပြီးခဲ့သည့်လက မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂ နှစ်ပတ်လည် အထွေအထွေညီလာခံ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သံသယ ရှိစရာမလိုအောင်ပင် မြန်မာ၏ အမေရိကန်နှင့် ဆွေးနွေးချင်လာသော စိတ်ဝင်စားမှုသည် စစ်အစိုးရ၏ အဓိက စိုးရိမ်မှုဖြစ်သော စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်ပေးရန်၊ အပြည်ပြည်ဆိုင်ရာမှ လူသားချင်း စာနာထောက်ထားသော အကူအညီနှင့် ဖွံ့ဖြိုးရေး အကူအညီများ နိုင်ငံတွင်း လှိမ့်ဝင်လာစေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်ရန်တို့ကြောင့် ရုန်းထလာရခြင်း ဖြစ်သည်။
“ဗိုလ်ချုပ်တွေဟာ ထောက်ခံသူနိုင်ငံ တခုထဲပေါ်မှာ အရမ်းမှီခိုရတာကို မကြိုက်ကြမှာ သေချာသလို၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ အာဆီယံလိုမျိုး၊ အိန္ဒိယလိုမျိုးနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးတွေအားဖြင့် တရုတ်ရဲ့ လွှမ်းမိုးမှုကို ချိန်ညှိဖို့ ကြိုးစားကြမှာ ဖြစ်ပေမယ့်လည်း သူတို့ဟာ တရုတ်နဲ့ ဆက်ထားတဲ့ အသက်သွေးကြောကြီးကို မဝေးတော့တဲ့ အချိန်မှာ ဖြတ်ဖို့တော့ စဉ်းစားကြမှာ မဟုတ်ပါဘူး“ ဟု ဦးဝင်းမင်းက ပြောသည်။
သို့သော် စစ်အစိုးရ ခေါင်းဆောင်များသည် ပေကျင်းနှင့်ပတ်သက်ပြီး စိတ်ပျက်နေသည်ဆိုသော အချက်မှ ပြေးထွက်၍ မရပါ။ တရုတ်သံရုံးသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားအတွက် များပြားလှသော အခမ်းအနားများ ပြုလုပ်ခဲ့သည်။ နောက်တနေ့ မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် သံမှူး၏ မိန့်ခွန်း သို့မဟုတ် နေရာ၊ ဖြစ်ရပ်၏ အရေးကြီးမှုကို အနည်းငယ်မျှသာ ဖော်ပြခဲ့ကာ၊ ထိုအစား အတွင်းရေးမှူး (၁) ၏ တက်ရောက်မှုကို သိသာစွာ အရေးစိုက်ဖော်ပြခဲ့သည်။ ၎င်းသည် ပြီးခဲ့သည်လက မြန်မာတိုင်းမ်တွင် တိဘက်ခေါင်းဆောင် ဒလိုင်လားမား ထိုင်ဝမ်သို့ ကြွရောက်သွားသော သတင်းဆောင်းပါးကို ဖော်ပြခွင့်ပြုခဲ့ပြီး၊ နောက်ထပ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်များသည် စစ်အစိုးရက တရုတ်အား မကြိုက်နှစ်သက်သော သင်္ကေတကို ရှင်းလင်းစွာ အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် တရုတ်လျှို့ဝှက်အဖွဲ့မှ မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တွေ့ရှိပြီးနောက်တွင် တွေးဆမှုများသည် ပြင်ဆင်မှုများပေါ်တွင် ရောက်ရှိနေပြီး ဖြစ်ကောင်းဖြစ်နေနိုင်သည်။ တရုတ်သည် စစ်အစိုးရနှင့် အကာအရံများကို ပြန်လည်ပြင်ဆင်ရန် ဝရုန်းသုန်းကားပင် ကြိုးစားနေသည်။ ဥပမာတခုအနေနှင့် ယခုလတွင် ကုလလုံခြုံရေးကောင်စီ၌ မြန်မာကို အစည်းအဝေး၌ ဆွေးနွေးရန် ခေါင်းစဉ်အဖြစ် မပါရှိစေရေး သေချာစေရန် တရုတ်မှ သံတမန်ရေးရာအရ စတင်ခဲ့မှုပင် ဖြစ်သည်။
ပေကျင်းသည် တိုးပွားလာသော စိုးရိမ်မှုများနှင့် မည်သည့် မြန်မာနှင့် အမေရိကန်ကြား နောက်ထပ် ညှိနှိုင်းမှုများကိုမဆို စောင့်ကြည့်မည်သာ ဖြစ်သည်။ ယခုအချိန်အထိ ၎င်းသည် နီးကပ်သော လုပ်ဖော်ကိုင်ဘက် နှစ်နိုင်ငံကြား၊ ပေါက်ဖော်များအကြား သို့မဟုတ် ဇနီးမောင်နှံကြားတွင်ပင် ငြင်းခုန်စရာ ပြဿာနာ ဖြစ်နေသည်ဟု ထိုအခြေအနေများကို နီးကပ်စွာ စောင့်ကြည့်နေသော အာရှသံတမန်တဦးက ဆိုသည်။
သို့သော် အဆုံးတွင် အပေါ်စီးရမည့်သူမှာ မြန်မာပင် ဖြစ်နိုင်သည်။ တရုတ်၏ မြန်မာနိုင်ငံတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေးပတ်သက်မှုများက စစ်အစိုးရအား အပေါ်စီးရမှုကိုသာ ပိုမိုစေသည်။ ယခုကိစ္စမှာ စစ်အစိုးရခေါင်းဆောင်များသည် သူတို့၏ ကြွက်သားများကို မည်မျှအထိ အတိုးအလျော့ ပျော့ပြောင်းနိုင်ကြမည်လည်းဆိုသည်ပင် ဖြစ်သည်။
No comments:
Post a Comment