Saturday, October 17, 2009
စာမျက်နှာများ ရေးဖွဲ့ခြင်းနှင့် ပါးလျှသော မျဉ်းတကြောင်း၏ တဖက်တချက်
အံ့သြစရာ ကောင်းတာတခုကို ကျနော် သတိထားမိခဲ့တာ နှစ်ပိုင်းလောက်တော့ ရှိပါပြီ။ ပြောရရင် ခပ်ငယ်ငယ် ကျောင်းသားဘဝ ၁၉၇၆ ခုနှစ် ကျောင်းသားသပိတ်အပြီး အကျဉ်းကျခံနေရတဲ့ အချိန်တုန်းက ကျနော်တို့ ကဗျာလေးတွေ စမ်းသပ်ရေးဖွဲ့ ဖြစ်ခဲ့ကြပါတယ်။
ကဗျာဖြစ်တာတွေ ပါသလို၊ ကဗျာမဖြစ်တာတွေလည်း ပါမှာပါပဲ။တခါတလေ လတ်လတ်ဆတ်ဆတ် လေ့လာဆည်းပူး ထားတဲ့ နိုင်ငံရေးအတွေး အခေါ်တွေ၊ သဘောတရားတွေနဲ့ လောလောလတ်လတ် တွေ့ကြုံ ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသား နိုင်ငံရေးသမား၊ ကျောင်းသား နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အတွေ့အကြုံက ယှဉ်တွဲနေလေတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ရေးတဲ့နေရာမှာ အတုံးလိုက်၊ အတစ်လိုက် ချသုံး ရေးဖွဲ့လိုက်တာတွေ ရှိခဲ့ပါတယ်။
ကျနော်တို့ ကျောင်းသားလူငယ်တွေကို စာနာနားလည်ခဲ့ကြတဲ့ အကျဉ်းထောင်က တာဝန်ရှိ ပုဂ္ဂိုလ်တချို့နဲ့ အစောင့်ဝါဒါတွေရဲ့ အကူအညီနဲ့ ကျနော်တို့ရဲ့ ကိုယ်တိုင်လက်ရေးမူ ကဗျာအတော်များများကို ထိန်းသိမ်း သယ်ဆောင် သွားနိုင်ခဲ့ပါတယ်။ (မလွတ်ခင်ကတည်းက အိမ်ကို ကြိုပြီး ပို့ထားလိုက်ခဲ့တာပါ။)
အကျဉ်းထောင်က လွတ်တော့ တွဲဖက် ကျောင်းဆရာတွေအဖြစ် ကျေးလက်လူထုကြား ဆင်းပြီး၊ ပညာပေးပညာယူ လုပ်ခဲ့ကြ၊ တပြိုင်နက်ထဲမှာ ကဗျာ၊ အက်ဆေး၊ ဆောင်းပါးတွေ ရေးကြ။ အများအားဖြင့်တော့ နိုင်ငံရေးကဲ အနုပညာအားနည်းတဲ့ ကဗျာတွေ၊ အက်ဆေးတွေပါပဲ။
နောက် မတရားမှုကို မခံနိုင်တဲ့စိတ်၊ အာဏာရှင်ကို ဆန့်ကျင်အံတုချင်တဲ့ စိတ်နဲ့ ပြည်သူလူထုကို အကျိုးပြုချင်တဲ့ စိတ်တွေကြောင့် အာဏာရှင် စနစ်၊ အာဏာရှင်အစိုးရ ဖြုတ်ချပစ်ဖို့ ကြိုးစားနေကြတဲ့ အကိုအရွယ်၊ ဦးလေးအရွယ် နိုင်ငံရေး သမားဟောင်းတချို့၊ ကျောင်းသားခေါင်းဆောင် ဟောင်းတချို့နဲ့ မိတ်ဆွေဖွဲ့မိ တွဲမိ၊ အစိုးရ ဆန့်ကျင်ရေးတွေ ပါဝင် လုပ်ဆောင်ခဲ့ကြပါတယ်။ (ထောင်ကျထားတဲ့ အတွေ့အကြုံ အပေါ်လည်း ထင်တလုံး နဲ့ပေါ့လေ။)
တဖက်က ကျေးလက်ကျောင်းဆရာတွေ ဖြစ်နေတော့ ကျောင်းနံရံကပ် စာစောင်လေးတွေ ထုတ်ဝေပေးရင်း အထိမ်းအမှတ်နေ့တွေမှာ သူငယ်ချင်းတွေစုပြီး စာကူးစက် ကဗျာစာအုပ်လေးတွေ ထုတ်ဖြစ်နဲ့၊ ကဗျာတွေ၊ စာတွေ တော်တော်များများ ရေးဖြစ်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
ကျနော်တို့ကို ကဗျာတွေ၊ စာတွေ ရေးဖြစ်အောင် အဓိက စေ့ဆော်ခဲ့တဲ့ တွန်းအားကတော့ အမှန်တရား၊ တရားမျှတမှု၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ စိတ်ပါပဲ။ တပြိုင်နက်ထဲမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်လို့ အဖိနှိပ်ခံရတဲ့ ပြည်သူလူထုကို အကျိုးပြုလို စိတ်နဲ့ပေါ့လေ။
ဒါကြောင့် ကျနော်(တို့) ရေးခဲ့တဲ့ ကဗျာတွေစာတွေ အားလုံးရဲ့ ဦးတည်ချက်က အဲဒီလမ်းကြောင်းပါပဲ။ ပြည်သူတွေရဲ့ တကယ့်ဘဝကို ထင်ဟပ်ရေးဖွဲ့ခဲ့တာတွေပဲ များပါတယ်။
အဲဒီလိုနဲ့ ကျေးလက်ကျောင်းဆရာတွေအဖြစ် တဖက်က လုပ်ကိုင်ရင်း၊ ကဗျာတွေ၊ စာတွေ ရေးရင်း တဖက်ကလည်း စစ်အာဏာရှင် အစိုးရ (အရေခြုံ မဆလ) ကို ဖြုတ်ချဖို့ နိုင်ငံရေးအရ လျှို့ဝှက်လှုပ်ရှားရင်း လူငယ်ဘဝကို ဖြတ်သန်းခဲ့ကြတဲ့အတွက် နှစ်တွေကြာလာတာနဲ့အမျှ လူထုဘဝအဖွဲ့၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအဖွဲ့ ကဗျာတွေစာတွေ တစတစ စုဆောင်းမိလာတယ်လို့ ဆိုရပါလိမ့်မယ်။
ဒီလိုနဲ့ပဲ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်လာ၊ ကျနော်တို့ကလည်း ကိုယ်ကျရာတာဝန်၊ ကျရာနေရာကနေ ဒီမိုကရေစီအရေး တော်ပုံကြီးအတွက် ဆောင်ရွက်ပေါ့လေ။
နောက်ဆုံးမှာတော့ လက်နက်နဲ့ အာဏာကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်အား ကောင်းပြီး၊ မက်လုံးပေးရက်ရောတဲ့ ထောက်လှမ်းရေး ယန္တရားကြီး ရှိတဲ့ စစ်အစိုးရဟာ ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစု မြေအောက်လှုပ်ရှားမှုတွေရဲ့ အားနည်းချက် တွေပေါ်မှာ စီးနင်း အနိုင်ယူ သွားနိုင်ခဲ့တဲ့အတွက် လူထုဒီမိုကရေစီ အရေးတော်ပုံကြီး အောင်ပွဲရလုဆဲဆဲ အခြေအနေမှာ ကျဆုံး ရှုံးနိမ့် သွားခဲ့ရပါတယ်။
အဲဒီအချိန်မှာ ကျနော်တို့လည်း အစိုးရရဲ့ စစ်ခုံရုံးတခုက နှစ်ရှည်ထောင်ဒဏ် ချမှတ်တာကို ခံခဲ့ရလို့ နံရံလေးဖက်နဲ့ သံတိုင်တွေနောက် ရောက်ခဲ့ ရပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်တော့ မကျခဲ့ပါဘူး။ အခွင့်အရေးရရင် ရသလို စစ်အာဏာရှင်တွေရဲ့ အမိန့်အာဏာတွေကို ဆန့်ကျင်ရင်း ရေးလို့ရသမျှ ကဗျာတွေ၊ အက်ဆေးတွေ၊ ဝတ္ထုတိုတွေ၊ ဆောင်းပါးတွေ အချိန်နဲ့အမျှ ရေးသားခဲ့ပါတယ်။
ဆေးပေါ့လိပ်စည်းပတ် တံဆိပ်ကအစ စီးကရက်ဗူးခွံနဲ့ အတွင်းစက္ကူ၊ အိမ်သာသုံး (တစ်သျှူးပေပါ) စက္ကူလိပ်အဆုံး ရေးလို့ရသမျှ ပစ္စည်းအားလုံး ကို သုံးခဲ့ကြပါတယ်။ အတော်များများကို ဖျက်ဆီးပစ်ခဲ့ရ၊ ပြန်ရှာလို့မရအောင် သိမ်းဖွက်မိခဲ့လို့ ဆုံးရှုံးခဲ့ရပေမယ့် အတော်များများကိုလည်း စာနာ ထောက်ထားတတ်သူတွေရဲ့ အကူအညီနဲ့ ထောင်ပြင်ပကို ထုတ်ယူ သိမ်းဆည်း ထားနိုင်ခဲ့ပါတယ်။
ကျနော်ရဲ့ ပထမဆုံး ပုံနှိပ် ထုတ်ဝေနိုင်ခဲ့တဲ့ နိုင်ငံတကာ ကလေး ကဗျာစာအုပ် (အင်္ဂလိပ်၊ မြန်မာ) လေးဟာ စစ်အစိုးရရဲ့ ထောင်ထဲမှာ ကျနော် ပြန်ဆိုရေးသားခဲ့တာပါ။ အစိုးရရဲ့ စောင့်ကြည့်မှုကနေ ကျနော် တိမ်းရှောင် လွတ်မြောက်ပြီး ထိုင်းနိုင်ငံရောက်မှ ပုံနှိပ်သတင်းစာ၊ ဂျာနယ်နဲ့ အင်တာနက် စာမျက်နှာတွေမှာ ပုံနှိပ်ထုတ်ဝေခံခဲ့ရတဲ့ ကဗျာတွေ အတော်များများဟာလည်း ထောင်ထဲမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
တချို့ကို အကျဉ်းထောင်ထဲမှာ ရေးသားခဲ့တဲ့အတိုင်း အပြင်အဆင်မရှိ ပုံနှိပ်ဖော်ပြနိုင်ခဲ့ပြီး၊ တချို့ကိုတော့ အနည်းအပါး ပြင်ဆင်ကာ ပုံနှိပ်ဖော်ပြနိုင်ခဲ့ပါတယ်။
ကျနော့်ဆောင်းပါးရဲ့ အစမှာ ဖော်ပြခဲ့တဲ့ အံ့သြစရာ ကောင်းတယ်ဆိုတဲ့ အချက်ဟာ ဒါပါပဲ။ ကျနော်တို့ အဲဒီ ၇၀ စုနှစ်၊ ၈၀ စုနှစ်၊ ၉၀ စုနှစ် ကာလ တွေအတွင်း ခံစားရေးဖွဲ့ခဲ့တဲ့ ကဗျာတွေ၊ စာတွေရဲ့ ဦးတည်ချက်နဲ့ ဒီကနေ့ ကျနော် ရေးသားနေတဲ့ ကဗျာတွေ၊ စာတွေရဲ့ ဦးတည်ချက်ဟာ အတူတူပဲ ဖြစ်နေတာပါပဲ။ သုံးစွဲခဲ့တဲ့ နိမိတ်ပုံတွေ၊ အလင်္ကာ တွေဟာလည်း အများစုက အတူတူပဲ ဖြစ်ပါတယ်။ အနည်းအပါး ကွဲပြားအောင် ပြောင်းလဲ သုံးစွဲရတာတွေ ရှိပါတယ်။
ဒါပေမဲ့ ယေဘုယျ ပြောရရင် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ရေးဖွဲ့ခဲ့သမျှ ကဗျာနဲ့ စကားပြေတွေဟာ ဦးတည်ချက်နဲ့ တင်ပြပုံတွေ၊ အသုံးပြု ထားတဲ့ ဥပမာတွေ၊ နိမိတ်ပုံတွေ၊ အကိုးအကားတွေဟာ တူညီနေဆဲပဲလို့ ပြောလို့ ရပါတယ်။ ရေးဖွဲ့တဲ့ ပုံသဏ္ဍာန်သာ အပြောင်းအလဲ ရှိခဲ့ပါတယ်။
အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကလည်း ရှင်းလင်းမြင်သာ ရှိပါတယ်။ အဲဒီအချိန်က မဆလ အရေခြုံ စစ်အစိုးရနဲ့ ၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်ကစပြီး အာဏာသိမ်း မတရားအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ စရိုက်သဘာဝ၊ ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပမ်းပုံ၊ အာဏာနဲ့ စည်းစိမ် ဥစ္စာကို မက်မောပုံ အကျင့်ပျက်ပုံတွေ အားလုံးဟာ တထပ်ထဲနီးပါး တူညီနေလို့ပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ကျနော် ခေတ်ပြိုင်အင်တာနက် ဂျာနယ်ကို တာဝန်ယူစဉ်ကာလ ၂၀၀၄ ခုနှစ်လောက်မှာ ရေးသား ပုံနှိပ်ဖော်ပြခဲ့တဲ့ “စစ်အာဏာရှင် များရဲ့ ဖမ်းလွှတ်ကစားနည်း”၊ “ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး” စတဲ့ ဆောင်းပါးတွေဟာ အခုချိန်မှာ ပြန်ပြီးဖော်ပြမယ် ဆိုရင်လည်း အခြေအနေနဲ့ ကိုက်ညီနေဆဲပဲ ဖြစ်ပါလိမ့်မယ်။
တခြားဆောင်းပါးတွေကို ပြန်ပြီး ရှာဖွေရခက်ခဲလို့ မဖော်ပြနိုင်တော့ပေမယ့် အခုချိန်မှာ ပြန်ပြီး ဖော်ပြမယ်ဆိုရင်လည်း အခြေအနေနဲ့ ကိုက်ညီ နေဆဲဖြစ်တဲ့ ဆောင်းပါးတွေ အများကြီး ရှိဦးမှာပါ။ ကဗျာတွေဆိုလည်း အများကြီး ရှိနေပါလိမ့်မယ်။
ကျနော် တင်ပြလိုရင်းကတော့ စစ်အာဏာရှင် အစိုးရအဆက်ဆက် ဗိုလ်နေဝင်းကစလို့ ဗိုလ်သန်းရွှေအဆုံး စစ်အာဏာရှင် အားလုံးဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ထာဝရ တည်မြဲရေး၊ ပြည်သူလူထုကို စစ်တပ်ရဲ့ ကျေးကျွန် အလုပ်အကျွေး ပြုသူတွေအဖြစ် ထာဝရ ကျွန်ဇာတ်သွင်းရေး၊ စစ်အာဏာရှင်အုပ်စုနဲ့ ဆွေမျိုးသားချင်း အသိုင်းအဝိုင်း အခွင့်ထူးခံ လူတန်းစားတွေသာ အစဉ်အဆက် စည်းစိမ်ခံနိုင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို စစ်အာဏာရှင်တွေက ထိန်းချုပ် နိုင်ရေးအတွက်ပဲ အစဉ်တစိုက် ကြိုးစား လာခဲ့ကြတယ် ဆိုတာပါပဲ။ တကယ်တော့ ဒီကနေ့ စစ်အာဏာရှင်တွေဟာ ပြုပြင်လို့ မရအောင် ကမ်းကုန်နေတဲ့၊ သေသည်အထိ အဆုံးစွန်ဆုံး မိုက်မဲသွားဖို့ စဉ်းစား ဆုံးဖြတ်ပြီးသား ဆေးမရှိတဲ့ လူမိုက်တွေပါ။
သူတို့ ကျဆုံးအသက်မရှိတော့မှဘဲ သူတို့လက်ထဲမှာ မြဲမြဲဆုပ်ကိုင်ထားတဲ့ အာဏာကို စွန့်လွှတ်မယ့်သူတွေ ဖြစ်တယ် ဆိုတာ သေချာနေပါပြီ။
အာဏာရှင် အစိုးရတရပ်ကို ဆန့်ကျင်တော်လှန်ရတဲ့ တော်လှန်ရေးတွေဟာ အချိန်တိုတိုအတွင်း အထိအခိုက် အကျအဆုံး နည်းနည်းနဲ့ ပြီးဆုံး၊ အောင်ပွဲရသွားတယ်ဆိုတာ မရှိသလောက်ပါပဲ။ ကာလရှည်ကြာ ခက်ခဲကြမ်းတမ်း သလို အထိအခိုက်၊ အကျအဆုံးလည်း များပါတယ်။
အလွန် ယုံကြည်ချက် ပြင်းထန်ခိုင်မာဖို့ လိုသလို ဇွဲ၊ လုံ့လ၊ ဝိရိယ၊ အားမာန်သတ္တိ အပြည့်အဝ ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်ကို မလိုလားဘဲ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို လိုလားနှစ်သက်ကြသူတိုင်း စစ်အာဏာရှင်စနစ်ကို ကိုယ်ပါဝင်တိုက်ခိုက်နေတဲ့ စစ်မျက်နှာအရ စွမ်းစွမ်းတမံ၊ ထက်ထက်မြက်မြက် တိုက်ခိုက်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။
ကိုယ်ရွေးချယ် ပါဝင်တိုက်ခိုက်နေတဲ့ စစ်မျက်နှာရဲ့ ပြောင်းလဲနေတဲ့ အခြေအနေတွေကို အသေအချာ လေ့လာ သုံးသပ်ပြီး အခြေအနေအရ တောင်းဆိုလာတဲ့ တိုက်ပွဲပုံစံကို ရွေးချယ်ကျင့်သုံးရပါလိမ့်မယ်။ ဒါပေမဲ့ အဓိက ရန်သူက အပြောင်းအလဲမရှိ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင် တွေသာ ဖြစ်တဲ့အတွက် အဓိက ဦးတည်ချက်ကတော့ အတူတူပဲ ဖြစ်နေမှာပါပဲ။
ဒါကြောင့်လည်း ကျနော်တို့ ရေးသားနေတဲ့ ရသစာပေပဲဖြစ်ဖြစ်၊ ရသမဟုတ်တဲ့ စာပေပဲဖြစ်ဖြစ် ရေးချလိုက်သမျှတွေ အားလုံးဟာ ဦးတည်ချက် ကတော့ တူညီနေတာပဲ ဖြစ်ပါတယ်။
အခုတခါ ပြောင်းလဲလာတဲ့ အခင်းအကျင်းမှာ စစ်အာဏာရှင်တွေဟာ တကယ်ပဲ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကြည့်ရှုလာပါပြီလား၊ ဒါမှမဟုတ် အရင်တုန်းကလိုပဲ ပြည်သူလူထုနဲ့ ကမ္ဘာကို လိမ်လည်လှည့်စားဖို့ ကြိုးစားနေတာပါလား၊ ကျနော်တို့ အသေအချာ စောင့်ကြည့်လေ့လာ ရပါလိမ့်ဦးမယ်။
သေချာပြီဆိုမှ ကျနော်တို့ရဲ့ စာပေရေးသားမှု၊ ဦးတည်ချက်ကို ပြောင်းလဲဖို့ လိုအပ်ရင် ပြောင်းလဲရပါလိမ့်မယ်။ ကျနော်တို့ဟာ မျဉ်းဖြောင့် တကြောင်းကို ရေးဆွဲနေသူတွေ ဖြစ်ကြပါတယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment