ဘရိုင်ယန်မက်ကာတန် (Brian McCartan)
ကရင်ပြည်နယ် အလယ်ပိုင်းရှိ လှိုင်းဘွဲ့မြို့တွင် ထိုးစစ်များကို လွန်ခဲ့သော ၃ လက အများအားဖြင့် ရပ်တန့်သွားပြီ ဖြစ်သော်လည်း ထိုင်း နိုင်ငံ ထဲသို့ ဇွန်လအတွင်းက ထိုးစစ်ရှောင်ရင်း ထွက်ပြေးလာခဲ့ကြသော ဒုက္ခသည်များမှာ နေအိမ်များသို့ မပြန်ရဲသေးဘဲ ဖြစ်နေ သည်။ မိုးရာသီ ကုန်ဆုံးပြီဖြစ်၍ ထိုင်းနိုင်ငံ အာဏာပိုင်များက ခွင့်ပြုထားသော နေထိုင်ခွင့်သက်တမ်း ကုန်ဆုံး သွားပြီဖြစ် သော်လည်း မြေမြှုပ် မိုင်းများ ရှင်းလင်းခြင်း မပြုရသေး၍ ထိုနေရာ များမှာ အလွန်ပင် အန္တရာယ် များပြား ဆဲရှိသည်ဟု ဆိုသည်။
ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် DKBA က မေလကစတင်ပြီး အတင်းအကျပ် စစ်သား စုဆောင်း၍၎င်း၊ DKBA နှင့် မြန်မာတပ်ဖွဲ့များ ဇွန်လအတွင်းက ပူးတွဲထိုးစစ်တရပ် ပြုလုပ်ခဲ့၍၎င်း၊ ထောင်ပေါင်းများစွာ သော ဒုက္ခသည်များ နေအိမ်များကို စွန့်ခွာထွက်ပြေး ခဲ့ကြရသည်။ ယာယီဒုက္ခသည်စခန်းများကို ထိုင်းနိုင်ငံ သာဆောင်ယမ်း ခရိုင် နို့ဘိုး၊ ဥသုတ၊ မဲဆလစ် ကျေးရွာများတွင် ၃ နေရာခွဲ ဖွင့်လှစ် ပေးခဲ့သည်။
ရှားပါးလှသည့် မိုးရာသီထိုးစစ်သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက သူတို့၏ နယ်စပ်စခန်းများမှ ဇွန်လ ၁၃ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့ပြီးနောက် ရပ်ဆိုင်းသွားခဲ့သည်။ KNLA တပ်ဖွဲ့များက လှုပ်ရှားစစ်ဆင်နွှဲရန်အတွက် အဆိုပါအခြေခံစခန်းများမှ ဆုတ်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။ မြန်မာတပ်ဖွဲ့များက အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် DKBA တပ်ဖွဲ့များက ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေသည့်အတွက် ဒုက္ခသည်များမှာ နည်းနည်းချင်း ထွက်လာနေကြဆဲ ရှိသည်။ ယခုလတွင် စခန်းရှိ ဒုက္ခသည်အရေအတွက်မှာ ၄၈၆၂ ဦးအထိ ရှိသွားပြီဖြစ်သည်။
ဒုက္ခသည်များ စခန်းတွင်း နေထိုင်ခွင့်ကို ထိုင်းအာဏာပိုင်များက မိုးရာသီအကုန်အထိသာ ခွင့်ပြုထားခြင်းဖြစ်သည်။ မိုးရာသီမှာ သာမန်အားဖြင့် အောက်တိုဘာနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလဆန်းတွင် ကုန်ဆုံးသည်။ ထိုအချိန်ရောက်လျှင် ဒုက္ခသည်များမှာ မယ်လ ဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းခြင်းသော်၎င်း၊ မြန်မာပြည်တွင်းသို့ ပြန်သွားခြင်းသော်၎င်း တခုခုကို ရွေးချယ်ကြရမည်ဖြစ်သည်။ လက်ရှိစခန်များ၌မူ ဆက်လက် နေထိုင်ခွင့် မရှိတော့ဘဲ နေထိုင်ပါက တရားမဝင် ရွှေ့ပြောင်းနေထိုင်လာသူများအဖြစ် ယူဆခံရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ပို့ဆောင်ခံရမည်။
ယခုအထိတော့ ဒုက္ခသည်များမှာ မယ်လသို့မသွားဘဲ ယာယီစခန်းများ၌သာ ဆက်လက်နေထိုင်လိုကြပြီး မိုးရာသီ ကုန်ဆုံးပါက သူတို့ နေအိမ်များသို့ ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော် DKBA တပ်ဖွဲ့များက ရွာသားများ စွန့်ခွာထွက်ပြေးသွားကြသော ကျေးရွာများကို စနစ်တကျ မြေမြှုပ်မိုင်းများ ထောင်ထားကြပြီး မြန်မာနှင့် ထိုင်းနိုင်ငံ နယ်ခြား သောင်ရင်းမြစ် အနောက်ဘက်ကမ်း၌လည်း အလားတူ မိုင်းများ ထောင်ထားကြ၍ ထိုသို့ နေရပ်ရင်းပြန်ကြရန်မှာ အလွန်အန္တရာယ်ကြီးလှသည်။
ယခင်အပတ်က ထုတ်ပြန်လိုက်သော ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ၏ အစီရင်ခံစာအရ မကြာသေးခင်က ထိုးစစ်ပြုလုပ်ခဲ့သော ဒေသများတွင် DKBA တပ်ဖွဲ့များက မိုင်းများ စတင်ထောင်နေကြသည်ဟု ဆိုသည်။ သူတို့သည် ကျေးရွာများ၊ လယ်ကွင်းများ၊ KNLA တပ်ဖွဲ့များနှင့် ကရင်ရွာသားများ အသုံးပြုသော လမ်းကြောင်းများနှင့် သောင်ရင်းမြစ်ကမ်းစပ်များတွင် မိုင်းများ ထောင်ထားကြသည်ဟု DKBA တပ်ဖွဲ့မှ ထွက်ပြေးလာသူ တပ်ပြေး ၆ ဦးကို ကိုးကား၍ ထိုအဖွဲ့က သူတို့၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
သူတို့ အိမ်ပြန်နိုင်ရေးအတွက် စည်းကမ်းချက်တရပ်အနေဖြင့် မိုင်းများကို ပြန်လည်ဖယ်ရှားပေးရန် ဒုက္ခသည် ခေါင်းဆောင်များက DKBA အရာရှိများကို တောင်းဆိုခဲ့ကြသော်လည်း ဘာမျှလုပ်ပေးခဲ့ခြင်း မရှိပါ။ ထိုသို့ မလုပ်ပေးသည့်အပြင် မိုင်းသစ်များ ထပ်မံထောင်နေခြင်းက ဤအဖွဲ့အနေဖြင့် ဒုက္ခသည်များ သူတို့ကျေးရွာများသို့ လုံခြုံစိတ်ချစွာ ပြန်မလာစေလိုသည့်သဘော သက်ရောက်နေသည်ဟု ပြောသည်။
ဤနည်းပရိယာယ်မှာ မြန်မာစစ်တပ်က ကရင်ပြည်နယ်မြောက်ပိုင်းတွင် အသုံးပြုခဲ့သော နည်းပရိယာယ်နှင့် ဆင်တူနေသည်ဟု ကရင် တပ်မတော်အရာရှိများက ပြောသည်။ ထိုဒေသတွင် KNLA တပ်ဖွဲ့များနှင့် အရပ်သားများ အစားအစာ ရှာဖွေခြင်း၊ ခိုကိုးစရာနေရာ ရှာဖွေခြင်း မလုပ်နိုင်အောင် သူပုန်များက ဒေသတွင်း၌ ဤသို့ မိုင်းများ ထောင်ထားခဲ့သည်။ ကျေးရွာသားများ အသုံးပြုလေ့ရှိသော လမ်းကြောင်း တလျှောက်၊ နေအိမ်အောက်နှင့် လယ်ကွင်းများထဲတွင် ထိုသို့ မိုင်းများထောင်ထားသည့်အတွက် နှစ်စဉ် ကရင်ရွာသား ရာပေါင်းများစွာ သေဆုံး ခဲ့ကြရသည်ဟု အဆိုပါ လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။ ရွာသားများ အသားစားရန်အတွက်၎င်း၊ ငွေရဖို့ ရောင်းစားရန်အတွက်၎င်း၊ မွေးမြူထားသော နွားများ၊ ကျွဲများ၊ ဝက်များမှာလည်း မိုင်းထိပြီး သေဆုံးကုန် ကြရသည်။ DKBA တပ်ဖွဲ့သည် နောက်လမှစတင်၍ သူတို့တပ်ဖွဲ့ကို စစ်အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ထားရှိရမည့် နယ်ခြားစောင့် တပ်အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းရန် သဘောတူထားပြီး ဖြစ်သည်။
DKBA သည် စက်ရုံထုတ်မိုင်းများ သာမက ယမ်းမှုန့်၊ အခြားပေါက်ကွဲပစ္စည်းများ၊ ပလပ်စတစ်နှင့် သတ္တုပိုက်များ အသုံးပြု တပ်ဆင်ထားသည့် လက်ဖြစ်မိုင်းများကိုလည်း အသုံးပြုသည်။ စက်ရုံထွက် မိုင်းများကို မြန်မာတပ်ဖွဲ့များထံမှ တိုက်ရိုက် ဝယ်ယူခြင်းဖြင့်လည်းကောင်း၊ မှောင်ခိုဈေးမှ ဝယ်ယူခြင်းဖြင့်လည်းကောင်း ရရှိသည်။ လက်ဖြစ်မိုင်းများ အတွက် ဒီတိုနေတာများကို ဘက်ထရီသုံး ဒီတိုနေတာများ အသုံးပြုသည်။ လက်ဖြစ် မိုင်းများမှာလည်း ဓာတ်ခဲများအား ကျန်နေသ၍ အန္တရာယ်ရှိသည်။ ဘက်ထရီများသည် အများအားဖြင့် ၃ လမှ ၆ လအထိ ခံသည်။ စက်ရုံထွက် မိုင်းများမှာမူ နှစ်ပေါင်းများစွာ အန္တရာယ်ရှိသည်။
DKBA တပ်ဖွဲ့များ မြန်မာစစ်တပ်၏ အစိတ်အပိုင်းတရပ် ဖြစ်လာသည်နှင့်တပြိုင်နက် စစ်တပ်မှ စက်ရုံထုတ် မိုင်းများကိုသာ အသုံးပြုခဲ့သည်။ လွန်ခဲ့သော နှစ်ပတ်ကလည်း အဆိုပါ စက်ရုံထုတ်မိုင်းဟု လူ့အခွင့်အရေးအဖွဲ့က ယုံကြည်ယူဆသော မိုင်းကြောင့် ၁၃ နှစ်သား ယောက်ျားလေး တဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။ ဤယောက်ျားလေးနှင့် သူ့သူငယ်ချင်း ၃ ဦးသည် ကျွဲကျောင်းရန်အတွက် ဥသုတ ယာယီဒုက္ခသည်စခန်းမှ ရွာသို့ ပြန်သွားခဲ့ကြခြင်း ဖြစ်သည်။ ဤကျွဲများသည် ရွာသားများအတွက် တကယ့်ဥစ္စာဓနပင် ဖြစ်သည်။ ကျွဲဖြင့် လယ်ထွန်နိုင်သည်၊ အပိုဝင်ငွေရရန် ရောင်းစားနိုင်သည်။
ပေါက်ကွဲမှုဖြစ်ပွားအပြီး ဤကလေးငယ်ကို ထိုင်းနယ်စပ်သို့ သယ်ဆောင်လာပြီး မဲဆောက် ဆေးရုံသို့ တင်ထား လိုက်ရသည်။ ဆရာဝန်များက သူ့ညာခြေထောက်ကို မလွှဲမရှောင်သာ ဖြတ်ပစ်လိုက်ရပြီး၊ ဘယ်ခြေထောက်မှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိထားသည့်အတွက်ဖြတ်ပစ်ရမည့် အခြေအနေ ရှိနေသည်။ KHRG မှ ရရှိသော သတင်းအရ အဆိုပါ မြေမြှုပ်မိုင်းမှာ မြန်မာစစ်တပ်မှ ထုတ်လုပ်သော M 14 အမျိုးအစား လူသတ်မိုင်းဖြစ်ပြီး DKBA သို့ ပေးထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒေသတွင်းရှိ ဝါးမီးကလား ကျေးရွာတွင်လည်း ဇူလိုင်လ ပထမပတ်အတွင်း ရွာသားတဦး မိုင်းနင်းမိ ခဲ့သေးသည်။ သူသည် DKBA တပ်သားအဖြစ် အတင်းအကျပ် စုဆောင်းခံရပြီး အဓမ္မလုပ်အားပေး ခိုင်းစေခံ ခဲ့ရပြီးနောက် သူ့မိသားစုကို ရှာဖွေရန် ရွာပျက်သို့ ပြန်လာစဉ် ထိုသို့ မိုင်းထိခဲ့ခြင်းဖြစ်သည်။
မဲဆောက် မယ်တော်ဆေးခန်း ကျောပိုးအိတ် နယ်လှည့်ဆေးအဖွဲ့၏ ၂၀၀၆ ခုနှစ် အစီရင်ခံစာအရ နှစ်စဉ် လူပေါင်း ၁၅၀၀ မျှ မြန်မာနိုင်ငံတွင် မိုင်းထိဒဏ်ရာရ သေဆုံးမှုများ ရှိခဲ့ကြောင်း ခန့်မှန်းထားသည်။ ထိုအဖွဲ့၏ ၂၀၀၄ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် မြေမြှုပ် မိုင်းကြောင့် ထိုနှစ်အတွင်း လူ ၁ သောင်းလျှင် ၁၃.၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်တမ်းသည် မြန်မာနိုင်ငံအရှေ့ဘက် ပဋိပက္ခဖြစ်ပွားနေသော ဒေသပေါ်တွင်သာ အခြေခံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အစီရင်ခံစာအရ အဆိုပါ မိုင်းများကို ကရင်ပြည်နယ်၊ ကရင်နီ၊ ရှမ်းနှင့် မွန်ပြည်နယ်တို့သာမက ပဲခူးနှင့် တနင်္သာရီတိုင်းတို့တွင်လည်း အသုံးပြုဆဲပင် ရှိသေးသည်ဟု ဆိုသည်။ အဆိုပါ မိုင်းများကို အများဆုံး အသုံးပြုသူမှာ မြန်မာစစ်တပ်ဖြစ်ပြီး၊ သူတို့က လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် DKBA ကဲ့သို့သော မဟာမိတ် သူပုန်အဖွဲ့များကပါ အသုံးပြုနေသည့်အတွက် အရပ်သားများအတွက် ပိုမိုအန္တရာယ် ရှိနေသည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းကျဆင်းခဲ့သော်လည်း မကြာသေးခင်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် လှိုင်းဘွဲ့မြို့နယ်နှင့် ယင်းနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော မြဝတီမြို့နယ် တောင်ပိုင်းဒေသ များသည် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အများဆုံး အသုံးပြုထားသော နယ်မြေများဖြစ်သည်ဟု ယူဆထားကြသည်။
DKBA က မြေမြှုပ်မိုင်း စစ်ဆင်ရေးကို ဆက်လက်ပြုလုပ်နေသည့် အတွက်ကြောင့်၎င်း၊ အစိုးရချုပ်ကိုင်သော တပ်ဖွဲ့အဖြစ်သို့ အသွင်ပြောင်းပြီး စက်ရုံထုတ်မိုင်းများ ရရှိလာမည့် အရေးကြောင့်၎င်း၊ ယခု သူတို့မရောက်ရှိသေးသော ကရင်ပြည်နယ်တွင်းရှိ အခြားဒေသများသို့လည်း ချုပ်ကိုင် နိုင်ရန် အတင်းအကျပ် ပြုလုပ်လာမည့် အရေးကြောင့်၎င်း၊ လာမည့် လများအတွင်း အရပ်သားများ သေကြေဒဏ်ရာရမည့် အန္တရာယ် ပိုမိုများပြားလာနေသည်။
အဓိပ္ပာယ်မှာ ကရင်ပြည်နယ် နေရာ အတော်များများသည် အဆိုပါ မိုင်းများ မရှင်းလင်းနိုင်မချင်း လူမနေနိုင်သည့် ဒေသများအဖြစ် အချိန် အတော်ကြာ ဆက်ရှိနေဦးမည်ဖြစ်သည်။
No comments:
Post a Comment