ကိုရယ်
မိသားစုဝင်တွေ ပြောင်းရွေ့ အခြေချနေထိုင်စဉ် ကရင်နီရဲဘော်တွေ ကျန်ရစ်ခဲ့ဖို့ ရွေးချယ်ခဲ့
ညာမို တောင်ကုန်းရဲ့ ထိပ်မှာ အခြေစိုက် ထားတဲ့ ကရင်နီ တပ်စခန်းဟာ ထိုင်း - ကရင်နီ နယ်စပ်မှာ ကရင်နီ တပ်မတော် တွေအတွက် နောက်ဆုံး အမာခံတပ် စခန်းတစ်ခု ဘဲဖြစ်ပါတယ်။ သို့သော်လည်း ကရင်နီအမှတ် ၁ ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ ရဲဘော်ရဲ့ မိသားစု တွေနှင့် သူတို့ အနှောင်အဖွဲ့ တွေအတွက်တော့ တော်တော် အလှမ်းဝေး ပါတယ်။
တပ်စခန်းမှာ အလှည်ပတ်သွားတဲ့အချိန်မှာ ဦးစွာမြင်တွေ့ရတဲ့ စစ်သားတယောက်ကတော့ ဗျူဟာတပ်မှူး ဗိုလ်စိုးရယ် ဖြစ်ပါတယ်။ သူဟာ တောတောင်သစ်ပင်နှင့် လိုက်ဖက်တဲ့ စစ်သားယူနီဖေါင်းကို အမြဲဝတ်ဆင်နေပြီး လက်မှာ စကားပြောစက်တလုံးနဲ့ ပြာယာခတ်နေရင်း သာယာလှပတဲ့ ရှုခင်းတွေကို ကြည့်ရှုလေ့ရှိပါတယ်။
အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်စိုးရယ်ဟာ သူ့ရဲ့ ရဲဘော်သက်တမ်းဟာ နှစ်ပေါင်း ၂ဝ ကျော်သွားပါပြီ။ သူ့ဘဝ အသက်ရှင်ရပ်တည်ဖို့ စစ်သားလုပ်တဲ့ သန္နိဌာန်ချမှုကြောင့် မိသားစုနှင့် နှစ်ကြိမ်ကွဲခဲ့ပြီးပါပြီ။ သူ့ရဲ့ ပထမဇနီးနှင့် သမီးလေးနှစ်ယောက် ထိုင်းနိုင်ငံမှ ထွက်ခွာပြီး ဆွီဒင်နိုင်ငံကို ပြောင်းရွေ့နေထိုင်ပြီးနောက် နောက်မိန်းမတယောက်နှင့် လက်ထပ်ပြီး ဒုတိယအိမ်ထောင်ပြုခဲ့ပါတယ်။
သို့သော် ဒုတိယအိမ်ထောင်လည်းဘဲ ကလေးနဲ့အတူ တတိယနိုင်ငံကို လျှောက်ပြီး အမေရိကန်နိုင်ငံမှာ ဘဝသစ်တခုထူ ထောင်ဖို့ ပြောင်းရွေ့နေထိုင်ပြန်ပါတယ်။
“ကျနော် ရဲဘော်ဘဲ လုပ်တတ်တယ်” လို့ မကြာသေးခင်က သူ့နဲ့ တွေ့ဆုံခဲ့စဉ်မှာ ပြတ်ပြတ်သားသား သူပြောပါတယ်။
ဆက်လက်ပြီး သူက “အခြားအလုပ်ဘာတခုမှ မလုပ်တတ်ဘူး”။
သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ တတိယနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခြင်းထက် စစ်သားလုပ်တဲ့အလုပ်ကို ရွေးချယ်ခဲ့ရ တာဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူပြောသွားတာက နှစ်ရှည်လများအတူတူနေထိုင်ပြီးနောက် မိသားစုနှင့် ခွဲခွာပြီး ကွာရှင်းရတာဟာ တော်တော် ခက်ခဲပါတယ်။
“တချိန်တုန်းက မိဘက ကျောင်းနေခိုင်းတယ်။ ကျောင်းမနေဘူး။ ရဲဘော်လုပ်မယ်လို့ ကိုယ့်စိတ်ကို ဆုံးဖြတ်ခဲ့တယ်” လို့ သူပြောပါတယ်။
ဆက်လက်ပြီး “ရဲဘော်သက်တမ်းတလျှောက်မှာ ဒဏ်ရာဒဏ်ချက်တွေလည်း ရခဲ့ပြီးပြီ။ ဒါကြောင့် လှမ်းပြီးခဲ့တဲ့ လမ်းအတွက် ပြီးအောင်ဆက်လှမ်းမယ် ဆိုပြီး သံဓိဌာန်ချက်လိုက်တာ”။
သူနဲ့ ရဲဘော်ရဲဖက်တွေဟာ ဗမာစစ်အစိုးရဖိနှိပ်မှုမှ လွတ်မြောက်ဖို့ ကရင်နီအမျိုးသားလွတ်မြောက်ရေးအတွက် အလုပ်အကျွေးပြုဖို့ ကတိကဝတ်ပေးခဲ့တယ်။
တကယ်လို့ ကတိကဝတ်ပေးခဲ့ပြီးမှ တတိယနိုင်ငံထွက်ခွါသွားလိုက်မယ်ဆိုရင် “ကိုယ့်ပြည်သူ၊ အမျိုးသားတခုလုံး လိမ်လှည်သလိုမျိုး ဖြစ်နေတယ်” လို့ ပြောပါတယ်။
“တတိယနိုင်ငံသွားမယ့်အစား ဒီမှာ တိုင်းပြည်အတွက် အသက်ဆက်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက် (၄၅) နှစ်လည်း ကျော်ပြီ။ ရဲဘော်ဘဲ ဆက်လုပ်မှာဘဲ။ ကျနော်လည်း အင်္ဂလိပ်စာတလုံးမှ မတတ်ဘူး။ ဟိုမှာရောက်ရင်လည်း ရုန်းကန်ရမှာပဲ။ တောင်ယာခုတ်စားတာနဲ့ အတူတူပဲ။ နှစ် (၂ဝ) လုံးလုံးလုပ်လာပြီးမှ ကိုယ့်ပြည်ကို စွန့်လွတ်လိုက်မယ် ဆိုရင် စိတ်နာမိတယ်လေ” လို့ ဗိုလ်စိုးရယ်က ထပ်လောင်းရှင်းပြပါတယ်။
ဗိုလ်စိုးရယ်လို တခြားရဲဘော်အချို့လည်းပဲ တတိယနိုင်ငံကြောင့် မိမိတို့ရဲ့ ဇနီးနှင့် ကလေးတွေကို ဦးစားပေးပြီး အခြေချနေထိုင်နိုင်ရန်အတွက် ကရင်နီဒုက္ခသည်တရားရေးရုံးမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချပြီး ကွာရှင်းလက်မှတ်ရေးထိုး ကြပါတယ်။
အမည်မဖေါ်လိုတဲ့ ဗိုလ်စိုးရယ်ရဲ့ ရဲဘော်တယောက်က သူ့ဇနီးကို ကွာရှင်းလက်မှတ်ထိုးပေးရတဲ့အကြောင်းကတော့ ကရင်နီပြည်တွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ဘဝဟာ ဒုက္ခသည်ဘဝထက် ပိုပြီးဆိုးရွားပါတယ်။ “ကရင်နီပြည်မှာ နေထိုင်တဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရသွားတဲ့ အထိ ဆက်လက်ပြီး ရဲဘော်ဘဝအဖြစ် အလုပ်အကျွေးပြုပါမယ်” လို့ ပြောပါတယ်။
ရဲဘော်တော်တော်များများရဲ့ ဇနီးတွေဟာ သူတို့ကလေးတွေရဲ့ ရှေ့ဆက်ပညာရေးတခုရရှိဖို့အတွက် တတိယနိုင်ငံကို လျှောက်ချင်ကြတယ်။
ဗိုလ်စိုးရယ်လည်း တတိယနိုင်ငံသွားပြီး ရရှိတဲ့အကျိုးအမြတ်ကို သိရှိပါတယ်။ ဒါပေမဲ့ ကလေးအတွက်တခုတည်းမဟုတ်ပဲနဲ့ ကရင်နီလူမျိုးအား လုံးအတွက်တော့ အကျိုးမရှိနိုင်ပါဘူး။ တတိယနိုင်ငံကို လျှောက်ထားတဲ့ အကြောင်းရင်းတွေနဲ့ ပါတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောပြပါတယ်။
“သွားကြတဲ့လူတွေကတော့ သူတို့ဘဝသစ်တခု တည်ထောင်ဖို့ တခုတည်းတော့ မဟုတ်ပါဘူး။ တနေ့ကျရင် ကလေးတွေဟာ ပြည်တွင်းမှာ ကျန်ရစ်နေတဲ့သူတွေကို တဖက်တလှမ်းအနေနဲ့ ကူညီကြမှာပါ။”
သို့သော်လည်း ဒုက္ခသည်စခန်းတရားရေးရုံးမှ တာဝန်ရှိသူတဦးက ကျန်ရစ်ခဲ့မယ်လို့ ကွာရှင်းလက်မှတ်ထိုးပြီးနောက် သူတို့ရဲ့ ဇနီးနှင့် ကလေးတွေသွားရာနောက်ကို လိုက်ဖို့ စိတ်ပြောင်းသွားပြီး မိသားစုဝင်တွေနဲ့ ပြန်လည်ပေါင်းစည်းဖို့ တတိယနိုင်ငံကို ပြန်လျှောက်ကြတဲ့ ရဲဘော်တချို့လည်း ရှိပါတယ်လို့ ပြောပါတယ်။
“သွားရင်လည်းအတူတူပေါ့”မိသားစုသွားရာနောက်ကို ပြန်လျှောက်ထားတဲ့ ရဲဘော်တဦးက ပြောပါတယ်။ “သားသမီးနဲ့ မခွဲနိုင်ဘူး”။
၂ဝဝ၅ ခုနှစ်ကတည်းက တတိယနိုင်ငံအစီအစဉ်ဟာ ကရင်နီဒုက္ခသည်တွေကို စပြီး လက်ခံခဲ့ပါတယ်။ လက်ခံတဲ့နိုင်ငံ တွေကတော့ နော်ဝေး၊ သြစတေးလျား၊ နယျူးဇီလန်၊ ဖင်လန်၊ အမေရိက နှင့် ကနေဒါတို့ ဖြစ်ပါတယ်။
အဲ့ဒီနိုင်ငံမှာ သွားရောက်အခြေချနေထိုင်တဲ့ ကရင်နီဒုက္ခသည်လူဦးရေက ၄၂၈၁ ဦးရှိပြီလို့ စခန်းကော်မီတီရုံးရဲ့ ၂ဝဝ၉ ခုနှစ် ပထမ (၆) လမှာ စာရင်းပြုစုချက်အရ သိရှိပါတယ်။
အမျိုးသားလွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ခုခံတိုက်ခိုက်နေတဲ့ ဗိုလ်စိုးရယ်လို ရဲဘော်တယောက်ရဲ့ ခံယူချက်နှင့် ဆုံးဖြတ်ချက်ဟာ ပြင်းပြသော်လည်းပဲ ခုခံတော်လှန်ရေးခရီးရှည်ကြီးဟာ ဘယ်အချိန်မှာ ပြီးဆုံးအောင်မြင် နိုင်မှာလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
စကားပြောစက်လက်မှာ ကိုင်ထားပြီး သူ့တပ်စခန်းရဲ့ အောက်မနီးမဝေးမှာ သွယ်တန်းနေတဲ့ တောင်တန်းပြာလေးတွေကို ကြည့်ရှုရင်း တတိယနိုင်ငံမှာ သွားရောက်အခြေချတဲ့ သူ့မိသားစု ၂ စုကို လွမ်းဆွတ်သတိရနေပါတယ်။
တောင်တန်းဆီ တိုက်ခတ်လာနေတဲ့ လေကို နှစ်နှစ်ခြိုက်ခြိုက် ရှုရှိုက်ရင်း ဗိုလ်စိုးရယ်ပြောသွားတာက “ကျနော့်သမီး လေးတွေ တောင်ပံစုံတဲ့ တနေ့ကျရင် သူတို့ အဖေရှိတဲ့နေရာကို ပြန်လာပါလိမ့်မယ်။”
No comments:
Post a Comment