Thursday, November 19, 2009

SSA အပစ်ရပ် နှင့် နအဖ ဆွေးနွေးမှု ညှိနှိုင်းမရ

သျှမ်းသံတော်ဆင့်

အသွင် ကူးပြောင်းရေး ကော်မတီ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် မြောက်ပိုင်း SSA အပစ်ရပ် တပ်ဖွဲ့ ခေါင်းဆောင်တို့ ပြီးခဲ့သည့် စနေနေ့က လားရှိုး ၌တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ညှိနှိုင်း၍ မရဟု ရွှေလီ သတင်းရပ်ကွက်က ပြောပါသည်။

“ဒေသ ကာကွယ်ရေး တပ်ပြောင်းဖို့ ဗိုလ်ရဲမြင့်က စာရင်း အကြိမ်ကြိမ် တောင်းထားတယ်။ တပ်ရင်း ၃ ရင်းအတွက် SSA ဘက်က သတင်းပေး လိုက်ပေမယ့် လူအင်အား စာရင်းမပြည့်ဘူး ဆိုပြီး ငြင်းခုံတဲ့ အဆင့်အထိ တောင်ဖြစ်ခဲ့တယ်” - ဟု လားရှိုးမြို့ ခံတဦးက ပြောပါသည်။

နိုဝင်ဘာ ၁၄ ရက် တွေ့ဆုံပွဲတွင် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် လှမြင့်၊ ဂျီဝမ်း ဒုဗိုလ်မှူး ကြီး မင်းဟိန်း နှင့် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA အပစ်ရပ် တပ်ဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် လွယ်မောဝ်၊ ဒုဥက္ကဌ ဗိုလ်ချုပ် ကိုင်ဖ၊ ဗိုလ်မှူးကြီး စိုင်းတူး၊ ဗိုလ်မှူးကြီးဂေါင်တိုင်း တို့ပါဝင် ခဲ့ကြသည်ဟု ဆို၏။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA အပစ်ရပ်တပ်ဖွဲ့မှ ဒုဗိုလ်ချုပ်ကြီးရဲမြင့် လူသူ လက်နက်စာရင်းပေးရန် တောင်းဆို သည့် အတိုင်း ပေးပို့ရာ၌ မူဆယ် - နမ့်ခမ်းဘက်အခြေချမည့် ဗိုလ်မှူးယွတ် မောဝ်ဦးဆောင်သည့် တပ်ရင်းအတွက် လူအင်အား ၆၀၊ သီပေါမြို့နယ်အခြေချမည့် ဗိုလ်မှူးသန်းဌေးဦးဆောင်သည့် တပ်မဟာ ၃ ၌ လူအင်အား ၇၀-၈၀ အပြင် တပ်မဟာ ၇ အင် အား ၆၀-၇၀ နှင့် ထပ်ပေါင်းသော်လည်း လူအင်အား ၃၀၀ မပြည့်သော ကြောင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က - “ကျနော်တို့ သိထားတဲ့ သတင်းအရဆို ခင်ဗျားတို့တပ်ဖွဲ့ရဲ့လူအင်အားက ၅-၆ ထောင်လောက်ရှိတယ်။ အခုခင်ဗျား တို့ စာရင်းသွင်း လာတာ ၃၀၀ တောင် မပြည့်ဘူး၊ အဲဒါဘာကြောင့်လဲ” - ဟု မေးခဲ့ကြောင်း လားရှိုးစစ်တိုင်းရှုံးနှင့် နီးစပ်သူတဦးက ပြော ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်လွယ်မောဝ်နှင့် အဖွဲ့က -“ဗိုလ်ချုပ်တို့ပြောတဲ့ အတိုင်းနားလည်လက်ခံတာ ကျနော်တို့ တင်ပြတဲ့အဖွဲ့တွေဘဲရှိတယ်။ ကျန်တဲ့တပ်မှူး တပ်ကဲတွေက အသွင်ပြောင်းရေး အကြောင်းနားလည် သဘောပေါက်ဖို့ ကျနော် တို့အချိန်ယူဆွေးနွေးရဦးမှာဖြစ်တယ်” - ပြန်ပြောကြောင်း အဆိုအမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်ကပြောပြပါသည်။

၂၀၀၉ ဒီဇင်ဘာဒက်လိုင်းထား အသွင်ပြောင်းရန်၊ နိုဝင်ဘာလ ၂၂ နောက်ဆုံးထား လူသူလက်နက်အင်အားစာရင်း ပေးပို့ ရန် ဗိုလ်ချုပ်ရဲမြင့်က ရာဇဒဏ်ထပ်ပေးထားကြောင်း - “ခင်ဗျားတို့ အသက် ၅၀ အထက်လူကြီးပိုင်း မနား ချင်ဘူးဆို ရင်လည်း အသက် ၆၀ အထိ တာဝန်ထမ်းခွင့်ပြုမယ်၊ ခင်ဗျားတို့ နိုင်ငံတော်ရဲ့ စေတနာကိုလဲ နားလည်မှာပါ” - ဟု ပြောကြားခဲ့ကြောင်း ဆို၏။

နယ်ခြားစောင့်တပ် BGF နှင့် ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) HGF အဖြစ်အသွင်ပြောင်းရန် နအဖမှ အကြိမ်ကြိမ် ခေါ်ယူ ဖိအားပေးသော်လည်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA-ESS မိုင်းလားတပ်ဖွဲ့၊ ၀ ပြည် သွေးစည်းရေးတပ်ဖွဲ့ UWSA၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် သျှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA တပ်ဖွဲ့ တို့က လက်မခံဘဲ အကြောင်းပြချက်အမျိုးမျိုးဖြင့် အချိန်ဆွဲပြီး ငြင်းဆန်ထားခဲ့သည်။

No comments: