Friday, November 20, 2009

နိုင်ငံရေးအရှုပ်အထွေးကြား မိုင်းလားတပ်ဖွဲ့ သျှမ်းနှစ်သစ်ကူးပွဲကျင်းပ

သျှမ်းသံတော်ဆင့်

နိုဝင်ဘာ ၁၆ ရက်နေ့ ကျရောက်သည့် ၂၁၀၄ ခုနှစ် သျှမ်းနှစ်ကူးကြိုဆိုပွဲကို နိုင်ငံရေးအကြပ်အတည်းကြားမှ မိုင်းလား တပ်ဖွဲ့ ဌာနချုပ်၌ စည်ကားစွာကျင်းပခဲ့ပါသည်။

“ဥက္ကဌ ကြီး စ၀်စိုင်းလင်း ကိုယ်တိုင် ကျင်းပခိုင်းတယ်။ မထင်မှတ်ဘဲ နှစ်သစ်ကူးပွဲတော် အတော်စည်ကားတယ်။ ၁၆ ရက်နေ့ မှာ နှစ်သစ်ကြိဆိုပွဲကျင်းပပြီး နတ်တော်လဆန်း ၁ ရက်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သံဃာတော်တွေကို ဆွမ်းကပ်အလှူ လုပ်တယ်”- ဟု ဒေသခံတဦးက ပြောပြပါသည်။

သျှမ်းသက္ကရာဇ်၂၁၀၄ နှစ်သစ်ကြိုဆိုပွဲအား မိုင်းလားမြို့ ညောင်သုံးပင် (ဟုံးဆမ်တုန့်) ကွင်းပြင် (မိုင်းမဘက် အသွားလမ်း) ၌ ကျင်းပပြီး၊ မိုင်းလားတပ်ဖွဲ့ နာယက ဗိုလ်မှူးကြီးခွန်မြင့် (အသက် ၈၀ ကျော်)၊ နှင့် ဒုဥက္ကဌ စ၀်ဆန်းပေ တို့ ဦးဆောင် တက်ရောက် အဖွင့်အမှာစကား ပြောသည်ဟု ပွဲတက်ရောက်သူတဦးက ပြောပါသည်။

ပွဲတော်ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်၍ တရုတ်/ထိုင်း (နယ်စပ်) သွားလာသူ ကုန်သည်တဦးက - “မနှစ်က တပ်မဟာ ၃၆၉ မှာ နှစ်သစ်ကူးပွဲတော် အကြီးအကျယ်ကျင်းပခဲ့တယ်။ ဒီနှစ်ထပ်မလုပ်ရင်နိုင်ငံရေးအကြပ်အတည်း ကြား မိုင်းလားတပ်ဖွဲ့ ဗမာတပ်ကို အရမ်းကြောက်နေပြီလို့ ထင်မြင်ခံရမှာစိုးလို့ပေါ့။ တဖက်ကလည်းပွဲတော် ကျင်းပ ခြင်းအားဖြင့် မိုင်းလားနယ်မြေမှာ အခြေအနေကောင်းလာပြီ စိုးရိမ်စရာမရှိဘူး ဆိုတာကိုပြသလိုက်တဲ့ သဘောလဲပါမယ်” - ဟု ပြော၏။

အောက်တိုဘာ ၂၈ ရက် ဒုဗိုလ်ချုပ်ကြီးရဲမြင့် က မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်အားနယ်ခြားစောင့်တပ် အသွင် ပြောင်းရန် ကျိုင်းတုံ၌ တဘက်သတ်ဖိပြောခဲ့ပြီးနောက် မိုင်းလားတပ်ဖွဲ့ နှင့် ပြည်သူအချို့ကျီးလန့်စာစားနေချိန် မမျှော်လင့်ဘဲ ပွဲတော်ကျင်းပရန် ဥက္ကဌကြီး စ၀်စိုင်းလင်းက ရုပ်တရက် ညွှန်ကြားခဲ့သည်ဟု ဆို၏။

သျှမ်းပြည်အနှံ့ မြို့ကြီးများ၌ ကျင်းပသကဲ့သို့ မြို့နယ်ခွဲ ကျေးလက်အုပ်စု နှင့် နိုင်ငံရပ်ခြား တိုင်းတပါးရောက် သျှမ်းပြည်သား၊ သျှမ်းမျိုးနွယ်များလည်း နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ကြောင်း သိရပါသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ရောက် သျှမ်းစာပေယဉ်ကျေးမှုအသင်းကြီး ဦးဆောင်၍ သျှမ်းရိုးရာယဉ်ကျေးမှု ပြပွဲနှင့်အတူ နှစ်သစ်ကူးပွဲ ကျင်းပခဲ့ပြီး စင်္ကာပူ မလေးရှားတို့၌လည်းနာမည်ကြီး သျှမ်းအဆိုတော်အချို့သွားရောက်ဖြေဖျော်ခဲ့ကြ ကြောင်း သိရပါသည်။

ယခုနှစ်ကျင်းပခဲ့သော သျှမ်းနှစ်သစ်ကူးပွဲတော်များအနက် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ပွဲတော်၌ ပရိတ်သတ် များအား သျှမ်းပြည်သမိုင်းနှင့် သျှမ်းထုံးတမ်းယဉ်ကျေးမှုဆိုင်ရာ ပဟေဠိ ၂၅ ခု ထုတ်မေးခဲ့သောကြောင့် အမျိုးဘာ သာယဉ်ကျေးမှု ပျောက်ကွယ်မှာစိုးသည့် မျိုးချစ်သက်ကြီးမိဘများ ၀မ်းမြောက်ပီတိဖြစ်ခဲ့ကြောင်းပွဲတက်ပရိသတ် တဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပသော နှစ်သစ်ကူးပွဲတွင်မူ စက်မှုဇုံရိုးရာလူငယ်အဖွဲ့မှ လွှတ်တင်လိုက်သည့်မီးပုံးပျံ သစ်တစ်ပင်အမြင့်မှ ပြန်ကျလာသဖြင့် ယမ်းတွဲလောင်သည့် ဒဏ်ရာကြောင့် ၃၆ နှစ်အရွယ် အခါမျိုးသမီးတစ်ဦးနှင့် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး မယ်ဆိုင်ဆေးရုံသို့ အရေးပေါ်ဒဏ်ရာပြင်းထန် သည့် အတွင်းလူနာအဖြစ် တင်ဆောင်ကုသထားရသည်ဟု ပွဲဝင်ပရိတ်သတ်တစ်ဦးကပြောသည်။

No comments: