Thursday, January 7, 2010

စစ်တွေ သင်္ချိုင်းကို လူထု သဘောထား မပါဘဲ မန်ဇီသို့ ရွှေ့ပြီ

Narinjara News

စစ်တွေမြို့ သချိင်္ုင်းကို စစ်တွေ လူထု သဘောထားမပါဘဲ စစ်အာဏာပိုင်များက မန်ဇီအရပ်သို့ ဇန္န၀ါရီလ ၁ ရက်နေ့က ပြောင်းရွှေ့လိုက်ပြီ ဖြစ်သည်။

အမည်မဖေါ်လိုသူ အမျိုးသမီး တဦးက “ ဒီလ ၁ ရက်နေ့က စပြောင်းရွှေ့ပါတယ်။ အခု အာဂျိတ်တောင်ကုန်း သချီိုင်း အဟောင်းမှာ အသုဘ ချလို့ မရတော့ပါဘူး။ အသုဘကို မန်ဇီမှာ ချရပါတယ်” ဟု ပြောသည်။

စစ်တွေ သချိင်္ုင်းကို မြို့မှ ၇ မိုင်ကျော်ဝေးသော မန်ဇီ အရပ်သို့ ပြောင်းရွှေ့သည်ကို စစ်တွေမြို့သူ မြို့သားများက သဘောမတူသော်လည်း စစ်အာဏာပိုင်များက အင်အားသုံး ပြောင်းရွှေ့ပစ်ခဲ့သည်။

တခြား စစ်တွေမြို့ခံ တဦးကလည်း “ မြို့သူ မြို့သား အများစုက သဘောမတူပါ။ ဒါပေမယ့်လည်း အာဏာပိုင်တွေရဲ့ အမိန့်ဆိုတော့ ဘယ်သူမှ မတားနိုင်ပါဘူး။ ခုလို ပြောင်းရွှေ့တဲ့ အတွက် အဓိက ထိခိုက် နစ်နာမယ့်သူတွေက ဆင်းရဲသူ ဆင်းရဲသားတွေဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေ ယခင် သင်္ချိုင်းဟောင်းမှာလည်း မြို့ပြင်တွင် တည်ရှိသဖြင့် အသုဘ ချလျှင် ဘတ်စ်ကားဖြင့် သွားပို့ရသည်။

“ ယခင် သချိင်္ုင်းဟောင်းကို အသုဘ ချဖို့ ဘတ်စ်ကား တစီးဌားရင် ကျပ် ၁၀၀၀၀ ပေးရပါတယ်။ ခုတော့ ဘတ်စ်ကား တစီး ၁၈၀၀၀ ကျပ်ပေးရပါတယ်။ ဆင်းရဲသူ ဆင်းရဲသား အသုဘတွေ ဖြစ်ရင် အခက်အခဲ ဖြစ်နိုင်တဲ့အတွက် သာရေးနာရေး အသင်း တခုကို လောလောဆယ် စစ်တွေမှာ ဖွဲ့ပြီး အိမ်တအိမ်က ကျပ် ၂၀၀ စီ ကောက်ပြီး ဆင်းရဲသူ ဆင်းရဲသားတွေကို အသုဘ ဖြစ်ရင် ကူညီဖို့ ငွေတွေ စုဆောင်းနေကြပါတယ်”ဟု သူကပြောသည်။

စစ်တွေမြို့ စည်ပင်ကလည်း ဇန္န၀ါရီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် မကောင်းဆိုးဝါး တစ္ဆေများအား ကားပေါ်ခေါ်တင်ပြီး ပြောင်းရွှေ့ပေးခဲ့သည်ဟု စစ်တွေမင်းဂံရပ်ကွက်မှ အရပ်သား တဦးက ပြောသည်။

“ သချိင်္ုင်းရွှေ့တော့ ဒေသ ဓလေ့ထုံးစံနဲ့ အညီ စည်ပင်က ကားတွေနဲ့ တစ္ဆေသရဲတွေကို ခေါ်ပြီး မင်းတို့ကို ဒီမှာ မထားတော့ဘူး။ အစိုးရ အမိန့်၊ မန်ဇီကို လိုက်ခဲ့ကြ။ တစီးမှာ ၄၀ ဘဲ တက်ရမယ်ဆိုပီး ခေါ်ပြီး ပြောင်းရွှေ့ပေးတာကိုတွေ့ရပါတယ်။ ခုလို ပြောင်းရွှေ့တာကိုတော့ စည်ပင်က ၂ ရက်တိတိ လုပ်ခဲ့တာကို တွေ့ရပါတယ်။”

စည်ပင်က ကားများဖြင့် ပြောင်းရွှေ့ပေးစဉ် ကားပေါ်တွင် လူများပါလာသကဲ့သို့ ကားဘီးများမှာ ကားလမ်းပေါ်တွင် ပိပြားနေသည်ဟု မျက်မြင်များက ပြောသည်။

တစ္ဆေများကို စည်ပင်က ကားဖြင့် မန်ဇီ သချိင်္ုင်းသစ်သို့ ရွှေ့ပြောင်းပေးသော သတင်းမှာ ယခုလောလောဆယ် စစ်တွေတွင် လူပြော အများဆုံး သတင်း ဖြစ်နေပြီး လူအများက ယုံရခက် မယုံရခက် ဖြစ်နေသည်ဟု သိရသည်။


No comments: