မျိုးဝင်းဇော်/၁၁ ဇန်န၀ါရီ ၂၀၁၀
မြန်မာစစ်အစိုးရက ပြည်တွင်း၌ ဒေါ်လာအစား သုံးစွဲရန် ထုတ်ဝေထားသည့် အက်ဖ်အီးစီ ငွေစက္ကူများသည် အမေရိကန် ဒေါ်လာငွေ ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက မကြုံစဖူး တန်ဖိုးမြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ဗိုလ်အောင်ကျော်လမ်း မှောင်ခို နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ကိုင်နေသူတဦးက “ဒီနေ့ ဒေါ်လာပေါက်ဈေး (၁) ဒေါ်လာ အဝယ် (၁,ဝဝ၅) ကျပ်၊ အရောင်း (၁,ဝ၁ဝ) ကျပ်ပဲရှိတယ်။ အက်ဖ်အီးစီ တယူနစ် အ၀ယ် (၁,ဝ၄၅) ကျပ်၊ အရောင်း (၁,ဝ၅၀) ပေါက်နေတယ်။ ဒေါ်လာနဲ့ အက်ဖ်အီးစီ ဒီလောက်ကွာခြားပြီး အက်ဖ်အီးစီဈေး မြင့်တက်တာဟာ အက်ဖ်အီးစီ ထုတ်ဝေသုံးစွဲပြီး ကတည်းက ဒါ ပထမဦးဆုံးအကြိမ်ပဲ” ဟု ပြောသည်။
ယခင်က အက်ဖ်အီးစီ ပေါက်ဈေးသည် ဒေါ်လာထက် အမြဲနိမ့်လျက်ရှိကာ နာဂစ်မုန်တိုင်း တိုက်ခိုက်သည့် ၂ဝဝ၈ ခုနှစ်အတွင်းက ဒေါ်လာထက် တန်ဖိုး အများကြီး နိမ့်ကျခဲ့သည့်အတွက် အိုင်အန်ဂျီအိုလုပ်ငန်းများနှင့် အန်ဂျီအိုလုပ်ငန်းများ ထိခိုက်နစ်နာမှု ရှိခဲ့သည်။
ယင်းအချိန်က ဒေါ်လာ ပြင်ပပေါက်ဈေး ကျပ် (၁,၁ဝဝ) ကျော် ရှိသော်လည်း အက်ဖ်အီးစီဈေးနှုန်းမှာမူ (၁) ယူနစ် ကျပ် (၉ဝဝ) အောက်သို့ပင် ကျဆင်းခဲ့သည်။
ယခုကဲ့သို့ အက်ဖ်အီးစီဈေးနှုန်း ဒေါ်လာနှင့်နှိုင်းယဉ်ပါက မြင့်တက်လာခြင်းသည် ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း၊ အက်ဖ်အီးစီသည် အစိုးရက ထုတ်ဝေထားခြင်းဖြစ်ပြီး ပြည်တွင်း၌ အက်ဖ်အီးစီဖြင့်သာ ပေးချေရမည်ဟု အစိုးရက သတ်မှတ်ထားသည့် လုပ်ငန်းတို့တွင် အသုံးပြုရခြင်းကြောင့်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက ရှင်းပြသည်။
၎င်းက လက်ရှိ အစိုးရ သတ်မှတ်ချက်များမှာ နိုင်ငံခြား ဖုန်းခေါ်ဆိုခနှင့် ဟိုတယ်အပါအဝင် ဒေါ်လာဝင်ငွေရရှိသည့် လုပ်ငန်းများ၏ အခွန်ကို အက်ဖ်အီးစီဖြင့် ဆောင်စေခြင်း၊ အပိုဆောင်း ဒီဇယ်နှင့် ဓာတ်ဆီရောင်းချသည့် ဆိုင်များအပါအ၀င် တခါသုံး ဂျီအက်စ်အမ် ဆင်းကတ်နှင့် စီဒီအမ်အေကတ်များကို အက်ဖ်အီးစီဖြင့်သာ ရောင်းချရန် သတ်မှတ်ထားခြင်းတို့ကြောင့် အက်ဖ်အီးစီ လိုအပ်ချက်မြင့်မားပြီး ဈေးနှုန်း မြင့်တက်နေရခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“၂ဝဝ၉ ခုနှစ် အတွင်းမှာ ထူးကုမ္ပဏီလက်အောက်က Central Marketing တခုတည်းကပဲ အက်ဖ်အီးစီ (၂ဝ) တန် GSM Prepaid Card တလကို ပျမ်းမျှ (၆) သောင်းနဲ့ (၇) သောင်းကြား ရောင်းချတယ်။ အဲဒီအတွက် (၁) လကို အက်ဖ်အီးစီ ယူနစ် (၁) သန်း (၂) သောင်းကနေ (၁) သန်း (၄) သောင်းအကြား အဝယ်ရှိနေတယ်။ ဒါတင်မက အခြား စီဒီအမ်အေကတ် ရောင်းတာတွေလည်း ရှိသေးတယ်။ ဒါကြောင့် အက်ဖ်အီးစီ လိုအပ်ချက် တအားများပြီး ဒေါ်လာထက် ဈေးအများကြီး ပိုတက်နေတာ ဖြစ်တယ်” ဟု အဆိုပါ စီးပွားရေးပညာရှင်က ဆက်လက်ပြောကြားသည်။
အက်ဖ်အီးစီဈေးနှုန်း မြင့်တက်နေမှုကြောင့် ရန်ကုန်လေဆိပ်ရောက် နိုင်ငံခြားသားများ ဒေါ်လာနှင့် အက်ဖ်အီးစီ လဲလှယ်ယူသူ များလာသကဲ့သို့ ဒေါ်လာဖြင့် လစာရကြသူများကလည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ အက်ဖ်အီးစီနှင့် လစာထုတ်ယူ သုံးစွဲသူ များလာကြောင်း စုံစမ်းသိရသည်။
No comments:
Post a Comment