မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များသည် ယနေ့တွင် စစ်တကောင်းမြို့တွင် တွေ့ဆုံပြီး ရေပြင်ပိုင်နက် အငြင်းပွားမူကို စတင်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးပွဲကို စစ်တကောင်းမြို့ရှိ အာဂါရာဘတ် ဟိုတည်တွင် ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ခဲ့သည်။
မြန်မာဘက်မှ ဒုနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ် ၁၃ ဦးတက်ရောက်ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ နိုင်ငံခြားရေး အတွင်းဝန် Md Khurshid Alam ဦးဆောင်သော ၁၅ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲသို့ ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ မြန်မာ သံအမတ် ဦးဖေသန်းဦးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလာ သံအမတ် အနုတ်ကူမာ ချက်ကမာလည်း တက်ရောက်သည်။
ယနေ့တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ် သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
သို့သော်လည်း Md Khurshid Alam က နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးပွဲ အပြီးတွင် မိမိတို့ အနေဖြင့် ရေပြင်ပိုင်နက် အငြင်းပွားမူကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် သတ်မှတ်ရေးကို ၂၂ နှစ်ကြာ ရပ်နားထားခဲ့ရပြီး ယမန်နှစ်ကမှ ပြန်လည် စတင်နိုင်ခဲ့သည်။
ယခုဆွေးနွေးပွဲမှာ လေးကြိမ်မြောက် ဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ မြန်မာနှင့် အိန္ဒိယတို့မှ သူ့နိုင်ငံပိုင် ရေပြင်ပိုင်နက်များကို လူယူထားကြောင်း ကုလ သမဂ္ဂသို့ တိုင်ကြားပြီးနောက်ပိုင်း ပေါ်ထွက်လာသော ဆွေးနွေးပွဲများ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ သူ့နိုင်ငံပိုင် ရေပြင် အကွက် ၂၇ ခုမှ ၁၈ ခုကို မြန်မာနှင့် အိန္ဒိယတို့မှ ပိုင်ဆိုင်ကြောင်း တရားမ၀င် တောင်းဆိုနေကြောင်း စွပ်စွဲ ပြောကြားသည်။
ဆွေးနွေးပွဲကို ယနေ့နေ့လည် ၂ နာရီတွင် ရပ်တန့်လိုက်ပြီး မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment