Tuesday, January 5, 2010

တောင်သူများထံမှ မြေဆီကြွေး ကြံ့ဖွံ့ အာဏာသုံးတောင်းခံ

စိုးမိုး/ ၅ ဇန်န၀ါရီ ၂၀၁၀

တောင်သူများကို အကြွေးစနစ်ဖြင့် ထုတ်ပေးထားသည့် မြေဆီကြွေးများကို စစ်ခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက အာဏာသုံး တောင်းခံနေသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်း ကျေးရွာ အုပ်စု (၅၀) ကျော်ကို ယမန်နှစ် သြဂုတ်လက စတင်ပြီး (၈) လဆိုင်း အကြွေးစနစ်ဖြင့် အတင်းအကျပ် မ၀ယ်မနေရ ရောင်းချထားပြီး (၅) လအကြာ ယခုလတွင် မြေဆီကြွေးတောင်းခံနေခြင်း ဖြစ်သည်။

“စရောင်းတုန်းက မြေဆီ (၁) အိတ်ကို ကာလပေါက်ဈေးက (၁၃,၀၀၀) ကျပ်ပဲ ရှိတာကို ကြံ့ဖွံ့အသင်းက တအိတ် (၂၀,၀၀၀) ကျပ်နဲ့ မ၀ယ်မနေရ ရယက ဥက္ကဋ္ဌတွေက တဆင့် ရောင်းတယ်ခင်ဗျ။ အကြွေး (၈) လဆိုင်းဆိုပြီး ရောင်းပေမယ့် အခု (၅) လလောက်ပဲ ရှိသေးတယ် ပြန်တောင်းတော့ အားလုံး အခက်တွေ့ကုန်တာ” ဟု မြို့သစ်မြို့နယ် ဒေသခံက ပြောသည်။

တောင်သူများက မြေဆီကြွေး မပေးချေနိုင်မှုကြောင့် တာဝန်ယူ ရောင်းချပေးထားသော ကျေးရွာ ဥက္ကဋ္ဌ (၂ ) ဦးကို ပြီးခဲ့သည့် အပတ်က ဖမ်းဆီးပြီး တောင်သူများထံမှ မြေဆီကြွေး အကြေပေးချေရန် ယခုတပတ်အတွင်း တောင်းပါမည်ဟူသည့် အာမခံဖြင့် ပြန်လွှတ်ထားကြောင်း သိရသည်။

၎င်းတို့ (၂) ဦးကို မြို့သစ်ရဲစခန်းက ဖမ်းဆီးခြင်းမဟုတ်ဘဲ မြို့သစ်မြို့နယ် မယက ဥက္ကဋ္ဌက အာဏာသုံး၍ ဖမ်းဆီးတောင်းခံ နေခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၀) ကျော်မှ တောင်သူများအားလုံးသည် မြေဆီ (၁) အိတ် အနည်းဆုံး ၀ယ်ယူထားရပြီး အများစုမှာ လယ်ဧက အနည်း အများအလိုက် (၃) အိတ်အထိ ၀ယ်ယူခဲ့ကြရသည်။

“ကြက်သွန်က နောက် (၂) လ (၃) လလောက်နေမှ ပေါ်မယ်။ အဲဒီ အချိန်လောက်မှပဲ တောင်သူ လက်ထဲ ငွေရှိလိမ့်မယ်။ အခုကတော့ မြေဆီကြွေး ပေးနိုင်လိမ့်မယ်လို့ မထင်ဘူး။ တာဝန်ခံထားသူတွေ ဖမ်းလည်း ရယက ဥက္ကဋ္ဌတွေ အားလုံးဖမ်းရုံပဲ ရှိတယ်” ဟု မြို့သစ်ဒေသခံက ပြောကြားသည်။

နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်ဖွဲ့စည်းထားသည့် ကြံ့ဖွံ့အသင်းက တောင်သူများကို အမတော်ကြေးအဖြစ် (၁) ဧက (၁၀,၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးရုံးများမှ တဆင့် အကြွေးစနစ်ဖြင့် မြေဆီရောင်းချမှုများ နှစ်စဉ် လုပ်ဆောင်နေခြင်းဖြစ်သည်။

No comments: