Monday, January 18, 2010

ဆိုင်ကယ်စီးနင်းခွင့် ခွဲခြားပေးမှု ရဲများ မကျေနပ်

တက်လူ/ ၁၈ ဇန်န၀ါရီ ၂ဝ၁ဝ

ရန်ကုန်တွင် လျှပ်စစ်ဝန်ထမ်းများကို ဆိုင်ကယ်စီးနင်းခွင့်ပေးသည့်အတွက် အခြား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဲများက မကျေမနပ်ဖြစ်နေကြကြောင်း ပြည်ထဲရေးမှ ရဲအရာရှိတဦးက ပြောသည်။

ဆိုင်ကယ်များအား လျှပ်စစ်ဝန်ထမ်းမှလွဲ၍ စစ်တပ်၊ ရဲနှင့် မည်သည့်အစိုးရဝန်ထမ်းများကိုမှ စီးနင်းခွင့်မပြုကြောင်းအမိန့်ကို ယမန်နှစ် ဒီဇင်ဘာ (၁၅) ရက်နောက်ဆုံးထားကာ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) က ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ယင်းသို့ မကျေမနပ်ဖြစ်ကြကြောင်း ၎င်းက ပြောသည်။

၎င်းက “ဆိုင်ကယ်မစီးရလို့ သတ်မှတ်တယ်ဆိုရင်လည်း အားလုံးကို သတ်မှတ်သင့်တယ်။ အခုဟာက ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့က လျှပ်စစ်ဝန်ထမ်းတွေကို (၆၅) စီး စီးခွင့်ပေးထားတယ်။ လျှပ်စစ်ဝန်ထမ်းတွေပဲ အလုပ်များတာ မဟုတ်ဘူး။ ရဲဝန်ထမ်းတွေကသာ အမှန်ဆိုရင် ဆိုင်ကယ်ကို ပိုပြီးအသုံးပြုသင့်တယ်” ဟု ပြောသည်။

ရဲအပါအ၀င် အစိုးရ၀န်ထမ်းများအနေဖြင့် မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေ စီးနင်းရန်ခွင့်မပြုတော့ဘဲ ယခင်စီးခွင့် ပေးထားသည့် ဆိုင်ကယ်များကို ပြန်အပ်ရမည်ဖြစ်ကြောင်း၊ စီးနင်းသူများကို တွေ့ပါက ဆိုင်ကယ်သိမ်းကာ လူကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ရဲတဦးက “ဆိုင်ကယ်က ရဲတွေအတွက် တကယ်လိုတာကို သူတို့လည်းသိပါတယ်။ ရဲအမျိုးအစား အများကြီးရှိတယ်ဗျာ။ ပြည်ထဲရေး ရဲဌာနအောက်မှာ ယာဉ်ထိန်းရဲ၊ စည်ပင်ရဲ၊ ပြီးတော့ လူမှုဝန်ထမ်းက မီးသတ်ရဲဘော်၊ ဒါတွေက ပြည်သူနဲ့ တိုက်ရိုက်ပတ်သက်တာတွေပဲ။ ပြည်သူတွေကြားမှာ ရုတ်တရက် အရေးပေါ်အနေအထား တခုကြုံခဲ့ရင် ရဲက သွားစရာဆိုလို့ ဆိုင်ကယ်ပဲ ရှိတာလေ။ အဲဒီတော့ လုံးဝမစီးရတဲ့အတွက် နစ်နာစရာရှိရင် ပြည်သူပဲ နစ်နာမှာလေ” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရဲ၊ စစ်တပ်နှင့် အခြားအစိုးရဌာနဆိုင်ရာ ၀န်ထမ်းများအား ဆိုင်ကယ်များကို အရောင်သတ်မှတ်စီးနင်းခွင့်ပြုခဲ့ရာ စစ်တပ်စီးသည့် ဆိုင်ကယ်ကို စစ်စိမ်းရောင်နှင့် အခြားဌာဆိုင်ရာ ဆိုင်ကယ်များကို လိမ္မော်ရောင်အဖြစ် စီးနင်းစေခဲ့သည်။

ရန်ကုန်တွင် မူလက စစ်တပ်၊ ရဲနှင့် အစိုးရဝန်ထမ်းအချို့ကို စီးနင်းခွင့်ပြုထားသော ဆိုင်ကယ်စီးရေမှာ (၁,၀၀၀) ခန့်  ရှိကြောင်း၊ စာရင်းမရှိဘဲ တရားမ၀င်စီးနေသော ဆိုင်ကယ်စီးရေမှာ (၂,၀၀၀) ခန့်ရှိကြောင်း၊ ဆိုင်ကယ်အများဆုံး အသုံးပြုသူတို့မှာ ရဲ၊ မယက၊ ရယက၊ ကြံ့ဖွံ့နှင့် ဌာနဆိုင်ရာဝန်ထမ်းတို့ဖြစ်ကြောင်း သိရသည်။




No comments: