NEJ/ ၁၄ ဇန်န၀ါရီ ၂၀၁၀
အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟို အလုပ် အမှုဆောင် အဖွဲ့ကို အဖွဲ့ဝင်သစ် (၉) ဦးတို့ဖြင့် တိုးချဲ့ တာဝန် ပေးအပ် လိုက်သည်။
ဗဟိုအလုပ်အမှုဆောင်များအဖြစ် တာဝန်ပေးခြင်းခံရသူများမှာ (၁) ဒေါက်တာ သန်းငြိမ်း၊ (၂) ဦးအုန်းကြိုင်၊ (၃) ဦးဝင်းမြင့်၊ (၄) ဦးထွန်းထွန်းဟိန်၊ (၅) ဒေါက်တာဝင်းနိုင်၊ (၆) ဦးဉာဏ်ဝင်း၊ (၇) ဦးဟံသာမြင့်၊ (၈) ဦးသိန်းညွန့်၊ (၉) ဒေါက်တာမေ၀င်းမြင့်တို့ ဖြစ်ကြပြီး ဇန်န၀ါရီ (၁၄) ရက် ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်တဦးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် ဦးဉာဏ်ဝင်းက “အခုလို တိုးချဲ့တာကတော့ အင်အားဖြည့်တင်း တာပါပဲ။ နဂိုရှိပြီးသားအဖွဲ့ကို အင်အားဖြည့်နိုင်ဖို့၊ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်လည်းမရှိဘူး၊ ဦးတင်ဦးမရှိဘူး၊ ဦးအောင်ရွှေ၊ ဦးလွင် ရုံးမတက်နိုင်ဘူး။ ဒီလိုအခြေအနေမှာ အင်အားဖြည့်တာကို လိုတယ်လို့ယူဆလို့ ဖြည့်တာပါ” ဟု ပြောသည်။
ပါတီလုပ်ငန်းစဉ်များ တိုးချဲ့သွားရန်ရှိပြီး နောက်ပြုလုပ်မည့် အစည်းအဝေးများတွင် ဆက်လက်ဆွေးနွေးသွားရန် ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
ယခုကဲ့သို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို တိုးချဲ့လိုက်ခြင်းအားဖြင့် အန်အယ်လ်ဒီအတွင်း အားသစ်များ၊ တာဝန်သစ်များ လုပ်ငန်းသစ်များ ထွက်ပေါ်လာနိုင်မည်ဟု အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
အန်အယ်လ်ဒီဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၉) ဦး ထပ်မံတိုးချဲ့လိုက် သဖြင့် စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၀) ဦး ရှိပြီဖြစ်သည်။
ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ဖြစ်သည်။
အန်အယ်လ်ဒီပါတီမှ သက်ကြီးပိုင်း ခေါင်းဆောင်များဖြစ်ကြသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့အား စိမ်းလဲ့ကန်သာဧည့်ရိပ်သာ၌ ပြီးခဲ့သည့်ဒီဇင်ဘာ (၁၆) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဂါရ၀ပြုခွင့် ရရှိခဲ့ပြီးသည့်နောက် ယခုကဲ့သို့ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းရေး ထွက်ပေါ်လာခြင်းဖြစ်သည်။
No comments:
Post a Comment