Saturday, May 1, 2010

တိုက်ပွဲမှသည် အောင်ပွဲဆီသို့

ဝေလင်း

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘရပ်ဆဲလ်ညီလာခံရဲ့ စက်မှုဇုန်လုပ်သားများအရေး ထုတ်ပြန်ချက်မှာ တရုတ်ပြည် အလုပ်သမားတွေ တနာရီ ဆင့် (၂၀) တလ (၄၇.၃၂၀) ဒေါ်လာ၊ သီရိလင်္ကာမှာ တနာရီ (၄၀) ဆင့် တလ အမေရိကန် (၉၄.၆၄ ဒေါ်လာ)၊ ထိုင်းအလုပ်သမားတွေက ဆင့် (၇၈) ဆင့် တလ အမေရိကန် (၁၈၄.၅၄၈) ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်မှာ တနာရီ (၈) ဆင့် တလကို အမေရိကန် (၁၈.၉၂၈) ဒေါ်လာနှုန်းစီ လုပ်ခတွေ အသီးသီး ရနေကြတယ်လို့ ဆိုထားပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားက စက်မှုဇုန်လုပ်သားတွေ တလကို ဒေါ်လာ (၁၀၀- ၁၂၀) လောက်ရနေချိန်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာနိုင်ငံ စက်မှုဇုန်လုပ်သားတွေကတော့ တလကို အမေရိကန်ဒေါ်လာ (၂၀ - ၃၀) ၀န်းကျင်လောက်သာ ရနေကြပါတယ်။

၂၀၀၉ အောက်တိုဘာလ (၇) ရက်နေ့မှာ နိုင်ငံစုံ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတို့က တရုတ်၊ ဟောင်ကောင်နဲ့ အိန္ဒိယ အပါအ၀င် အာရှဒေသတွင်း အထည်ချုပ်လုပ်သားအားလုံးအတွက် အကျုံးဝင်မယ့် ဘုံအခြေခံ စံနမူနာ လစာငွေတရပ် ချမှတ်ရေးဆွဲခဲ့ကြရာမှာ သာမန်အလုပ်သမား မိသားတစု (လူကြီး ၂ ဦး၊ ကလေး ၂ ဦး အပါအ၀င်) အတွက် လစဉ် စားသောက်နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကိစ္စအားလုံး ဖြေရှင်းနိုင်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ (၄၇.၅) ဒေါ်လာ လိုအပ်တယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ လှိုင်သာယာစက်မှုဇုန်က လုပ်သားတွေ ရကြတဲ့ လစာဟာ ဒီစံနှုန်းထားထက် ခေါက်ချိုးမက နည်းပါးလွန်းလှတဲ့လစာပါ။ ဒီလို ၀င်ငွေနည်းတာချင်းအတူတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေမှာ အလုပ်သမားအခွင့်အရေးတိုက်ပွဲ သက်သက်သာမက တခြားပါတီ၊ အသင်းအဖွဲ့တွေနဲ့ပါ နိုင်ငံရေးအရ ပူးတွဲဆန္ဒပြ လှုပ်ရှားနိုင်ခွင့်ရှိနေတာကတော့ မြန်မာစက်မှုဇုန်လုပ်သားများထက် ပိုပြီးကံကောင်းနေတဲ့ အချက်တခုလို့ ဆိုရမလိုပါ။ စဉ်ဆက်မပြတ် တိုက်ခိုက်နေကြတဲ့ စက်မှုဇုန်ဆန္ဒပြမှုများစွာအနက် ၂၀၀၆ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေရဲ့ အောင်ပွဲရ သပိတ်ကြီးတခုအကြောင်း ဆက်စပ် နှိုင်းယှဉ်ကြည့် သင့်တာမို့ မိတ်ဆက်ပေးလိုက်ပါရစေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၀ ခုနှစ် ကတည်းကစပြီး ရယ်ဒီမိတ် အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာခဲ့တာပါ။ နိုင်ငံအနှံ့ လုပ်ငန်းပေါင်း (၄,၀၀၀) လောက် တည်ထောင်ထားသလို အလုပ်သမား (၂) သန်းခွဲလောက်က ဒီအထည်တွေကို ထုတ်လုပ်ပေးနေရတာပါ။ ထွက်ကုန်အများစုကို အနောက်ဥရောပ (EU) နိုင်ငံတွေနဲ့ အမေရိကန်ဘက် တင်ပို့နေပြီး စက်ရုံများက လုပ်သားအများစုဟာ ဆင်းရဲတဲ့ အမျိုးသမီးအလုပ်သမားတွေပါ။ (မှတ်ပုံတင်၊ မှတ်ပုံတင်မဲ့) စက်ရုံပေါင်း (၃,၄၈၀) ကနေ အလုပ်သမပေါင်း (၁.၈) သန်းကို အလုပ်ကိုင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ (၁၀၀) ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်ခွင့်ပြုပေးထားတာမို့ ၂၀၀၈ ခုနှစ် စာရင်းဇယားတွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၄၈၁၇.၀၅ ) သန်းမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ (၁၂၀၃.၄၀) သန်း၊ ဆက်သွယ်ရေးကဏ္ဍ (၁၄၀၅.၉၆) သန်း၊ ချည်ထည်ထွက်ကုန် အထည်ချုပ်လုပ်ငန်း (၉၂၅.၀၃ ) သန်း စသည်ဖြင့် အထည်ချုပ်စက်မှုဇုန်တွေဟာ နိုင်ငံဝင်ငွေ အဓိကရှာဖွေပေးတဲ့ တတိယမြောက် လူသားရင်းမြစ် ကဏ္ဍတခုလည်း ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေကနေပြီး နှစ်စဉ် အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ (၇) ဘီလီယံဖိုး ရရှိနေတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား တင်ပို့ကုန်အားလုံးရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို ဒီလုပ်သားတွေက ထုတ်လုပ်ပေးနေကြတာပါ။

၂၀၀၈ ခုနှစ် နိုင်ငံခြားပို့ကုန် စုစုပေါင်းတန်ဖိုးပေါင်းက (၁၅.၅၇) ဘီလီယံ အမေရိကန်ဒေါ်လာပါ။ အထည်ချုပ်ကဏ္ဍကနေ ၂၀၀၈ ခုနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ၊ ၂၀၁၀ မှာ (၁၃) ဘီလီယံဖိုး တိုးတက်ထုတ်လုပ်ဖို့လည်း ရည်ရွယ်ထားတာမို့ နောင်ဆိုရင် အမျိုးသားထုတ်ကုန် (၈၀) ရာခိုင်နှုန်းပမာဏကို တပြည်လုံးရှိ အလုပ်သမားဦးရေ စုစုပေါင်း (၄၀) ရာခိုင်နှုန်းလောက်သုံးပြီး တိုးချဲ့လုပ်ကိုင်သွားဖို့ရှိပါတယ်။ အလုပ်လက်မဲ့ဖောင်းပွမှုကို ထိန်းညှိထားနိုင်ပါတယ်လို့ အစိုးရ ကြေညာနေချိန်မှာ အလုပ်သမားတွေခမျာ လစာငွေကို (၂) လလောက် နောက်ကျခံစားနေရပြီး (၁) လမှာ အမေရိကန်ဒေါ်လာ (၂၀) ၀န်းကျင်လောက်ပဲ လစာငွေရကြတာကြောင့်လည်း ဒက္ကာမြို့လယ် လမ်းမပေါ်ကို မကြာခဏထွက်ပြီး အလုပ်သမားတွေ ဆန္ဒပြနေကြရတာပါ။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားတွေဟာ သူတို့လစာငွေ၊ အချိန်ပိုလုပ်ခတွေကို ပုံမှန်မရကြတဲ့အပြင် ရက်သတ္တပတ်မှာ နားရက်ဆိုတာကလည်း လုံးဝရှိကြပြန်တာမဟုတ်ပါဘူး။ သူတို့လစာငွေထဲက (၂) ရာခိုင်နှုန်းကို အလုပ်ရှင်တွေက ဖြတ်ယူတတ်ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဧပြီလအတွင်း ဒက္ကာမြို့အပြင်ဘက်က စက်ရုံတခုပြိုကျပြီး အလုပ်သမ (၆၃) ယောက် သေ၊ (၈၄) ယောက် ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတုန်းကလည်း စက်ရုံမီးလောင်ပြီး လုပ်သား (၅၀) သေ၊ (၁၀၀) ကျော်ဒဏ်ရာရတဲ့ အဖြစ်မျိုးတွေလည်း ရှိခဲ့ပါသေးတယ်။ အလုပ်ရှင်တွေဘက်က စစ်တကောင်း၊ ဒက္ကာလို မြို့ကြီးတွေမှာတောင် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား အလုံအလောက် မရတာမို့ စက်စွမ်းအင် အပြည့်မလည်ပတ်နိုင်ဘဲ ထုတ်လုပ်မှု (၅၀) ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ တွက်ချက်နေသလို စီးပွားကပ်ပျက်ကြောင့်လည်း ထုတ်လုပ်မှုစရိတ်မှာ (၂၀) ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ဆိုနေကြပြန်ပါတယ်။

ဒက္ကာမြို့အနီး စက်မှုမြို့တော် ဆာဗား သိုးမွှေးထည် စက်ရုံအုပ်စုမှာ၂၀၀၆ ခုနှစ် မေလ (၂၃) ရက်နေ့က အလုပ်သမားလုပ်ခတွေ အပါအ၀င် အပတ်စဉ် အလုပ်ပိတ် အားလပ်ခွင့် ခံစားခွင့်တွေ ရရှိဖို့ တောင်းဆိုထားခဲ့တဲ့ တောင်းဆိုချက် (၁၁) ရပ်ကို စက်ရုံပိုင်ရှင်တွေ ငြင်းပယ်ခဲ့ရုံမက အလုပ်သမားတွေကိုပါ စက်ရုံထဲပိတ်လှောင် ရေဖြတ်မီးဖြတ် ချုပ်နှောင်ထားခဲ့ရာကနေ မခံမရပ်ဖြစ်ကြပြီး သပိတ်မှောက်အလုပ်သမားတွေက စက်ရုံနဲ့တကွ ကားတွေ စက်ကိရိယာတွေကို မီးတင်ရှို့ခဲ့ကြသလို တိုင်းတပါး ရင်းနှီးမြှုပ်နှံသူတွေကိုလည်း မောင်းထုတ်ပစ်ခဲ့ကြပါတော့တယ်။ ဒီ ၂၀၀၆ ခုနှစ်လို သပိတ်မျိုးတွေက နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားနေကျမို့ သိပ်မထူးဆန်းတော့ဘူးလို့ ဆိုရင်ဖြင့် ဒီလို သပိတ်မှောက်ခွင့်ရကြတဲ့ ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ကို နည်းနည်းလေး ဆက်လေ့လာကြည့်ဖို့တော့ လိုလာပါလိမ့်မယ်။

တွဲဆက်လက်များ

၂၀၀၆ ခုနှစ် အရေးအခင်းအတွင်း ပျက်စီးခဲ့တဲ့ စက်ရုံပေါင်း (၂၅၀) ကျော်အနက် (၃၀) ဟာ ဆာဗား ပို့ကုန်အုပ်စု နိုင်ငံခြားသားပိုင် စက်ရုံတွေပဲ ဖြစ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် ထုတ်လုပ်တင်ပို့သူများအစည်းအရုံး ဒု-ဥက္ကဋ္ဌ တဦးဖြစ်သူ ဆာဟာဒတ် ဟော့စိန် ချောင်ဒရီကတော့ ဆာဗားစက်မှုဇုန်က စက်ရုံ (၂၁) ရုံအပါအ၀င် စက်ရုံပေါင်း (၃၀၀) နီးပါး မီးရှို့ခံရပြီး (၃) ရက်တာကြာမြင့်ခဲ့တဲ့ စက်မှုဇုန်အလုပ်သမားအဓိကရုဏ်းမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄) ဘီလီယံဖိုး (တက်ကာ ငွေ သန်း ၇၀) နီးပါး ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ အလုပ်သမား (၃) ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောပါတယ်။

အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ အလုပ်သမားသမဂ္ဂ အမျိုးသမီးခေါင်းဆောင် ရှရင်းအာတာကတော့ လုံးဝ အလုပ်နားရက် မရှိတာကြောင့် အခုလို အလုပ်သမားတွေ ဒေါသထွက်ပြီး အဓိကရုဏ်းဖြစ်ရတာပဲလို့ အပြစ်တင်ပါတယ်။ ပိုင်ရှင်တွေက အလုပ်သမားတွေကို လုပ်ခနဲ့ အိုဗာတိုင်ကြေး ပုံမှန်မပေးကြတဲ့အပြင် အလုပ်ရှင်က သူတို့လုပ်ခနဲ့ အိုဗာတိုင်ကြေးပေါ်ကနေပြီး (၂) ရာခိုင်နှုန်း ဖြတ်လေ့ရှိတယ်လို့ အလုပ်သမားတွေ ယုံကြည်နေကြကြောင်းကိုလည်း သူမက စွပ်စွဲထားပြန်ပါတယ်။

အစိုးရပြည်ထဲရေးဝန်ကြီး လာဖိုဇာမန်က ဒါဟာ အစိုးရအတွက် အဖျက်လုပ်ရပ်များဖြစ်သလို အိန္ဒိယနယ်ခြားစက်မှုဇုန်တွေက ကူးစက်လာတဲ့ ပြဿနာများလို့ ပြောပါတယ်။

အတိုက်အခံပါတီ ခေါင်းဆောင် ရှိတ်ဟာစီန၀ါဂျစ်ကတော့ လက်ရှိအစိုးရရဲ့ မအောင်မြင်ချက်တွေ အားလုံးကို အလုပ်သမားတွေအပေါ် အပြစ်ပုံချနေတယ်လို့ပြောပြီး အလုပ်သမားတွေအပေါ် လက်ရှိ (BNP) ပါတီ အစိုးရရဲ့ ဗိုလ်ကျကြီးစိုးမှု ပြန့်ပွားလာတာပဲလို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

နိုင်ငံရေးသမားမဟုတ်တဲ့ ဘင်္ဂလား စီးပွားရေးရှေ့ဆောင်တွေကလည်း အလုပ်ရှင်ရော အစိုးရကပါ လုပ်သားတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်နေတယ်လို့ စွပ်စွဲပြီး ဘင်္ဂလား စီးပွားရေးအသင်း ဥက္ကဋ္ဌ ကွာစီခိုလီကွစ်ဇာမန်ကတော့ ဒီပြဿနာဟာ ရေရှည်မဖြေရှင်းနိုင်မယ့် ပြဿနာတရပ်ပဲလို့ အခိုင်အမာထပ်ပြီး ထောက်ပြပါတယ်။

ဘင်္ဂလား အလုပ်သမားအရေး လေ့လာရေးသိပ္ပံ (BILS) ကတော့ ၁၉၉၇-၂၀၀၁ မှာ အထည်ချုပ်လုပ်ငန်းရှင်တွေဘက်က ပြဿနာကိုတားဆီးဖို့ သဘောတူညီချက် (၄) ချက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပေမယ့်လည်း အစိုးရ သတ်မှတ်ကြေညာ ပေးထားတဲ့ အနိမ့်ဆုံးလစာ (၂၅) ဒေါ်လာနှုန်းကို ၂၀၀၁ ခုနှစ်တုန်းကတည်းက အာမမခံခဲ့သလို စက်ရုံလုပ်ငန်းကြီးများအတွက် လမ်းညွှန်ချက် (၂၄) ရပ်အပြင် အခြားအလုပ်သမားဥပဒေ ဘယ်တခုကိုမှ စက်မှုဇုန်လုပ်ငန်းရှင်တွေ မလိုက်နာကြဘူးလို့ ဆိုပါတယ်။

တဆက်တည်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့ အလုပ်သမားသပိတ်တွေ တခုနဲ့တခု ဆက်နွှယ်ပတ်သက်နေတာကိုလည်း တွေ့ရနိုင်ပါသေးတယ်။ အတိုက်အခံ ရှိတ်ဟာစီနာဝါဂျစ်ရဲ့ ညွန့်ပေါင်း (၁၄) ပါတီက ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဇွန် (၁၃-၁၄) ရက်အထိ (၃၆ ) နာရ်ီကြာ သပိတ်မှောက်ဖို့နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်ဖို့ တိုက်ပွဲဝင် တောင်းဆိုလိုက်ပြီးတဲ့နောက် လူတွေ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ၂၀၀၆ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ ဒက္ကာ သပိတ်မှောက် အရေးခင်းမှာ ပုလိပ်တွေရဲ့ အတိုက်ခံခေါင်းဆောင်တွေနဲ့ အလုပ်သမားများအပေါ် ပြုမူချက်တွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ်က အလုပ်သမားသပိတ်တွေနဲ့ တခြားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းတွေ ဆက်စပ်မှုရှိရှိ အပြန်အလှန် ထောက်ခံအားပေး တိုက်ပွဲဝင်နေကြပုံတွေပါ။

၂၀၀၆ ခုနှစ် ဇွန်လထဲမှာ အခြေအနေတွေ ဆက်ဆိုးဝါးနေပြီး သပိတ်တိုက်ပွဲတွေဟာ ဒက္ကာ ပြုပြင်ထုတ်လုပ်ဇုန်ကနေ ဆာဗား၊ အရှူလီရာ၊ ဂါဇီပါလ် နယ်မြေအထိ ပျံ့နှံ့သွားပါတော့တယ်။ ၂၀၀၆ မေ (၂၃) ရက်နေ့ မှာတော့ ဖြစ်ပွားမှုအရှိန် မြင့်တက်ခဲ့ပြီး စက်ရုံလုံခြုံရေး၊ ပုလိပ်တွေ၊ ပြည်သူ့စစ်များအပြင် ဘင်္ဂလားနယ်ခြားစောင့် ရိုင်ဖယ်တပ်အင်အား (၃,၀၀၀) ကို ခေါ်ယူဖြေရှင်းခဲ့ရပါတော့တယ်။ အစိုးရက စက်ရုံတွေကို အတင်းဝင်ရောက်စီးနင်းပြီး အလုပ်သမားတွေကို မောင်းထုတ်၊ စက်မှုဇုန်ကို သံဆူးကြိုးကာရံ ထိန်းချုပ်ခဲ့သလို အရေးပေါ် ဆူပူမှုနှိမ်နင်းရေးတပ်ဖွဲ့တွေပါ ၀င်ရောက်ဖြေရှင်းပေးရတဲ့ နိုင်ငံတော်လုံခြုံရေးထိခိုက်မှုအဆင့်ထိ အခြေဆိုက်ရောက်သွားခဲ့ပါတော့တယ်။

နောက်ဆုံး အစိုးရဘက်က ဖမ်းဆီးထားတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂ၀င်တွေ ပြန်လွှတ်ပေးဖို့ အခြေခံလုပ်ခလစာ စီစဉ်သတ်မှတ်ပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အလုပ်သမားတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့ရပါတော့တယ်။ စက်မှုဇုန်လုပ်သား တောင်းဆိုချက်အများစုကို အစိုးရနဲ့ အလုပ်ရှင်တွေဘက်က လိုက်လျောပေးခဲ့လို့လည်း စနေ၊ တနင်္ဂနွေ အားလပ်ခွင့်ရက်၊ မီးဖွားခွင့်ရက်၊ လုပ်သားမှတ်ပုံတင်၊ ပြင်ပထွက်ခွင့် လက်မှတ် စတဲ့ အခွင့်အရေးများအပြင် အဓိကကျတဲ့ လုပ်ခလစာငွေကလည်း အရင် အလုပ်သမားသပိတ်မတိုင်မီ တက်ကာငွေ (၉၄၀) အမေရိကန် (၁၄.၀၃) ဒေါ်လာကနေ အခု တက်ကာငွေ (၃,၀၀၀) အမေရိကန် (၄၄.၇၉) ဒေါ်လာထိတိုးပြီး သတ်မှတ်ပေးခဲ့တာမို့ ၂၀၀၆ မေလ အလုပ်သမားသပိတ် လုံးဝအောင်မြင်ခဲ့တယ်လို့ ပြောရမှာပါ။ (New Age, 29 June 2006)

အခုလိုအောင်မြင်မှုဟာ ၂၀၀၆ ခုနှစ် တနှစ်တည်း ပွဲပြီးမီးသေ အရှိန်တန့်မသွားခဲ့ပါဘူး။ ၂၀၀၈-၂၀၀၉ ခုနှစ်တွေမှာ နောက်ထပ် စက်မှုဇုန်အလုပ်သမားဆန္ဒပြပွဲတွေ တခုပြီးတခု ဆက်တိုက်ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၆ မေ၊ ဇွန် အလုပ်သမား တိုက်ပွဲတွေအပြင် ၂၀၀၈ ခုနှစ် ဧပြီ ပထမအပတ်အတွင်း ဒက္ကာစက်မှုဇုန် စက်ရုံ (၄) ရုံက အထည်ချုပ်လုပ်သားတွေ လစာငွေ (၂) ဒေါ်လာကနေ (၃) ဒေါ်လာအထိ ထပ်တိုးပေးဖို့ ဆန္ဒပြခဲ့ရာ ပုလိပ်တွေ ရိုက်နှက်ဖြိုခွင်းခဲ့လို့ လူ (၅၀) ဒဏ်ရာရရှိခဲ့ကြသလို ၂၀၀၈ ခုနှစ် ဧပြီ ဒုတိယပတ် (၁၅) ရက်နေ့မှာလည်း လုပ်သားပေါင်း (၁) သောင်းခွဲလောက်ဟာ ကုန်ဈေးနှုန်းမြင့်တက်လာလို့ နဂိုသဘောတူထားပြီးဖြစ်တဲ့ လစာငွေ (၁) လကို အမေရိကန် (၂၅) ဒေါ်လာနှုန်းရရှိရေး စက်ရုံရှေ့ထိုင်ပြီး ဆန္ဒပြခဲ့ကြ ပြန်ပါတယ်။ ဒက္ကာစက်မှုဇုန်မှာ ဆန္ဒပြမှုတွေဟာ လှိုင်းတံပိုး၊ မုန်တိုင်းတွေလိုပဲ နှစ်စဉ်မပြတ် ပြင်းပြင်းထန်ထန် မရပ်မနား ဆက်လက်တိုက်ခတ်နေခဲ့ပါတယ်။

၁၉၆၀ လွန်ကာလ စက်မှုဇုန်သစ်တွေနဲ့အတူ စတင်သန္ဓေတည်လာခဲ့တဲ့ အလုပ်ရှင် အလုပ်သမားကြား မပြေလည်မှု ပြဿနာတွေဟာ ဘင်္ဂလားဒေ့ရှ် စက်မှုန်ဇုန်လုပ်ငန်းရှင်တွေအဖို့တော့ မွေးရာပါ ရောဂါဆိုးကြီးတရပ်လိုပါပဲ။ အလုပ်သမား အခွင့်အရေးတခု ချိုးဖောက်ခံရတိုင်းမှာ ဆန္ဒပြဖို့ရာ ပြဿနာအသစ်တွေ ထပ်တလဲလဲ ပေါ်ပေါက်လာစမြဲ မဟုတ်ပါလား။



No comments: