Thursday, May 20, 2010

မြောက်ပိုင်းတိုင်းမှူးနှင့်တွေ့ရန် ကေအိုင်အိုအဖွဲ့ မြစ်ကြီးနားသို့ ထွက်ခွာ

သျှမ်းသံတော်ဆင့်

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၏ ဖိတ်ကြားချက်အရ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များသည် လိုင်ဇာမှ မြစ်ကြီးနားသို့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားကြောင်း သိရသည်။

ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အိုကိုယ်စားလှယ်တို့သည် မေလ ၂၀ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေဆိုက် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်၌ တွေ့ဆုံကြမည် ဖြစ်သည်။

ဧပြီလ ၂၈ ရက်နေ့က တိုင်းမှူးဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ကိုယ်စားလှယ်များ တွေ့ဆုံခဲ့သေးရာ နယ်ခြားစောင့်တပ်ကိစ္စ နှစ်ဘက် သဘောတူညီမှု ရခဲ့ပြီး ယခုတစ်ခေါက် အသွင်ကူးပြောင်းရေးကိစ္စ ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်း ကေအိုင်အို အ သိုင်းအ၀ိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသော ကေအိုင်အိုနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးခြင်းကို နအဖက ရပ်ဆိုင်းထားပြီး အသွင်ကူးပြောင်းရေးပြုလုပ်ရန် ၎င်းတို့နှစ်ဘက်သဘောတူညီချက် ရထားခြင်းဖြစ်သည်။

အသွင်ကူးပြောင်းရေးကိစ္စ ကေအိုင်အိုနှင့်နအဖတို့ကြား ပြေလည်မှုရရှိသည် ဟုဆိုနေချိန်တွင် ကေအိုင်အိုအပေါ် နအဖက ယုံကြည်မှု မရှိသကဲ့သို့ ဆက်ဆံနေသည်။

လတ်တလောတွင် ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သော (EEDY)အဖွဲ့ဝင်များအား နအဖက လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲဝင်ရန် ကေအိုင်အို ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာမရန်တူးဂျာခေါင်းဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသော်လည်း နအဖက တရားဝင် ခွင့်ပြုခြင်း မရှိသေးပေ။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ ကေအိုင်အိုနှင့်နအဖစစ်တပ်ကိုယ်စားတို့ တွေ့ဆုံဆွေးနွေးသည့် အကြိမ် ၂၀ ခန့် ရှိပြီ ဖြစ်သည်။

No comments: