စစ် အစိုးရရဲ့ မတရား၊ မမျှတတဲ့ ဥပဒေတွေကို ကျော်လွန်အာခံပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီကို မှတ်ပုံ မတင် တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ (၂၉၊ ၃၊ ၁၀) နေ့က ဆုံးဖြတ်ချက်ကို ကြားသိ ရပြီးနောက် အားရ ကျေနပ်မှု တွေနဲ့ စားကောင်း အိပ်ပျော်ဖြစ်ခဲ့ ရပါတယ်။ ၁၉၈၈ ခု လူထုအုံကြွမှုတွေအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်လို့ ပေါ်လာပြီးနောက်မှာ ဆုံးဖြတ်ချက်တွေ များစွာ ရှိခဲ့ပေမဲ့ ဒီတခါ ဆုံးဖြတ်ချက်ဟာ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီစွာ ဆုံးဖြတ်နိုင်ခဲ့တဲ့ အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်လို့တောင် ပြောရမယ်ထင်ပါတယ်။
ဒီလိုပြောနိုင်တဲ့ အကြောင်းတခုထဲမှာ ပထမဆုံးပြောနိုင်တာကတော့ ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနည်းကျ ပါတီဝင်အများစုက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်နေလို့ပါပဲ။ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေ ပေါ်လာတဲ့အခါ ဒီဥပဒေတွေဟာ စစ်အာဏာရှင်တွေ စိတ်ကြိုက် တရားမျှတခြင်းမရှိဘဲ အချက်အလက်ပေါင်းများစွာ ထည့်သွင်းရေးဆွဲထားတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မထင်မိပါဘူး။
ဒါပေမယ့် အမှန်တကယ် အရေးကြီးတာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပေဒ တရားမျှတတယ်/တရားမမျှတဘူး ဆိုတာထက်တောင် အနက်အဓိပ္ပါယ်က နက်ရှိုင်းနေပါတယ်။ တကယ်တော့ ဒီလို မတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ အင်အားအကောင်းဆုံး အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်တဲ့ စစ်အစိုးရရဲ့ သဘောထားဖြစ်နေတာက ပိုမိုအရေးကြီးမယ် ထင်ပါတယ်။
ရွှေဂုံတိုင်ကြေငြာချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ ပါတီညီလာခံ ခေါ်ယူပြီး အားလုံးရဲ့ သဘောတူညီမှုအရ ဆုံးဖြတ်ခဲ့တဲ့ တောင်းဆိုမှုဖြစ်ပြီး ရည်ရွယ်ချက်က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို လုံးဝ ဆန့်ကျင်နေတဲ့ စစ်အစိုးရရဲ့ အကျိုးစီးပွားသက်သက်ကိုသာ ဖော်ကျူးမယ့် ၂၀၀၈ ခု နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဆင်ရေး၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဆီ ဦးတည်ပါတယ်။
စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေကတော့ ဒီမိုကရေစီ သဘောတရားများနဲ့ အလှမ်းဝေးပြီး ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အတည်ပြုရေးကိုသာ ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးတွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။
ဒါကြောင့်လည်း ရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာတာနဲ့ တပြိုင်နက် တိုင်းနဲ့ပြည်နယ်အသီးသီးက အောက်ခြေပါတီဝင်တွေထဲမှာ ပါတီမှတ်ပုံမတင်ရေးကို ပါတီဝင်အများစုက ပြောဆိုလာတာကို တွေ့ခဲ့ရပါတယ်။ သူတို့အနေနဲ့ ပါတီဗဟိုက သူတို့သဘောထားစစ်တမ်း မယူဘဲ မှတ်ပုံတင်သွားမှာကို စိုးရိမ်ကြောင့်ကျပြီး နယ်မြို့တွေက ချက်ခြင်းဆိုသလို ရန်ကုန်မြို့ကို ပြေးလာကြပါတယ်။
ရန်ကုန်ရောက်ချိန်မှာလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေဟာ တွေ့ကြ၊ ဆုံကြ၊ ညှိနှိုင်းတိုင်ပင်ကြနဲ့ အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြတာပါ။ သူတို့အဖို့တော့ ရွှေဂုံတိုင်ကြေငြာချက်ဟာ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို အကောင်းဆုံး သုံးသပ်တောင်းဆိုထားတာမို့ အသက်တမျှ အရေးကြီးတာ သေချာပါတယ်။
သူတို့ရဲ့ လေးနက်တဲ့ တောင်းဆိုချက်ကို တန်ဖိုးမထားတဲ့ စစ်အစိုးရဆီမှာ ဗဟိုအဖွဲ့ဝင်တွေက ပျော့ညံ့ယိမ်းယိုင်ပြီး မှတ်ပုံတင်သွားမှာကို စိုးရိမ်နေကြတာကတော့ ပြောနေဖို့ပင် မလိုတော့ပါဘူး။ သူတို့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူနဲစု ပါတီဝင်တချို့က ပါတီရပ်တည်ရေး အကြောင်းပြချက်နဲ့ မှတ်ပုံတင်ရေးဘက်မှာ ရှိတဲ့ သဘောထားမျိုး ဖေါ်ပြနေကြလို့ပါဘဲ။ ဒီအချက်ကြောင့်လည်း တချို့သော ပြင်ပအကဲခတ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ခြမ်းကွဲမလိုလို ထင်မြင်ယူဆသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ပါတီနှစ်ခြမ်းကွဲဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုနဲ့ ပါတီအများစုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ်နဲ့ တလုံးတစည်းထဲ ရှိနေသလို မှတ်ပုံတင်ရေးစကား ပြောဆိုနေသူက သိပ်ကိုနဲတဲ့ လူနည်းစုမို့ပါဘဲ။ အရှိကို အရှိအတိုင်း ဝေဖန်ရရင် ပါတီမှတ်ပုံတင်လိုသူတွေရဲ့ အသံဟာ အများပိုင်ပါတီကို တဦးတယောက်ပိုင် ပါတီလို ပိုင်စိုးပိုင်နင်း ပြောဆိုနေသလိုတောင် ဖြစ်နေလို့ နားထောင်ရတာ မောင်ပိုင်စီးနိုင်ငံရေးလား၊ အလစ်သုတ်နိုင်ငံရေးလားလို့တောင် ထင်ရပါတယ်။
နောက်ပိုင်း အောက်ခြေပါတီဝင်ထုရဲ့ မှတ်ပုံမတင်ရေးသဘောထားဟာ ပိုမိုကျယ်လောင်လာပြီး (၂၉၊ ၃၊ ၁၀) နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမိုင်းဝင်မယ့် ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်ကို ပါတီဝင်အများစုရဲ့ ထောက်ခံမှုနဲ့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ပါတီကို စတင်ဦးဆောင်တည်ထောင်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ တထပ်တည်းဖြစ်နေသလို ပြည်သူအများစုရဲ့ ဆန္ဒနဲ့လည်း တကယ်ကို ကိုက်ညီပါတယ်။
ပြည်သူလူထုဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာပြည် ဒီမိုကရေစီရရှိရေးမှာ ဦးဆောင်ပါတီတခုအဖြစ် အသိအမှတ်ပြုခဲ့ပေမယ့် တချို့သော ဆုံးဖြတ်ချက်တွေကို အားမလိုအားမရ ဖြစ်နေတတ်ပါတယ်။
ဥပမာတခုပြောရရင် ၁၉၈၉ ခုနှစ်မှာ ဒေါ်စုက အာဇာနည်နေ့ (၁၉၊ ၇၊ ၈၉ ရက်နေ့) ကို စစ်အစိုးရရဲ့ အစီအမံနဲ့ မတက်ဘဲ ပြည်သူလူထုနဲ့အတူ တက်မယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ထိပ်ပိုင်းပါတီဝင်အချို့က လူထုနဲ့အတူ မတက်ရေးဘက်က မဲတင်းခဲ့ကြလို့ အစီအစဉ် ပျက်ခဲ့ပါတယ်။ အဲဒီတုန်းက ဒေါ်စုနဲ့အတူ ချီတက်ဖို့ ပြင်ဆင်ခဲ့တဲ့ သိန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ တက္ကသိုလ်ရိပ်သာလမ်းက အာဇာနည်ကုန်းအထိ အင်နဲ့အားနဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒီလိုစောင့်ခဲ့တာဟာ စစ်အစိုးရရဲ့ (လူငါးယောက်ထက်ပို မစုရ၊ စုရင် သေဒဏ်) ဆိုတဲ့ ပြင်းထန်တဲ့ ဥပဒေကို အံတုပြီး စောင့်ဆိုင်းနေခဲ့ကြတာပါ။ ဒေါ်စုလည်း မတက်ဖြစ်ဘူးဆိုရော ဟင်ကနဲ၊ ဟာကနဲ ဖြစ်သွားတဲ့ ပြည်သူလူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်း လူထုရဲ့ လမ်းမတွေပေါ် ချီတက်ပြီး ထောက်ခံအားပေးပါဝင်မှုတွေ တုံ့ဆိုင်းသွားခဲ့ရပါတယ်။ ဒီနေ့ ဒီအချိန်မှာ ပြန်တွေးကြည့်မယ်ဆိုရင် ၁၉၈၉ ခု အာဇာနည်နေ့ကသာ ဒေါ်စုရဲ့ သဘောဆန္ဒအတိုင်း ပြည်သူတွေနဲ့အတူ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ဖို့ ပါတီဝင်အများစုကသာ အားပေးခဲ့မယ်ဆိုရင် ထိပ်ပိုင်းခေါင်းဆောင် ပါတီဝင်အချို့ကသာ မကန့်ကွက်ခဲ့ဘူးဆိုရင် စစ်အစိုးရဆိုတာ ရှိပါဦးမလားလို့ တွေးမိပါတယ်။
ဒီတကြိမ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူတွေရှေ့က ရပ်တည်ပြီး သမိုင်းဝင်စေမယ့် (မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်) ဆုံးဖြတ်ချက်ကို အများသဘောဆန္ဒနဲ့အညီ ချထားနိုင်ခဲ့ပါပြီ။ ဒီဆုံးဖြတ်ချက်အတွက် ပါတီမှတ်ပုံတင်ရေးကို ပြောဆိုနေသူတချို့ရဲ့ မပြီးနိုင် မစီးနိုင် ငိုချင်းချသံတွေ၊ ပညာရှင်ယောင်ယောင်၊ နိုင်ငံရေးအကဲခတ်ယောင်ယောင် စစ်အစိုးရ လက်ပါးစေ လက်ကိုင်တုတ်တချို့ရဲ့ ဝေဖန်အပြစ်တင်သံတွေ၊ တတိယအင်အားစုဆိုသူတွေရဲ့ ကိုယ်လည်း ဘာမှမစွမ်းဆောင်နိုင်ဘဲ လှည်းကျိုး လှေကွဲ ပျက်ရယ်ပြုသံတွေ၊ ပါတီကို နှစ်ခြမ်းကွဲ၊ တခြမ်းက မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်ပြီး စစ်အစိုးရရဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အတည်ဖြစ်သွားစေချင်သူ အလိုတော်ရိတွေရဲ့ ကလိတိတိ ရိတိတိ အသံတွေ၊ စစ်အစိုးရရဲ့ ငွေဝယ်ကျွန် သတင်းမီဒီယာသမားတချို့ရဲ့ မရဲတရဲ ခပ်ဖိဖိ တွန်းချသံတွေ ဘယ်လိုပင်ရှိနေစေတော့ ပြည်သူလူထုကတော့ ဒီဆုံးဖြတ်ချက်ကို နှစ်ထောင်းအားရ ထောက်ခံနေကြတယ်ဆိုတာ သေချာပါတယ်။
ပြည်သူအုံကြွမှုကနေ ပြည်သူကို အခြေခံပြီး ထွက်ပေါ်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ပါတီဖျက်သိမ်းခံရစေဦးတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့သဘောထားနဲ့ ထပ်တူကျနေလို့ အခိုက်အတန့် အခက်အခဲတွေ ရှိနိုင်သော်လည်း နိုင်ငံရေးအရ ရေရှည်မှာ အကျိုးရှိပြီး အချိန်တိုအတွင်းမှာ ပြည်လည်ရှင်သန်မယ်လို့ ယုံကြည်မိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဖွဲ့ချုပ်အလံတော်ပေါ်က ခွပ်ဒေါင်းကြီးလို ခွပ်အားကောင်းကောင်းနဲ့ စစ်အစိုးရကို ခွပ်ပြလိုက်နိုင်ပါပြီ။ စစ်အစိုးရဆိုတာ တောကျီးကန်းလိုပါပဲ။ ခွပ်မယ့်သူမရှိရင် တအာအာနဲ့၊ ပါးစပ်ထဲက ထင်ရာပြောပြီး စိတ်ထဲပေါ်တာ ဥပဒေလုပ်မယ့်သူတွေ၊ မြန်မာပြည်သူတိုင်း ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရမှာက (သူတို့ထုတ်တိုင်း ဥပဒေတွေကို လိုက်နာစရာ လိုသလား) ဆိုတာပါဘဲ။
တချိန်တုန်းက အားမလို အားမရဖြစ်စရာတွေ ရှိခဲ့ပေမယ့် ဒီတကြိမ်တော့ ခွပ်ဒေါင်းကြီးကို ခွပ်လို့ ကြိုက်ပါတယ်။ ရှေ့ဆက်ပြီးလည်း ခွပ်ဒေါင်းကြီးဟာ စစ်အစိုးရ တောကျီးကန်းကို (သူသေကိုယ်ရှင်) ခွပ်နိုင်စေဖို့ ဆုတောင်းလိုက်ပါတယ်။
No comments:
Post a Comment