
(က)
၁၉၉၅ ခု၊ ဇန်နဝါရီလ ၂၂ ရက်၊ တနင်္ဂနွေနေ့။
မနက် မိုးလင်းတော့ လက်နက်ကြီး ပစ်သံများနှင့် မျက်နှာ သစ်ရလိမ့် မည်ဟု ထင်မထား ခဲ့မိသည့် အတွက် အနည်း ငယ်တော့ စိတ်ပူ သွားမိသည်။ သည်အတိုင်း ဆိုလျှင် အခြေအနေ တွေက ဘယ်လို ဖြစ်လာ လိမ့်ဦးမလဲ။ ကျနော် တကယ် မခန့်မှန်း တတ်ပါ။
လက်နက်ကြီးပစ်သံများမှာ သံလွင်မြစ်အနောက်ဘက်ကမ်း ဆင်ဖြူတောင်ဘက်ဆီကတွင်မက သောင်ရင်းမြစ် အထက်ဘက်ဆီကပါ တပြိုင်နက်တည်းလိုလို ကြားလာရ၏။ လက်နက်ကြီးပေါက်ကွဲသံများက တချက်နှင့်တချက် ပိုပြီး စိပ်လာသည်ဟု ထင်သည်။ မနေ့ညနေတုန်းကမူ သံလွင်မြစ်ဆီကသာ လက်နက်ကြီးပစ်သံ ကြားခဲ့ရ၏။ နအဖ စစ်တပ်များနှင့် ဒီကေဘီအေ ကရင်ခွဲထွက်တပ်များက စစ်မျက်နှာ နှစ်ဖက်ညှပ်ပြီးမှ တက်လာဟန် ရှိသည်။ ဒီကနေ့မနက် ကြားရသည့် ပေါက်ကွဲသံများက ကရင်ခွဲထွက်တပ်များအနေနှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းကို ကူးလာနိုင်ခဲ့ပြီလောဟု တွေးမိသည်။ အကယ်၍ သူတို့တတွေ သည့်ထက် ရှေ့တိုးလာနိုင်ပါက မာနယ်ပလောမှ မလွှဲမရှောင်သာဘဲ ဆုတ်ခွာရသည်ရှိသော် မည်သို့ဆက်လက်လုပ်ကိုင်ရမည်နည်း။ ဒါကိုလည်း ကျနော်မတွေးတတ်ပါ။
ရွှေဗဟိုစည် စတူဒီယိုဘေးက ဝါးရေစင်တွင် မျက်နှာသစ်နေစဉ် ဝန်ကြီးများရုံး (အမျိုးသားညွန့်ပေါင်း အစိုးရ အဖွဲ့ရုံးကို ထိုစဉ်က ကျနော်တို့ ရဲဘော်အားလုံးက ဝန်ကြီးများရုံးဟုပင် ခေါ်ဝေါ်သုံးစွဲခဲ့ကြပါသည်။) အဝင်ပေါက်က လုံခြုံရေးကင်းတဲလေးဆီ မျက်စိက ရောက်သွား၏။ သွားတိုက်နေသော လက်ထဲက တံပွတ် တံသည်ပင် လမ်းလယ်၌ ရပ်သွား၏။ ကင်းတဲထဲတွင် ကရင်ရဲဘော်များကို တယောက်မျှ မတွေ့ရတော့။ ကျနော်က သေချာစေရန် စောင့်ကြည့်သည်။ တိတ်ဆိတ်ငြိမ်သက်နေသော ကင်းတဲကလေးကို တွေ့နေရ၏။ ထို့ကြောင့် မျက်နှာမြန်မြန်သစ်ကာ စတူဒီယိုပေါ် ပြန်တက်လာခဲ့သည်။ ရဲဘော်လေး “ကွယ်သာထူး” ကို စတူဒီယိုမှ ဘယ်ကိုမျှ မသွားဖို့ အသေအချာ မှာသည်။ ထို့နောက် အမျိုးသားဒီမိုကရေစီ ဗဟိုဌာနချုပ်ရုံးဘက်သို့ ထွက်လာခဲ့သည်။
သည်ကနေ့ မနက်ကြကာမှ မာနယ်ပလောတခွင်လုံး ထူးထူးခြားခြား ပိုမိုတိတ်ဆိတ်ငြိမ်သက်နေသည်လောဟု စိတ်ထဲက ခံစားရသည်။ လက်နက်ကြီးပစ်သံများက ဘောနော်လေးတောင်ကြီးကို ကျော်ပြီး တချက်တချက် ပီပီသသ ကြားနေရသည်မှာ စိတ်ခြောက်ခြားဘွယ် ဖြစ်နေသည်။ လမ်းပေါ်တွင် လူတချို့ အထုပ်အပိုးကိုယ်စီ ကလေးကိုယ်စီ ချီကာတွဲကာနှင့် မာနယ်ပလောဘက်သို့ ထွက်ခွာသွားနေသည်ကို တွေ့ရသည်။ မီးစက်ရပ်ကွက် လမ်းကွေ့ရောက်တော့ တခြားလူအုပ်တအုပ်က အထုပ်အပိုးကိုယ်စီနှင့် မဲသဝေါဘက်သို့ ဦးတည်ပြီး ထွက်ခွာသွားနေကြသည်ကို တွေ့ရပြန်သည်။ ထိုလူအုပ်နှစ်အုပ်စုမှာ တအုပ်စုက တောင်ဘက်သို့၊ နောက်တအုပ်စုက မြောက်ဘက်သို့ ဦးတည်ပြီး သွားနေကြခြင်း ဖြစ်သည်။ အားလုံး ကရင်လူမျိုးများချည်း ဖြစ်သည်။ “သြော် … သူတို့ကတော့ ဒေသခံ လူမျိုးတွေဆိုတော့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ်၊ လုံခြုံရာရွေးပြီး သွားနိုင်လာနိုင်၊ ရှောင်နိုင်ပုန်းနိုင်တော့တာပေါ့လေ↔ဟု လမ်းလျှောက်လာရင်းက တွေးလိုက်မိသေးသည်။
ရဟန်းပျိုသမဂ္ဂ ကုန်းတော်ခြေရင်း (မြန်မာနိုင်ငံ ရဟန်းပျိုများသမဂ္ဂရုံး အခြေစိုက်ထားသည့် တောင်ကုန်း) သို့ အရောက်တွင် “ကိုသက်စိုးလွင်” နှင့် “ကိုတင့်ဆွေ” (ထိုစဉ်က ကိုတင့်ဆွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုစည်းရုံးရေးကော်မီတီဝင် ဖြစ်ပါသည်။) တို့ နှစ်ယောက် မယ်တုက္ခီစမ်းချောင်းထဲက ကားလမ်းအတိုင်း တက်လာသည်ကို တွေ့ရသည်။ သူတို့ကို ကျနော်က နှုတ်ဆက်မည်လုပ်တော့ သူတို့မျက်နှာများက သိသိသာသာ ပျက်နေကြသည်ကို သတိထားမိသည်။ ကျနော့်စိတ်ထဲ ထင့်သွားရ၏။
“ဘယ်သွားမလို့လဲ ကိုငြိမ်း”
“ရုံးချုပ်ကို လာတာပဲလေဗျာ၊ ဘယ်လိုအခြေအနေရှိသလဲဆိုတာ လာမေးတာပဲ”
“ဒါဆို မေးမနေနဲ့၊ ကျနော်တို့နဲ့သာ ပြန်လိုက်ခဲ့တော့။ ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက်အတွင်း ထိုင်းနိုင်ငံဘက်ကမ်းကို အားလုံးပြောင်းဖို့ ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) က လာပြောသွားပြီ။ မနေ့ကပဲ သကစ တပ်ဖွဲ့တွေ (မာနယ်ပလော ဗဟိုလုံခြုံရေး ကရင်တပ်ဖွဲ့များ)၊ ဒို့ကရင်အချင်းချင်းတော့ သေနတ် မပေါက်ချင်တော့ဘူးဆိုပြီး ခုခံရေးကုန်းတွေပေါ်က ပြန်ဆင်းလာနေကြတယ်လို့ ကြားတယ်။ အခြေအနေကတော့ တကယ့်ကို မကောင်းဘူးဗျ။ အဲဒါခင်ဗျားလည်း ပြောင်းဖို့သာ လုပ်တော့၊ ကျနော်တို့ ဝန်ကြီးများရုံးကို အဲဒါလာပြောဖို့ ထွက်လာတာ”
“အေးဗျ … မနက်က မျက်နှာသစ်နေတုန်း ဂိတ်တဲကို လှမ်းကြည့်တာ တယောက်မှ မရှိတော့ဘူးဗျ။ ကျနော်ထင်တယ် ညကတည်းက ပြန်ရုပ်လိုက်တာလား မသိဘူး။ အစတော့ ဝန်ကြီးများရုံးထဲ တက်မေးဦးမလို့ပဲ။ ပြီးမှ ရုံးချုပ်ကို လာမေးတာ ပိုသေချာမယ်ဆိုပြီး ချက်ချင်း ထွက်လာတာ။ ဒါဆို မသွားတော့ဘူး။ ခင်ဗျားတို့ ပြောသလို ဟိုဘက်ကမ်းပြောင်းဖို့ပဲ လုပ်တော့မယ်။ အေးဗျာ ဦးမောင်မောင်အေးကလည်း မရှိဘူး။ သူက ချင်းမိုင်မှာ ခရီးလွန်နေတယ်။ ပစ္စည်းတွေကလည်း အများကြီး”
ကိုတင့်ဆွေတို့နှင့်အတူ နောက်ကို ပြန်လှည့်လာစဉ် ကျနော်တို့နှင့် မျက်နှာချင်းဆိုင်မှ အထုပ်အပိုးကိုယ်စီ ရွက်လာကြသူ လူတစုကို တွေ့သည်။ သူတို့တွင် ကလေးငယ်များသာမက ခွေးတအုပ်ပါ ပါလာသည်ကို တွေ့ရသည်။ သူတို့က ကျနော်တို့ကို မော့မကြည့်ကြ။ ကျနော်တို့ဘေးမှ ခေါင်းငိုက်စိုက်ချကာ ခြေလှမ်းမှန်မှန်လှမ်းကာ စက်ရုပ်များပမာ မာနယ်ပလောဘက် တိတ်ဆိတ်စွာ သွားနေကြ၏။ လမ်းပေါ်တွင် လမ်းလျှောက်လာနေသည့် လူအုပ်၏ ဖိနပ်သံများကို အတိုင်းသား ကြားနေရ၏။ ငှက်သံများက အသံပိုပြီးကျယ်စွာ ကြားနေရသည်ဟု ထင်သည်။ ယခုလို အချိန်မျိုး၌ ငှက်သံများကိုပင် သာယာသည်ဟု ကျနော် မခံစားနိုင်တော့။
ကျနော်က စတူဒီယိုပစ္စည်းများနှင့်အတူ ထိုင်းနိုင်ငံဘက်ကမ်းသို့ အချိန်မီ ကူးနိုင်ဖို့ လမ်းလျှောက်လာရင်း အပူတပြင်း စဉ်းစားနေမိသည်။ ပစ္စည်းများကို လူနှင့်ထမ်းပိုးပြီး သယ်ဖို့ဆိုတာကလည်း တရုတ်နီမီးစက်ကြီးနှင့် တချို့ပစ္စည်းများက သောင်ရင်းမြစ်ဆိပ်ကမ်း (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးနှင့် ကွယ်လွန်သူ ပဒိုမန်းရှာတို့၏ အိမ်ကြားရေဆိပ်) အထိ သယ်နိုင်ဖို့ မလွယ်ပါ။ အလှမ်းဝေးသည့်အပြင် ပစ္စည်းများကလည်း ထမ်းပိုးနိုင်ဖို့ မဖြစ်နိုင်ပါ။ ထို့ပြင် တခြားရဲဘော်များ၏ အကူအညီဖြင့် ဆိပ်ကမ်းသို့ သယ်ဖို့ စဉ်းစားပြန်တော့လည်း၊ သူတို့ကလည်း သူတို့အပူနှင့်သူတို့ ဖြစ်နေကြပြီ။ ဌာနချုပ်မှ ရဲဘော်တချို့နှင့် ပစ္စည်းတချို့ဆိုလျှင် မနေ့ကတည်းက ပဟေလူရွာသို့ ပြောင်းရွှေ့ထားလိုက်ကြပြီးဖြစ်သည်။ ပဟေလူရွာမှာ ထိုင်းနိုင်ငံဘက်ကမ်းမှ ကရင်ရွာတရွာဖြစ်သည်။ သောင်ရင်းမြစ်ထဲသို့ စီးဝင်သော ဖွေးပေါလူချောင်းဘေးက ရွာဖြစ်သည်။
ကျနော်က ကေအန်ယူမှ ကား (သို့မဟုတ်) ပုဂ္ဂလိကလှည်းတစီးလောက် ငှားလို့ ရလျှင် ကောင်းမည်ဟု စဉ်းစားသည်။ သို့သော်လည်း ထိုစဉ်က ကျနော့်လက်ထဲတွင် ဘတ်ငွေ ၃ဝဝ သာ ရှိနေသည်။ ငှားလို့ ရသည့်တိုင်အောင် ငှားခငွေက လုံလောက်အောင် မရှိ။ ရွှေ့ပြောင်းစရိတ်ငွေကို ဘယ်က ရှာရပါ့မလဲဟု တလမ်းလုံး စဉ်းစားလာခဲ့ရ၏။ အခုလို အရေးကြီးသည့်အချိန်တွင်မှ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အေးက ခရီးလွန်နေသည်။ အကယ်၍ ဦးမောင်မောင်အေး ရှိနေပါက ငွေရေးကြေးရေးကိစ္စ၊ ပဟေလူရွာတွင် အိမ်ငှားမည့်ကိစ္စများ အတွက်ကိုမူ သူ့အဖို့ ပူပင်စရာ မလို။ ဝန်ကြီးဖြစ်သူ ဦးမောင်မောင်အေးက ဦးစီးစီစဉ်သွားနိုင်မည်ဖြစ်သည်။ (ထိုစဉ်က ဒီမိုကရက်တစ် မြန်မာ့အသံ ရွှေဗဟိုစည် စတူဒီယိုမှာ ပြန်ကြားရေးဝန်ကြီး၏ လက်အောက်ဌာနတခု ဖြစ်ပါသည်။)
“ကေအန်ယူက ဒီလိုပြောလာမှတော့ ဘာမှစဉ်းစားမနေနဲ့၊ ဟိုဘက်ကမ်းကူးဖို့သာ လုပ်တော့ ကိုငြိမ်း”
ကျနော်က ကိုတင့်ဆွေနှင့် ကိုသက်စိုးလွင်တို့ကို ကြည့်သည်။ သူတို့မျက်နှာများက “ကဲ … ဘယ့်နှယ်ရှိစ” ဆိုသည့် မျက်နှာပေးမျိုးနှင့် ပြန်ကြည့်နေကြဟု တွေးလိုက်မိ၏။
(ခ)
သောင်ရင်းမြစ်ကမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ ဌာနချုပ်မှ ရဲဘော်တချို့ ပစ္စည်းထုပ်များချပြီး ထိုင်နေကြသည်ကို တွေ့ရသည်။ ပစ္စည်းပစ္စယများ အပြည့်အမောက်တင်ကာ သောင်ပြင်ပေါ် ဆင်းချလာသည့် ကျနော်တို့၏ လှည်းကို ဝိုင်းကြည့်နေကြ၏။ လှည်းနောက်က ကပ်လျက် ခြေလျင်လိုက်ပါလာသော ကျနော်တို့ကို တွေ့တော့ တဟေးဟေးနှင့် လှမ်းအော်နှုတ်ဆက် နောက်ပြောင်ကြသည်။
“ဟေး … ဘယ်လိုလည်း စတူဒီယိုတာဝန်ခံကြီး၊ ခင်ဗျားကို ကျုပ် အစကတည်းက မိုဘိုင်းစတူဒီယို လုပ်ပါလို့ ပြောခဲ့တာပဲဟာ အခုတော့ ဒါတွေနဲ့ ဘယ်လိုလုပ်မှာလဲ၊ ပဟေလူမှာ အိမ်ငှားထားပြီးပြီဆို”
လူတယောက်က ထိုင်ရာက ထကာ ကျနော့်ကို လှမ်းအော်နှုတ်ဆက်သည်။ ဌာနချုပ် ရုံးတာဝန်ခံ ကိုမောင်မောင်နိုင်ကို အဝတ်အစား ဘိုသီဘတ်သီနှင့် တွေ့ရသည်။ သူက အမြဲတမ်းလိုလို သပ်သပ်ရပ်ရပ် လှလှပပ ဝတ်စားနေထိုင်တတ်သူ။ ရုတ်တရက်တော့ သူမှန်းပင် ကျနော် မမှတ်မိ။ သောင်ပြင်ပေါ် ရှေ့တိုးလာမှ သူ့ကို ကျနော် မှတ်မိသွားသည်။
“ခင်ဗျားနဲ့တွေ့တာ အတော်ပဲ၊ ပဟေလူမှာ ဌာနချုပ်က အိမ်ငှားထားပြီးပြီဆို။ အဲဒီမှာ ကျနော်တို့ ခဏတွဲနေလို့ မဖြစ်ဘူးလား။ လုပ်ပါဗျာ တရက်နှစ်ရက် မသကာ တပတ်ပေါ့။ ပြီးတော့ ကျုပ်တို့လည်း အိမ်ရှာမှာပေါ့”
“ဟာ .. ဒါက ကျုပ်ကို ပြောလို့ ဘယ်ဖြစ်မှာလဲဗျ။ စီအိုစီတယောက်ယောက်ကို ပြောမှပေါ့။ ဘာလဲဗျာ တော်လှန်ရေး ရဲဘော်ပဲဟာ၊ ဘာလိုမှာလဲ။ မြေကြီးပေါ်အိပ်ရလည်း ဖြစ်တာပဲဟာ”
ထိုစဉ်မှာပင် သောင်ရင်းမြစ် ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း ကောင်းကင်ကြိုး အရေးပေါ်သွယ်ပြီး ချိပ်ထားသည့် ယာယီကူးတို့ဖောင်က ကမ်းသို့ ဆိုက်လာ၏။
“ဟေ့ .. ဟေ့ ။ လာ .. လာ ကိုနိုင်ရေ။ အဲဒီဒုက္ခသည်နဲ့ စကားပြောနေလို့ မပြီးဘူး။ ဖောင်ဆိုက်နေပြီ။ ပစ္စည်းတွေတင်မယ်။ ကဲ .. ရဲဘော်တို့ စမယ်”
ကိုနိုင်က ကျနော့်ကို စကားဆုံးအောင်ပင် မပြောတော့ဘဲ ရေစပ်သို့ ပြေးဆင်းသွား၏။ ရေစပ်တွင် ချထားသည့် ပစ္စည်းများကို ဖောင်ပေါ်သို့ တင်နေကြ၏။ ကျနော်နှင့် ကွယ်သာထူးက လှည်းသမားနှင့်အတူ ပစ္စည်းတွေ လှည်းပေါ်က ချသည်။
သောင်ရင်းမြစ်ထဲတွင် စက်လှေ ၃-၄ စင်း အထက်အောက် စုန်ဆန်သွားနေသည်။ စက်လှေများ ရင်ဘောင်တန်းပြီး ဝန်အပြည့်နှင့် မောင်းနေသဖြင့် ရေလှိုင်းများမှာ မြစ်ပြင်အနှံ့ ပြေးလိုက်နေ၏။ သောင်စပ်သို့ ရေလှိုင်းများ ပြေးလာပြီး တဖြန်းဖြန်း ရိုက်နေလေသည်။ စက်လှေများမှာ တညလုံးလိုလို အထက်အောက် သွားလာမောင်းနှင်နေခဲ့သည်ဟု ပြောသံကြားခဲ့ရသည်။
သောင်ပြင်ပေါ်တွင် လူ ၂ဝ ခန့်သာ ရှိသည်။ သည်လှေဆိပ်မှာ လူနေကြဲပါးသည့် ရပ်ကွက်ဘေးက ရေဆိပ်ဖြစ်သဖြင့် လူတွေ သိပ်ပြီး မတွေ့ရ။ ရေဆိပ်နှင့် အနီးဆုံး ကုန်းထိပ်ပေါ်တွင်ရှိသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်ရုံးထဲ ကျနော် ဝင်သွားစဉ်က ရုံးထဲတွင် ရဲဘော် ၃-၄ ယောက်သာ တွေ့ခဲ့ရသည်။ စာရေးပို့ပြီး ပြောဆိုထားပြီးဖြစ်သဖြင့် ဥက္ကဋ္ဌ ကိုမြင့်ဇော်က ဘတ်ငွေ ၅ဝဝ ကို ချက်ချင်း ထုတ်ပေးခဲ့၏။ သူတို့က ပဟေလူရွာတွင် အိမ်ငှားထားသည်ဟုတော့ ကြားခဲ့သည်။ သို့သော် ဘာမျှတော့ ကျနော် မမေးခဲ့။ လူ့ဘောင်သစ်ရုံးထဲကအထွက် ကျနော့်နောက်မှ လိုက်လာသည့် ပစ္စည်းတင်လှည်းကလည်း ကုန်းထိပ်သို့ ရောက်လာ၏။
“အဆင်ပြေရဲ့လား ကိုငြိမ်း”
“အေး .. ပြေပါတယ်။ တော်ပါသေးရဲ့၊ ဒီငွေ ၅ဝဝ ချေးလို့ ရလို့ပေါ့။ နို့မို့ဆိုရင် ငါတို့ ဒီပစ္စည်းတွေနဲ့ ဘယ်လိုမှ ဒီနေ့ ဟိုဘက်ကမ်း ကူးနိုင်မှာ မဟုတ်ဘူး”
မနက်က စတူဒီယိုပြန်ရောက်စဉ် ရဲဘော်ကွယ်သာထူးက လှည်းတစီးငှားလို့ ရနိုင်သည်ဟုဆိုကာ ထွက်ရှာသည်။ ကိုဟန်ထွန်း (ကျောင်းသားတပ်မတော်၊ ကိုမိုးသီးဇွန်တို့အဖွဲ့) က လူ့ဘောင်သစ် ဥက္ကဋ္ဌ ကိုမြင့်ဇော်ထံ ကျနော်ရေးပေးသော စာကို သွားပေး၏။ ကိုမြင့်ဇော်က အလွယ်တကူပင် ဘတ်ငွေ ၅ဝဝ ချေးမည်ဟု အကြောင်းပြန်သည်။ လှည်းငှားခ ဘတ် ၃ဝဝ ကျ၏။ ကျနော့်လက်ထဲက ငွေ ၃ဝဝ အပါအဝင် စုစုပေါင်း ကျနော့်တွင် ဘတ်ငွေ ၅ဝဝ တော့ ကျန်သည်။ ဆန်ကတော့ တအိတ်လုံးလုံး ရှိနေသေးသည်။ မနေ့တုန်းကတည်းက ဆန်အိတ်ကို သုံးပုံခွဲပြီး သယ်ယူရလွယ်ကူအောင် တအိတ်စီ သွပ်ထားလိုက်ကြ၏။ ဆီတို့ဆားတို့က တလစာ အပြည့်ရှိသည်။
မနေ့ညနေက လက်နက်ကြီးပစ်သံများ နီးလာသည်ကို နားစွင့်ကာ အခြေအနေအရ ပစ္စည်းများကို ရွေးချယ်ထုပ်ပိုးထားလိုက်ကြ၏။ မီးစက်အသေးလေးကိုတော့ မသယ်ဘဲ ထားခဲ့လို့မဖြစ်။ ထားချင်းထားလျှင် လူ ၅ ယောက်လောက် ဝိုင်းမမှ ရသည့် တရုတ်နီ မီးစက်ကြီးကိုတော့ ထားခဲ့ရပေလိမ့်မည်။ မီးစက်မပါလို့ကလည်း မဖြစ်ပြန်ပါ။ အသံဖမ်းစက်များကို မီးစက်မောင်းပြီးမှသာ အသုံးပြုလို့ ရနိုင်မည်ဖြစ်သည်။ အရေးပေါ် မဖြစ်မနေ ကိုယ်နှင့်တပါတည်း သယ်ဆောင်ရမည့်ပစ္စည်း၊ အခြေအနေပေးပါမှ သယ်ဆောင်ရမည့်ပစ္စည်းနှင့် စွန့်ပစ်ချန်ထားရမည့် ပစ္စည်းများကို စနစ်တကျ ခွဲခြားသတ်မှတ် ထုပ်ပိုးထားခဲ့ကြ၏။ ကျနော်တို့က ကုန်းထိပ် စတူဒီယိုပေါ်တွင် ပစ္စည်းများ ထုပ်ပိုးနေစဉ် ကားလမ်းပေါ်က လူတွေ အုပ်လိုက်သွားလာနေသည့် အသံကို ကြားနေရ၏။
ယခုတော့ အချိန်ရသဖြင့် စွန့်ပစ်ချန်ထားခဲ့ရမည့် ပစ္စည်းတချို့ကိုပင် ရဲဘော်ကွယ်သာထူးက လှည်းဖြင့် အကြိမ်ကြိမ် ပြန်သယ်ပြီးနောက် လှေဆိပ်တွင် ချထားလိုက်ကြ၏။ ပစ္စည်းများ အပြည့်အစုံချထားပြီးမှ ကုန်းပေါ်ကို ကျနော် ပြန်တက်လာခဲ့သည်။ ပဒိုမန်းရှာတို့ အိမ်ဘက်သို့ သွားသည်။ အိမ်တွင် ပဒိုမန်းရှာ၏ဇနီး နန်းရွှေကျင်ကိုသာ ရဲဘော်တချို့နှင့် တွေ့ရ၏။ ကျနော်က မနေ့ညနေကတည်းက လာရောက် အကူအညီ တောင်းထားသည့် ကိစ္စကို ပြောသည်။ နန်းရွေကျင်က စက်လှေစီစဉ်ပေးမည်ဟု ပြော၏။ စက်လှေကြိုတင်စီစဉ်ထားသဖြင့် နာရီဝက်အတွင်း ရောက်လာလိမ့်မည်၊ အဆင်သင့်ပြင်ထားဖို့ကိုသာ ပြောသည်။ အိမ်ကုန်းပေါ်ကအဆင်း လူသွားလမ်းဘေးအထိ အမကြီး နန်းရွှေကျင်က ကျနော့်ကို လိုက်ပို့ပြီး အားပေးစကားပြောသည်။ ယခုအခါ ပဟေလူရွာတွင် လူတွေ စွန့်ခွာထားခဲ့ကြသည့် အိမ်အလွတ်များ ရှိနေသဖြင့် ပဟေလူကိုရောက်လျှင် ယာယီအားဖြင့် နေဖို့ထိုင်ဖို့ အခက်အခဲမရှိနိုင်ပါဟု ပြောသည်။ သူက ကျနော့်ကို အားပေးစကားပြောရင်း နော်ဝေးသို့ အစီအစဉ်များ ဆက်လက်ပို့နိုင်၊ မပို့နိုင် မေးနေသေးသည်။ ကျနော်က လဝက်စာ အစီစဉ်များကို ဝန်ကြီး ဦးမောင်မောင်အေးနှင့်အတူ ချင်းမိုင်သို့ ပို့ထားပြီးဖြစ်ကြောင်း ရှင်းပြရ၏။ ဦးမောင်မောင်အေးက ကျနော်တို့ စတူဒီယိုမှ အသံသွင်းထားသည့် တိပ်ခွေများကို ချင်းမိုင်မြို့ မှတဆင့် နော်ဝေးနိုင်ငံ အော်စလိုမြို့ ဒီမိုကရက်တစ် မြန်မာ့အသံသို့ အလျင်အမြန် ပို့ပေးပေလိမ့်မည်။
ကျနော်တို့ နှစ်ယောက် လမ်းခွဲမည်ရှိတော့ အမကြီး နန်းရွှေကျင်က လူသွားလမ်းဘေး တောစပ်တွင် သူတို့ဇနီးမောင်နှံ စိုက်ထားသည့် စိုက်ခင်းထဲမှ ဘုံလုံသီး ၃-၄ တောင့်ကို ကမန်းကတန်းခူးပြီး ကျနော့်လက်ထဲ ထည့်ပေးလိုက်သေး၏။ ထို့နောက် ကုန်းထိပ်ပေါ်ကို ပြန်တက်သွားသည်။ ကျနော်က ကုန်းထိပ်ပေါ်တက်သွားသည့် အမကြီိး နန်းရွေကျင်၏ နောက်ကြောကို ခဏမျှရပ်ကြည့်နေမိသေးသည်။ ထိုစဉ်ကမူ သူနှင့်ကျနော် နောက်ဆုံးတွေ့ဆုံခွင့်ရသည့် အချိန်ဖြစ်သည်ကို ကျနော် မသိနိုင်ခဲ့ပါ။ (နန်းရွှေကျင်မှာ မာနယ်ပလောကျအပြီး ၂ဝဝ၄ ခုနှစ် သူ ကွယ်လွန်သည့် အချိန်အထိ ကျနော်နှင့် တခါဖူးမျှ ထပ်မံတွေ့ဆုံခွင့် မကြုံခဲ့တော့ပါ။) ခန္ဓာကိုယ်ပါးပါး အားအင်ယုတ်လျော့စ ပြုပြီဟု ယူဆရသည့် အမကြီးနန်းရွှေကျင်၏ ကုန်းထိပ်ပေါ် တဖြည်းဖြည်း တက်သွားနေသည့် မြင်ကွင်းကို ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။
သောင်စပ်ကို ပြန်ရောက်တော့ ညနေ ၄ နာရီပင် ထိုးပြီဖြစ်သည်။ သောင်စပ်တွင် လူ့ဘောင်သစ်မှ (ကျနော်တို့က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို လူ့ဘောင်သစ်ဟူ၍သာ အတိုကောက်ပြောဆိုလေ့ရှိပါသည်။) ရဲဘော်တချို့ကို တွေ့ရ၏။ သူတို့က ပဟေလူရွာမှ ပြန်လာကြခြင်း ဖြစ်သည်။ ပဟေလူရွာ၏ အခြေအနေကို မေးရပြန်သည်။ ပဟေလူရွာတွင် နေစရာမရှိလောက်အောင် လူတွေ နေ့ချင်းညချင်း ရောက်လာနေသည်ဟု သိရ၏။ သူတို့ပြောဆိုထားသည့် အိမ်ပေါ်ကိုပင် လူတွေ တက်နေနှင့်ကြသည်ဟု ပြော၏။ စစ်ပြေးဒုက္ခသည် လူတွေ ထောင်သောင်းချီပြီး ရောက်လာနေပြီဟု ဆိုသည်။ ပဟေလူချောင်းတဖက်ကမ်း ဖွေးပေါလူရွာတွင်လည်း လူတွေ ရောက်နေကြပြီ။ လမ်းဘေး သစ်ပင်အောက်မှာပင် လူတွေ ညအိပ်နေကြရသည်ဟု ဆိုပါသည်။ ထိုအခါကျမှ မာနယ်ပလောတခွင်လုံး တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်ဟု ထင်ခဲ့မိသည်ကို သဘောပေါက်ရသည်။ အရပ်သားနှင့် ရဲဘော်များ၏ မှီခိုနေထိုင်သူ မိသားစုများ အားလုံးလိုလို မာနယ်ပလောမှ ထွက်ခွာသွားနှင့်ကြပြီဆိုသည်ကို ကျနော် သဘောပေါက်သွားရ၏။
“ဟေ့ .. လူကြီး၊ စတူဒီယိုကို မီးရှို့ပစ်ခဲ့သေးလား။ ပစ္စည်းတွေကော အကုန်သယ်နိုင်ရဲ့လား။ ခင်ဗျားတို့က တရုတ်နီ မီးစက်ကြီးပါ သယ်လာကြတယ်နော်။ ဘယ်အထိ သယ်ကြမှာလဲ။ ဟဲ ဟဲ .. ဘယ်သောင်ဘယ်ကမ်းအထိ ပြေးကြမှာလဲ”
ကျနော်က ကိုထွဋ်ဦးလှိုင်ကို မကျေနပ်ချင်ယောင်ဆောင်သည့် မျက်လုံးများနှင့် ကြည့်သည်။
“အေးလေဗျာ၊ ကိုယ့်အရင် ပြေးတဲ့သူတွေနောက် ကျနော်တို့လည်း ဖဝါးခြေထပ် လိုက်ကြရတော့မှာပေါ့၊ စတူဒီယိုကို မီးမရှို့ခဲ့ရဘူးဗျ။ ဝန်ကြီးရုံးကြီးတော့ မီးပဲရှို့မလား၊ မိုင်းတွေပဲ ကပ်ထားခဲ့မလား မပြောတတ်ပါဘူး၊ နောက်ပိုင်း ရှင်းလင်းတဲ့အလုပ်ကို ရုံးအုပ်ကြီး ဦးမျိုးဝင်းတို့ လုပ်နေကြတယ် ပြောတာပဲ။ နေပါဦး အခု ခင်ဗျားတို့က ပြေးလမ်းသွားကြည့်ပြီးမှ ပြန်လာကြတာမို့လား”
ကိုထွဋ်ဦးလှိုင်၏ မျက်နှာက ချက်ချင်းဆိုသလို ပြုံးသွားသည်။
“အေးလေ .. ဒီမှာ ကျန်နေခဲ့တဲ့သူတွေ ဟိုကျတော့ ဒုက္ခမရောက်၊ မကသီရအောင် ကြိုပြီး သွားပြီး စီစဉ်စရာရှိတာ သွားစီစဉ်တာပါ။ ခင်ဗျားကြီးအတွက်တော့ ပဟေလူချောင်း ကမ်းပါးဘေးမှာ နေရာရှာထားပေးခဲ့တယ်။ ဟိုကျရင် ခင်ဗျားနေရာ နာမည်ရေးထားတာကြည့်ပြီး အဆင်သင့်နေလိုက်ရုံပဲ”
ကျနော်တို့နှစ်ယောက် တယောက်ကိုတယောက် နောက်ပြောင်ပြောဆိုနေကြသည့်တိုင် နှစ်ယောက်စလုံး၏ ရင်ထဲ၌ ပူပင်သောက ရောက်နေရသည်ကို မျက်နှာများပေါ်တွင် ထင်ထင်ရှားရှား ပေါ်လွင်နေကြ၏။ သူကလည်း ကျနော်နှင့် ပြောပြောဆိုဆို လုပ်ရင်းက သူ၏ ရုံးရှိရာ ကုန်းထိပ်သို့ ခပ်သုတ်သုတ်တက်၏။ သူ ဦးတည်ပြီးသွားနေသည့် ကုန်းထိပ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးဆီ ကျနော် မော့ကြည့်မိသည်။ သစ်ပင်အုပ်များအပေါ်တွင် လူ့ဘောင်သစ်အလံမှာ တလူလူလွင့်နေသည်ကို တွေ့နေရသေး၏။
(ဃ)
သောင်ရင်းမြစ်အတိုင်း စက်လှေနှင့်ဆန်တက်လာစဉ် ပထမဦးဆုံးတွေ့သည့် ကမ်းပါးအစွန်းပေါ်က ပဒိုမန်းရှာ၏ အိမ်ကို မော့ကြည့်လာခဲ့သည်။ အိမ်ကလေးမှာ ထင်ထင်ရှားရှား လှမ်းတွေ့နေရ၏။ အိမ်ကလေး၏ နောက်တွင် မြင့်မားသည့် တောင်နံရံတခုရှိသည်။ တောင်နံရံနောက်ခံနှင့် ဆောက်လုပ်ပြီးစ ယင်းအိမ်ကလေးကို ပဒိုမန်းရှာတို့မိသားစုက ရက်ပိုင်းအတွင်း စွန့်ပစ်ထားခဲ့ရတော့မည်ကို ကျနော်တွေးမိသည်။ ၅ မိနစ်ခန့် စက်လှေဆန်တက်လာစဉ် လမ်း၌ စက်လှေတချို့ ကျနော်တို့လိုပင် ဝန်အပြည့်နှင့် အောက်သို့စုန်သွားကြ၏။ စက်လှေတချို့ပေါ်တွင် လက်နက်ကိုင် ကရင်စစ်သားတချို့ကို တွေ့ရသည်။ သူတို့ကလည်း ကျနော်တို့ စက်လှေကို ငေးကြည့်သွားကြ၏။
နောက်ထပ် မြစ်ကွေ့တခုအလွန် ထိုင်းနိုင်ငံဘက်ကမ်းတွင် စက်လှေဆိုက်လိုက်သည်။ စက်လှေထိုးဆိုက်လိုက်သည့် မြစ်ကမ်းနောက်တွင် ကုန်းမြင့်သာသာ တောင်တန်းငယ်တခုကို တွေ့ရသည်။ ကရင်စက်လှေဆရာက ထိုတောင်တန်းငယ်ကို လက်ညှိုးညွှန်ပြီး “နင်တို့ အဲဒီတောင်ကို တည့်တည့်ကျော်ပြီး ဟိုဘက်ကိုဆင်းရင် ရောက်ပြီပေါ့၊ ပဟေလူရွာကို” ဟု ဆိုကာ စက်လှေကို ခပ်ကြမ်းကြမ်း ထိုးဆိုက်လိုက်၏။
ကျနော်က ပစ္စည်းများ စက်လှေပေါ်က ချနေစဉ် သေချာစေရန် စက်လှေဆရာကို မေးနေရသေးသည်။ ကျနော်တို့က ဘာပြုလို့ ဒီကိုလာကြရတာလဲ။ သူများတွေ သွားသလို ပဟေလူချောင်းအတိုင်း ဘာပြုလို့ လိုက်မပို့နိုင်တာလဲ။ အခု ချပေးတဲ့ နေရာကတဆင့် တောင်ကို ကျော်မယ်ဆိုရင် တောင်ကျော်တဲ့ လမ်းရှိရဲ့လား။ လမ်းကကော သွားလို့လာလို့ လွယ်ရဲ့ ကောင်းရဲ့ လုံခြုံမှု ရှိရဲ့လား။
စက်လှေဆရာကလည်း ကျနော်မေးသမျှ စိတ်ရှည်ရှည်ဖြင့်ပင် ဖြေသည်။ တောင်ကျော် လူသွားလမ်းကောင်းသည့်အကြောင်း၊ လုံခြုံစိတ်ချရကြောင်း၊ ယခုအခါ စက်လှေမှာ တညလုံး တနေ့လုံး မနားနိုင်အောင် ပို့ဆောင်ပေးနေရကြောင်း၊ ကျနော့်လိုပင် မာနယ်ပလောတခွင် ဆိပ်ကမ်းများတွင် ပြောင်းရွှေ့ဖို့ စက်လှေစောင့်နေသူများ အများကြီး ရှိနေသေးကြောင်း၊ ထို့ကြောင့် သည်နေရာသို့ ပို့ပေးခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့သည်။ ရှင်းပြရင်းမှလည်း စက်လှေကို စက်နှိုးခြင်း၊ ခေါင်းလှည့်ခြင်းများ ဆက်တိုက်လုပ်သည်။ ထို့နောက် အောက်ဘက်သို့ တရှိန်တိုး မောင်းတော့သည်။
ပြန်သွားသည့် စက်လှေပေါ်တွင် ကွယ်သာထူးနှင့် ကိုညိုတို့ ပြန်ပါသွားသည်။ ပြန်လာချိန်ရလျှင် ပြန်လာနိုင်အောင် ကြိုးစားမည်။ ပြန်လာချိန်မရပါက မနက်ဖြန်မနက်အစောကြီး အရောက်လာမည်။ ကမ်းစပ်တွင် ကျန်နေခဲ့သော တရုတ်နီ မီးစက်ကြီးကို နောက်ထပ် စက်လှေရှာပြီး ထပ်သယ်နိုင်အောင်လည်း ကြိုးစားဦးမည်။ သူတို့က တက်တက်ကြွကြွ ပြောဆိုနေကြသဖြင့် ကျနော်ကလည်း ဘာမျှ ထပ်မပြောတော့ဘဲ သဘောတူလိုက်သည်။
ကမ်းစပ်က ပစ္စည်းပုံဘေးတွင် ကျနော်တယောက်တည်း မတ်တပ်ရပ်ရင်း ကျန်နေခဲ့၏။ စက်လှေ တဖြည်းဖြည်း ဝေးသွားသည့်အခါကျမှသာ လူသူမရှိသည့် တောင်ခြေတနေရာတွင် ကျနော်တယောက်တည်း ပစ္စည်းများနှင့် ညအိပ်ရမည်ကို တွေးကာ စိတ်အားငယ်သလို ဖြစ်လာရပြန်သည်။ သို့သော် မည်သို့မျှ မတတ်နိုင်တော့။
ပစ္စည်းများကို ရေစပ်နှင့်ဝေးရာ အထက်နားသို့ တခုချင်းရွှေ့သည်။ ပစ္စည်းအားလုံး ရွှေ့ပြီးလို့ ခဏထိုင်ပြီး နားနေစဉ် အောက်ဘက်က လူသံကြားလိုက်ရ၏။ လှမ်းကြည့်တော့ ဘယ်က ပေါ်လာမှန်းမသိ၊ ကလေးတယောက်နှင့် ယောက်ျားတယောက် ကျနော်ရှိရာ လျှောက်လာသည်ကို တွေ့သည်။ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားသော်လည်း အိနြေ္ဒမပျက် ထိုင်နေလိုက်သည်။ အနားကိုရောက်တော့ ခြေထောက်တဖက် ခြေတုတပ်ထားသည့် လူတယောက်နှင့် အသက် ၁၂ နှစ်အရွယ် ကလေးတဦးတို့ ဖြစ်နေသည်ကို တွေ့ရသည်။ သူတို့က ကျနော့်ကို တချက်မျှ ငဲ့ကြည့်သည်။ ထို့နောက် လူသွားလမ်းကလေးအတိုင်း ဆက်လျှောက်သွားကြသည်။ တောင်ခြေတောထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ သူတို့နှစ်ယောက် နောက်ကျောဘက် တောင်ကိုကျော်ကာ ပဟေလူရွာဆီ သွားကြခြင်း ဖြစ်မည်ဟုတော့ ခန့်မှန်းလိုက်သည်။
ပစ္စည်းများကို တနေရာတည်းတွင် စုပုံထားပြီးသည့်နောက် ပလပ်စတစ်စတခုကို ခြုံဘေးတွင် ခင်းလိုက်သည်။ ပလပ်စတစ်စပေါ်တွင် စောင်တထည် ထပ်ခင်းသည်။ အခြေအနေအရ သည်တညတော့ ကျနော်တယောက်တည်း ညအိပ်ရတော့မည်မှာ သေချာပြီဟု တွေးသည်။
နေရောင်ခြည်များကလည်း လျင်မြန်စွာ အားလျော့သွားနေပြန်သည်။ အလင်းရောင် အားနည်းလာလေလေ အားငယ်စိတ်က ပိုပြီးဖြစ်လာလေလေ။ ထိုအခါကျမှ ဓာတ်မီးကို ထုတ်သည်။ ဒန်အိုးတလုံးထဲ ကမန်းကတန်း ဆန်ထည့်ကာ ရေစပ်သို့ ဆင်းသည်။ ခြုံဘေးက လေကွယ်ရာတွင် ထင်းခြောက်တချို့ကို ဆွဲပြီး မီးမွှေးသည်။ ကျောက်တုံး ၃ တုံးကို ဖိုကနောင့်လုပ်ပြီး ဆန်အိုးကို တင်လိုက်သည်။ ထမင်းအိုးတင်ထားစဉ် အခြားဒန်အိုးတလုံးကိုထုတ်ကာ အမကြီးနန်းရွှေကျင် ပေးလိုက်သည့် ဗုံလုံးသီးတတောင့်ကို ရေးဆေးပြီး ချိုးသည်၊ ထည့်သည်။ ဓာတ်မီးထိုးပြီး ဆီ၊ ဆား၊ အချိုမှုန့်တို့ ထည့်သည်။ ထမင်းအိုးကျက်သည့် အချိန်အထိ စောင့်လျှင် ကြာနေမည် စိုးသဖြင့် နောက်ထပ် မီးဖိုတခု ဖိုသည်။ ဗုံလုံးသီးဟင်း ချက်သည်။
မီးဖို ၂ ခုဘေးတွင် တယောက်တည်း အလုပ်ရှုပ်နေစဉ် ကမ်းစပ်က လှော်တက်သံကြားလိုက်ရ၏။ လှေငယ်တစင်း ကျနော်ရှိရာ ကမ်းစပ်ကို ကပ်လာနေ၏။ ကျနော်က ကြယ်ရောင်ပြပြအောက်က လှေကို သတိနှင့် စောင့်ကြည့်သည်။ လှေပေါ်တွင် လူတယောက်တည်းသာ ပါလာသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သို့သော်လည်း အရေးကြုံပါက ခုခံတိုက်ခိုက်နိုင်ရန်မူ ကျနော့်တွင် ဓာတ်မီးတလက်သာ ရှိသည်။ လှေက ရေစပ်တွင် ထိုးဆိုက်လိုက်သည်။ လူတယောက် လှေပေါ်က ဆင်းသည်။ လှေကို ကုန်းပေါ်ရောက်သည်အထိ ဆွဲတင်သည်။ ကြယ်ရောင်ပြပြအောက်တွင် ရေစပ်က လှုပ်ရှားနေသည့် လူကို ကျနော်က မည်သို့မျှ စကားမပြောဘဲ သည်အတိုင်း အခြေအနေကို ကျက်သေသေကာ ကြည့်နေမိသည်။ ထိုစဉ်မှာပင် ရေစပ်က လူက ကျနော့်ကို စကားလှမ်းပြောလိုက်၏။
“ဟေး .. ဆရာကြီး၊ ငါပါ၊ တီးမန်းရှာအိမ်က။ နင် ဘာတွေလုပ်နေလဲ”
“သြော် .. ဟုတ်လား၊ လာလေကွာ၊ ငါ ထမင်းချက်နေတာ၊ အခု မင်းက ဘယ်သွားမလို့လဲ။ ငါ့ဆီလာတာလား”
ကျနော်က ရုတ်တရက် အားတက်သွားကာ စကားပြောသံပင်လျှင် သွက်လက်တက်ကြွသွားရ၏။
“အေး .. ငါလည်း ထမင်းစားမယ်၊ ဒီမှာ အနောက ထမင်းတွေ ထုပ်ပေးလိုက်တယ်။ ဟင်းကတော့ ဘာဟင်းမှန်းမသိဘူး၊ ဒီအတိုင်း ထုပ်ပေးလိုက်တာ”
စကားပြန်မပြောနိုင်အောင် ကျနော် အံ့သြဝမ်းသာသွားရသည်။ အနော နန်းရွှေကျင်ကို ဘယ်လို ကျေးဇူးတင်ရမည်ပင် မသိတော့။ လူသူမနီး ထိုင်းနိုင်ဘက်ကမ်း တောစပ်တွင် ကျနော်တယောက်တည်း ညအိပ်ရတော့မည်ကို စိတ်ပူဟန်တူပါသည်။ သူ့အိမ်က ကရင်ရဲဘော်တယောက်ကို အိပ်ဖော်လွှတ်လိုက်ခြင်း ဖြစ်မည်ကို ကျနော် ချက်ချင်း သဘောပေါက်သွားရ၏။ (တော်လှန်ရေးဌာနချုပ် မာနယ်ပလော ကျဆုံးချိန်က ကေအန်ယူ၏ ဒီမိုကရေစီ မဟာမိတ်အဖွဲ့အစည်းများ အားလုံး ထိုင်းနိုင်ငံဘက်ကမ်းသို့ အချိန်မီရွှေ့ပြောင်းနိုင်ရေးကို ပဒိုမန်းရှာတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး အစွမ်းကုန် ကူညီစီစဉ်ပေးခဲ့သည်ကို နောင်အခါကျမှ ပိုပြီး သိရှိခဲ့ရပါသည်။)
ကျနော်တို့နှစ်ယောက် မီးဖိုဘေးတွင်ပင် ထိုင်ကာ ထမင်းစားကြသည်။ မှောင်မှောင်မဲမဲထဲ အနော နန်းရွှေကျင် ပေးလိုက်သည့် ထမင်းထုပ်ကို အရင်ဖြေပြီးစားကြ၏။ ချက်ထားသည့် ထမင်းနှင့်ဟင်းကို မနက်ကျမှ စားရန် ချန်ထားလိုက်ကြသည်။ ဟင်းထုပ်ထဲတွင် ဘယ်လိုဟင်းတွေမှန်းတော့ ကျနော်မသိ။ အသီးအရွက်များကို ကြော်ထားမှန်းတော့ သိသည်။ ကရင်လူငယ်လေးကလည်း မည်သို့မျှမပြော။ ကျနော်ကလည်း ဘာမျှမမေး။ ကျနော်တို့ ထမင်းစားနေစဉ် မြစ်ထဲက စက်လှေသံများကိုမူ မကြာခဏ ကြားနေရသေး၏။ လက်နက်ကြီး ပစ်သံများ ဘယ်အချိန်က တိတ်သွားသည်ကိုပင် သတိမထားလိုက်မိ။
ထမင်းစားပြီးတော့ အိပ်ယာအိပ်ခင်း ပြင်ကြသည်။ ကရင်လူငယ်လေးက သူ့တွင် ပါလာသည့် စောင်ကို သဲပြင်ပေါ်ခင်း၏။ ကျနော်ကတော့ ခင်းထားသည့် ပလပ်စတစ်စကို ဖုံခါကာ စေါင်တစ်ထည် ထပ်ခင်းလိုက်ပြီး အိပ်ယာဝင်သည်။
နောက်တနေ့မနက်တွင် ပဟေလူရွာသို့ ခရီးဆက်ရဦးမည်ကို တွေးမိပြန်သည်။ အကယ်၍ ပဟေလူရွာတွင် အခြေချနေထိုင်ဖို့ အခြေအနေ မပေးခဲ့သည်ရှိသော် ဘယ်နေရာအထိ ဆက်လက်ဆုတ်ခွာရမည်ကို ကျနော် မတွေးတတ်သေး။ ယုတ်စွအဆုံး ပဟေလူရွာကိုပင် တခါဖူးမျှ မရောက်ဖူးသေး။ ပြီးတော့ ထိုရွာများမှာ ထိုင်းနိုင်ငံထဲက ရွာများဖြစ်သည့်အတွက် ထိုင်းတွေကကော ကျနော်တို့ကို အခြေစိုက်နေထိုင်ခွင့် ပေးမှ ပေးပါ့မလား။ ဒါလည်း မသေချာလှပါ။
မရေရာသည့် ရှေ့ရေးများကို တွေးရင်း စိုးရိမ်စိတ်များ ရှိနေသော်လည်း တနေကုန် သွားလာလှုပ်ရှားခဲ့ရသဖြင့် မောပန်းနေသည့်ဒဏ်ကြောင့် ခေါင်းချလိုက်သည်နှင့်ပင် ကျနော် အိပ်ပျော်သွားရ၏။
(င)
သန်းခေါင်ယံအချိန်လောက်တွင် အိပ်ပျော်ရာမှ ကျနော် နိုးလာခဲ့သည်။ မျက်လုံးများဖွင့်ထားလျက်နှင့်ပင် ပတ်ဝန်းကျင်က အသံများကို နားစွင့်ထားမိသည်။ ရေစပ်က ငါးပွက်သံနှင့် ကမ်းစပ်သို့ လှိုင်းရိုက်ခတ်သည့် အသံများကို မလှမ်းမကမ်းမှ ခပ်တိုးတိုး ကြားလိုက်ရ၏။ တောစပ်က သစ်ရွက်လေတိုးသံများကို တချက်မျှ အတိုင်းသား ကြားလိုက်ရ၏။ လရောင်များက ကျနော့်ခန္ဓာကိုယ်ပေါ်တွင် ကျကျနန နေယူယူထားကြသည်ကို တွေ့တော့ အိပ်ယာမှ ကမန်းကတန်း ထထိုင်လိုက်မိသည်။ လရောင်အောက်က သောင်ရင်းမြစ်ပြင်ကို လှမ်းကြည့်သည်။
သောင်ရင်းမြစ်ရေပြင်ပေါ်က အစိပ်စိပ်အမွှာမွှာ ကွဲသွားနေသည့် လမင်းကို ငေးကြည့်ကာ ကျနော် တယောက်တည်း ငြိမ်သက်နေမိ၏။
No comments:
Post a Comment