Sunday, June 6, 2010

ရှီးဖော ကြိုးမိန့်

ရန်ကုန်သားတာတေ

မှောင်နှင့် မည်းမည်း ဖြစ်နေသော အခန်းတွင်းတွင် ဖလောင်းတိုင်မီးက တဖြည်းဖြည်း လင်းလာသည်။ အရေးကြီး ပုဂ္ဂိုလ် ၂ ယောက် လာမည် ဆိုကာမှ ကြပ်ပြေး နေပူတော်တွင် လျှပ်စစ်မီး မမှန်သည်မှာ ၄ ရက်လောက်ရှိပြီဖြစ်၍ ချိုကုပ်ဒူးကြီး စိတ်မကြည်ချေ။

“မီးမလာတာ ဂတ်စ်ပိုက် ပေါက်နေလို့တဲ့၊ ဂက်စ်ပိုက်ကို တာဝန်ယူတာက ဦးအောင်တောင်းရဲ့ သား နေကြောင် (အီးအိုင်ဂျီး) ဆိုတဲ့ အကောင်ပဲ။ ဒင်းကိုတော့ မှတ်လောက်သားလောက်အောင် လုပ်ငန်းတွေ ချမပေးဘဲ နေဦးမှ” ဟု ချိုကုပ်ဒူးကြီးက ကြိမ်းဝါးနေလေသည်။

အရေးကြီး ပုဂ္ဂိုလ်များ လာမည့်ပွဲသို့ ချိုကုပ်ဒူးကြီးက ဖိတ်ကြားသဖြင့် လေ့လာသူ အဖြစ် ရောက်နေသော ချင်းမိုင် ဦးရုက္ခစိုးကြီးမှာလည်း နေပူတော်အရှိန်ကြောင့် ပူစပ်ပူလောင် ဖြစ်နေလေသည်။

သတင်းယူရန် ရောက်နေသော ဖိုးရှုပ်နှင့် လူလစ်လျှင် တရုတ် ဝင်ကြီးဂျုပ် ဝင်ကြားချောင်နဲ့ ပြောရပြောရ၊ မိုးပျံ လွှတ်တော်အမတ် မစ္စတာ ကြင်ဝက်နှင့် ပြောရပြောရ မြန်မာပြည်အရေး ကန်စွန်းပလိန်း (အဲလေ …) ကွန်ပလိန်းတက်လိုက်မည်ဟု ကြံနေသော ကြွက်စုတ် တို့က မလှမ်းမကမ်းတွင် တီးတိုးတီးတိုးနှင့် အတင်းပြောနေကြလေသည်။

“နေပူတော်တဲ့ကွာ … နာမည်နဲ့ လိုက်ပ … ကြက်တွေပြေးမယ်ဆို ပြေးလောက်စရာပဲ” ဟု ဖိုးရှုပ်က ညည်း၏။

ကြွက်စုတ်က ဝင်ဖြည့်သည်။

“ခုရက်ထဲ မီးပျက်နေတယ်ဆိုပဲ။ လာတဲ့ မီးကလည်း ခရမ်းချဉ်သီး တိုင်မှာ ချိတ်ထားသလား မှတ်ရတယ်”

ချိုကုပ်ဒူးကြီးမှာ အရေးကြီး ပုဂ္ဂိုလ်များ ရောက်လာလျှင် ဒေါသအိုး မျက်နှာကြီး ဖြစ်မနေစေရန် နှုတ်ခမ်းကို စူပွစူပွနှင့် အပြုံးကျင့် နေလေသည်။ တပြိုင်နက်တည်းတွင် အလွတ်ကျက်ထားသော တရုတ်စကားနှင့် သိုးဆောင်းစကားများကိုလည်း ရွတ်နေရသေးသည်။

“နိဟောင် … ကြည့်ရှောင် …
တွေးပူချိ … ဘေးလူသိ …
ရှဲရှဲနီ … အသည်းစွဲသည် …
ကမ်းပေး … အလှမ်းမဝေး”

“ဝဲလ်ကမ်း … အကဲစမ်း …
ဟောင်းဒူး ယူဒူး … မတောင်းဘူး မယူဘူး …
သင့်ခ်ယူ … နင့် အပူ
စီးယူ ဂွတ်ဘိုင် … နီးသူ ချွတ်ကိုင်”

ထိုအခိုက် တရုတ်မောင်းသံများ ဆူညံသွားသည်။

“ဒူ ဝမ် … ဒေါင် … ဒွမ်”

တရုတ်သိုင်းကားထဲမှာ ပေါင်ချိန်လာရင် ကြိုဆိုကြသလို ဝမ်းခေါင်းသံကြီးလည်း ထွက်လာသည်။

“ဝယ် ….. ဝယ် …. ဝူ … ဝူ”

“ဝယ် … တဲ့။ ဝယ်ဖို့ လာတာတော့ သေချာပြီ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပဲ ဖြစ်မယ်” ဟု ဖိုးရှုပ်က မှတ်စုတွင် ရေးမှတ်၏။

အလင်းရောင် သိပ်မရသော အခန်းတွင်းသို့ မှောက်လျက်မလဲစေရန် ခြေစမ်း သိုင်းကွက်ဖြင့် ချဉ်းနင်းဝင်ရောက်လာသူမှာ တရုတ် ဝင်ကြီးဂျုပ် ဝင်ကြားချောင်ပင် ဖြစ်လေတော့သည်။ ဝင်ကြားချောင်ကို ချိုကုပ်ဒူးကြီးက လာနေကြ ဖောက်သည်ကြီးလို ဝမ်းသာအားရ နှုတ်ဆက်သည်။

ချိုကုပ်ဒူးကြီး ။ ။ ပေါက်ဖော် တာကိုး … နိဟောင်
ဝင်ကြားချောင် ။ ။ ဟောင် … ဟောင်
ချိုကုပ်ဒူးကြီး ။ ။ ဝုတ် … ဝုတ်

ဦးရုက္ခစိုးနှင့် ဖိုးရှုပ်ကို တရုတ်သိုင်းကားများ ကြည့်၍ တရုတ်အရေး ကျွမ်းကျင်သူ ဖြစ်လာသည့် ကြွက်စုတ်က ဘာသာပြန်ပေးသည်။

“တာကိုး နိဟောင် ဆိုတာ ဘရားသားကြီး နေကောင်းလား တဲ့။ ဟောင် ဆိုတာ ကောင်းပါတယ်၊ ဝုတ်ဝုတ် ဆိုတာကတော့ ဘာ ဘာသာစကားလည်း ကျုပ်မသိဘူး” တဲ့။

ဦးရုက္ခစိုးကြီးနှင့် ဖိုးရှုပ်မှာ အငေးသားနှင့် နားထောင်နေကြလေသည်။

ဝင်ကြားချောင် က “တာကိုး တန်းချွေ (သန်းရွှေ) … လယပ်စစ် မီးအား တိတ် ခြွေတာလယ်၊ ကောင်းလယ်၊ ခြွေတာတော့ 'ဝ' တို့က ဝယ်မှာပေါ့လေ” ဟု ပြောသည်။

မည်သို့ဆိုစေ ချိုကုပ်ဒူးကြီးမှာ နည်းနည်းတော့ နေသာထိုင်သာ ရှိသွားလေသည်။ အရှက်ကတော့ အစကတည်းမရှိသဖြင့် ရှက်ရကောင်းမှန်းကိုကား မသိပေ။

“ဝင်ကြီးဂျုပ်နဲ့ ၂ မိနစ် အကွာ ခြားပြီး အရေးကြီး ပုဂ္ဂိုလ် တယောက် ရောက်လာပါဦးမယ်ခင်ဗျား”

ပြောရင်း ဆိုရင်း “ရိုင်းတဲ့ စင်ရော်” နောက်ခံတေးဖြင့် ဝင်ရောက်လာသူမှာ ရေတပ်အရာရှိဟောင်း၊ အမေရိကန် မိုးပျံလွှတ်တော် အမတ်မင်း မစ္စတာ ကြင်ဝက် ဖြစ်လေသည်။

“ဟောင်း အာယူ၊ ဟိုင်း၊ မင်ဂလာပါ ... စီနီကြာ ဂျင်ဂျင်လယ် တန်းဆွေ”

ကြင်ဝက်က အခန်းတွင်းကို စမ်းတဝါးဝါး ဝင်လာရင်း နှုတ်ဆက်၏။

ဖယောင်းတိုင် ထွန်းထားသော စားပွဲတွင် ဧည့်သည်တော် ၂ ဦးနှင့် အလယ်၌ ချိုကုပ်ဒူးကြီးက အသီးသီး နေရာယူလိုက်ကြသည်။ ချိုကုပ်ဒူးကြီးက အိမ်ရှင်ဖြစ်သည့် အတိုင်း မိတ်ဆက်ပေးသည်။

ချိုကုပ်ဒူးကြီး ။ ။ အဆွေတော်များကို မိတ်ဆက်ပေးပါရစေ၊ ဒါကတော့ ဦးစွာရောက်နှင့်တဲ့ နိုင်ငံရေး ပေါလစ်သုတ်ထားတဲ့ ဗီရို သံသရာဆက်တိုင်း ကော်မတီဝင်၊ နောက်ပြီး တရုတ် ဦးရှောင် ပါတီဝင်များအဖွဲ့ အပြင်ရေးမှူး ဝင်ကြီးဂျုပ် ဝင်ကြားချောင်ပါပဲ။ ဒီက ပုဂ္ဂိုလ်ကတော့ မိုးပျံ လွှတ်တော် ရေခြားမြေခြားရေးရာ ကော်မတီရဲ့ အာခေါင်ရှလို့ ပိစိလေး ဖိတ်သွားတဲ့ ကော်မတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ချိုကုပ်ဒူးကြီးမှာ ရှည်လျားသော ရာထူးရာခံများကြောင့် မောသွားသဖြင့် ရေတခွက် သောက်လိုက်ရသေး၏။

ကြင်ဝက် ။ ။ ဘယ့်နှယ့်လည်း ပြိုင်းမီနီစတာ ဝင်ကြားချောင်၊ တောင်ကိုရီးယား မော်တော်ဘုတ်ကို မြောက်ကိုရီးယားက တော်ပီဒိုနဲ့ ကြင်ကြင်နာနာ ထိုးလိုက်တာ ဘာမှ ဝင်ပြောသံ မကြားပါလားဗျ။

မစ္စတာ ကြင်ဝက်က စစချင်း အပ်နှင့် ထွင်းသည်။

ဝင်ကြားချောင် ။ ။ အချစ်စမ်းကြတာပါပျာ။ 'ဝေါ်အိုက်ညီ' နေကြတာ။ ခင်ပျားတို့ ထင်သလို မဟုတ်ပါဘူး။ 'ဝ' တို့ အိမ်ငှားအရေး အဲလေ … အိမ်နီးနားချင်းအရေး 'ဝ' တို့က အတိဆုံးပါ။

အခြေအနေကား အစ္စရေးနှင့် ပါလက်စတိုင်းကဲ့သို့ တင်းမာဖွယ်ရှိသည်ဟု ဖိုးရှုပ်က ဦးရုက္ခစိုးကို တီးတိုး သုံးသပ်ပြသည်။ ချိုကုပ်ဒူးကြီးက ဝင်ရောက်ဖျန်ဖြေသည်။

ချိုကုပ်ဒူးကြီး ။ ။ တာကိုးတို့။ လာရောက်လည်ပတ်တာ ရှဲရှဲနီ၊ သိုင်းကျူးပါပဲ။ ဝင်ကြီးချုပ် ဝင်ကြားချောင်နဲ့ 'စီးပွားရေး ရင်းနှီး အပြုတ်နှံမှု'တွေ လုပ်နိုင်ပြီး မစ္စတာ ကြင်ဝက်နဲ့လည်း လာမယ့် ၂၀၁၀ ရွေးခန့်ပွဲကြီး 'ပိတ်ပိန်း မမြင်သာရေး'ကို ဆွေးနွေးသွားဖို့ မျှော်လင့်ပါတယ်။

ဝင်ကြားချောင် ။ ။ 'ဝ' တို့ကတော့ စီးပွားရေးပဲ စိတ်ဝင်စားတယ်လေ။ ရွေးကောက်ပွဲက သူ့ ပြည်တွင်းရေးပါပဲ။ ဒါကြောင့် 'မေကွမ်းရှိ'။ ခင်ပျားတို့ အမေလိကန် မသိပါဘူး။

ဘယ့်နှယ့် ကွမ်းတွေ ကွမ်းသီးတွေ ပါလာသလဲဟု ဦးရုက္ခစိုးက မေးသဖြင့် “မေကွမ်းရှိ” ဆိုသည်မှာ “ပြဿနာ မရှိပါဘူး” ဟု အဓိပ္ပာယ်ရကြောင်း ကြွက်စုတ်က ရှင်းပြသည်။

ကြင်ဝက် ။ ။ မေကွမ်းက ရှိရမယ်ဗျ။ မရှိလို့ မဖြစ်ဘူး။ အာရှမှာ ထိန်းထိန်းသိမ်းသိမ်း ခင်ဗျားတို့က မကွန်ထရိုးနိုင်ရင် ကျနော်တို့က ကြားဝင်ရမှာပဲ မစ္စတာ ဝင်ကြားချောင် ရဲ့။

ဝင်ကြားချောင်နှင့် ကြင်ဝက်မှာ ချိုကုပ်ဒူးကြီးကို အလယ်တွင်ထား၍ ဝါယောစစ်ပွဲ (ခေါ်) လေတိုက်ပွဲ အရှိန်မြင့်လာရကား ငယ်ကျိုးငယ်နာ ဖော်ကြလေသည်။

ကြင်ဝက် ။ ။ ဝင်ကြီးဂျုပ် ဝင်ကြားချောင် ... ဒါကြောင့်လည်းပဲ အင်္ဂလန်ကို မနှစ်က ဂိုးတော့ ကိန်းဗလစ် တက္ကသိုလ်မှာ ဖိနပ်နဲ့ အပေါက်ခံရတာပဲ … အဟား

ဝင်ကြားချောင်မှာ ရှုံမဲ့သွားပြီး ပြန်လည် ချေပသည်။

ဝင်ကြားချောင် ။ ။ အောင်မယ် ... 'ဝ' ကို ပြောချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်ပါ၊ ဟိုးအရင်က ခင်ပျား 'မိန်းမတွေ ဖိုက်တင် မချနိုင်ပါ' ဆိုတဲ့ 'ဝူးမင်း ကန့် ဖိုက်' ဆိုတဲ့ ဆောင်းပါးရေးလယ်၊ မိန်းမတွေ ခင်ပျားကို ဝိုင်းတီးလယ်၊ 'ဝ' တိလယ်။

အရေးကြီး ဧည့်သည်တော်များမှာ အလွန်ပင် လေ့လာအား ကောင်းလှပေသည်ဟု တွေးမိရင်း ချိုကုပ်ဒူးကြီးမှာ ကိုယ့်စိတ် ကိုယ်မလုံ ဖြစ်နေလေသည်။

ကြင်ဝက် ။ ။ မစ္စတာ ဝင်ကြားချောင်၊ ကျနော်တို့က ဒီမိုးကရေစီးတာ ရှိတယ်။ တရုတ်ဟာ ကိုယ်တိုင်လည်း မစီး အဲလေ … မရှိ၊ သူများကို ရှိအောင်လည်း မလုပ်နိုင်ပါလားဗျာ။

ဝင်ကြားချောင် ။ ။ မစ္စတာ ကြက်တောဆိုတာ ရန်ကုန်မှာ ရေဆင်းကူးလယ်၊ တာကိုး တန်းချွေက ဖမ်းလယ်၊ ခင်ပျား လာပြန်ခေါ်သွားတယ်၊ ဘာကောင်းသလဲ ဒီမိုးကရေစီးတာ။

ချိုကုပ်ဒူးကြီးမှာ သူပြောချင်သည့် တော့ပစ်များ ပျောက်ကုန်ပြီး ချွေးဒီးဒီးကျလာလေသည်။ အတွေ့အကြုံများနေပြီ ဖြစ်သော ဦးရုက္ခစိုးရော ဖိုးရှုပ်နှင့် ကြွက်စုတ်ပါ အမေရိကန်-တရုတ် ဝါယော စစ်ပွဲမှသည် ပထဝီ၊ တေဇော စစ်ပွဲနှင့် ဖြေရှင်းသည်အထိ ရောက်လာလျှင် မလွယ်သောကြောင့် ပြေးဖို့ အပေါက်ကို အရင် ကြည့်ထားရလေသည်။

ချိုကုပ်ဒူးကြီး ။ ။ တွေးပူချိ … ဘေးလူတွေ သိကုန်ပြီ လူကြီးမင်းများ ခင်ဗျာ။ ကမ်း ဒေါင်း (Clam Down) မလုပ်ရင် အရမ်း ဖောင်း (Foul) ကုန်ကြပါလိမ့်မယ်။ ရှဲရှဲနီ၊ သိုင်းကျူးပါ။ ကျနော် ပြောပါရစေ၊ 'ရင်းနှီး အပြုတ်နှံဖို့'နဲ့ 'ပိတ်ပိန်း မမြင်သာ' ရွေးခန့် … ခန့် … ခန့် …

ဝင်ကြားချောင် ။ ။ တာကိုး တန်းချွေ၊ 'ဝ' တီကို လာတယ်၊ ရင်းနှီး အပြုတ်နှံမှုတွေ အများကြီး လုပ်သွားမယ်၊ စိတ်ချ၊ တာပေမယ့် နောက်နေ့မှ ထပ်တွေ့မယ်၊ 'ဝ' နားဦးမယ်။ မန္တလေးမှာ ဆွေမျိုးတွေ သွားတွေ့လိုက်ဦးမယ်။

ကြင်ဝက်။ ။ ဒီယားမိုင် ဖရန့် တန်းဆွေ၊ ဘယ်သူမှ လာမကြည့်နိုင်လို့ ပိတ်ပိန်း မမြင်သာ ရွေးခန့်ပွဲကြီးကို ဗဲဒီးဂွတ်သွားမယ် ဆိုတာ ထရပ်စ် ပြီးသားပါ။ နောက်ထပ် မစ္စတာ ကြက်တော တယောက် လွှတ်လိုက်ဖို့ မိုင် ဂျူတီ ထားပါ။ ခုတော့ ပြန်ဦးမယ်။

ချိုကုပ်ဒူးကြီး ။ ။ မပြန်ပါနဲ့ဦး မစ္စတာ ကြင်ဝက်နဲ့ ဝင်ကြီးဂျုပ် ဝင်ကြားချောင်။ မစ္စတာ ကြင်ဝက်ကို “ဘောင်းဘီချွတ်၍ လွှတ်လိုက်သည်” ဆိုတဲ့ ဝတ္ထုလေးလည်း ပေးလိုက်ပါရစေဦး။ ဝင်ကြီးဂျုပ် ဝမ် အတွက်လည်း “မန္တလေးသား စစ်စစ်ကြီးပါဗျာ” ဆိုတဲ့ ပြဇာတ်ခွေကလေး ပေးလိုက်ပါရစေဦး။

ဝင်ကြားချောင် ။ ။ ဝေ့ … ထက်ထက်မိုးပြူး တရုပ်ဆောင်သလား၊ ထက်ထက်မိုးပြူးဆို 'ဝ' ကြိုက်လယ်။

ကြင်ဝက် ။ ။ သိပ် ဒစ်ဖစ်ကဲလ်တယ် ဝင်ဂျီးဂျုပ်။ ဂျာနယ်လစ်ကို ဆော်ပလော် တီးလိုက်တယ်။ ဒါဟာ ဒီမိုးကရေစီးတဲ့ မူနဲ့ဆို လက်မခံနိုင်ဘူး။ သိပ် ပရော်ဗလမ် ရှိတယ်။

ဝင်ကြားချောင်ရော ကြင်ဝက်ပါ ဒေါသအထွတ်အထိပ် ရောက်ပြီး ပြန်မည်ပြင်သောအခါ နဂိုကတည်းက ပျက်ပြီးသား မျက်နှာကြီးကို အိနြေ္ဒမဆည်နိုင်ဘဲ ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ ဘက်သို့ အမောတကော လှမ်းအော်ပြောလိုက်လေသည်။

“ရှီးဖော ... ကြို့မိန့်”

ကြိုးမိန့်ဟု ကြားလိုက်သဖြင့် လန့်ဖြန့်သွားသော ဦးရုက္ခစိုးသည် “ဟေ့ ကြိုးမိန့်တွေ ဘာတွေ တို့ဘက်တော့ လှည့်မလာနဲ့၊ ၂ ယောက် ဆုံ ချိန်းတဲ့ ဂျိုကုပ်ကြီးရေ … ကိုယ့်ကိုယ်ကိုယ်သာ ကြိုးမိန့် ချလိုက်တော့ဟေ့” ဟု ပြန်အော်ကာ ဖိုးရှုပ်နှင့် ကြွက်စုတ်ကို ဂုတ်က ကောက်ဆွဲလျက် ဝင်ကြားချောင်နှင့် ကြင်ဝက်ထက် ဦးအောင် ဘေးပေါက်မှ အပြေးထွက်လေသည်။

အတော်ဝေးဝေးရောက်မှ စကားပြန် ကြွက်စုတ်က လက်ကို ဆွဲထားပြီး အောက်ပါအတိုင်း ရှင်းပြရလေသည်။

စွတ်မပြေးပါနဲ့ဦး ဦးရုက္ခစိုးရယ်၊ “ရှီးဖော ... ကြို့မိန့်” ဆိုတာ တရုတ်လို “အာစရိ … ကယ်ပါဦး” လို့ ပြောတာဟု ရှင်းပြသောအခါ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်က သူတို့တတ်ထားသော တလုံးတည်းသော တရုတ်စကားဖြင့် ပြန်ပြောလိုက်ကြလေသတည်း။

“ဝေါ် ပု ကျိ တောက်” (မသိဘူးလေ)

No comments: