Wednesday, June 9, 2010

အမျိုးသမီးများကို မြန်မာစစ်သားတွေက ကျွန်ကဲ့သို့စေခိုင်း

နှောင်းလှိုင်

မြန်မာနိုင်ငံမှာ အတင်းအတမ္မ လုပ်အားပေးစေခိုင်းမှုများကို စစ်သားတွေကသာ အများစုလုပ်ဆောင်နေတာပါ။ စစ်သားတွေက အထမ်းသမားများကို ကျား၊မ မရွေး အသက်အရွယ် မရွေး အတင်းစေခိုင်းပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၂ အရွယ် နော်သားခုဟာ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်သားတွေရဲ့ အတင်းခိုင်းစေမှုကြောင့် ဆန်၊ဆီ စတဲ့ လေးလံတဲ့ စားနပ်ရိက္ခာတွေကို စစ်သားစခန်းတွေမှာ သယ်ပို့ပေးခဲ့ရပါတယ်။

“စစ်သားတွေက မြေမြုပ်မိုင်းဘေးကို ကြောက်လို့ ကျမတို့ကို အရှေ့ကနေ ဦးဆောင်ပြီးသွားခိုင်းတယ် ။ ဘာအစားအစာမှ မစားရခဲ့ပဲ လေးလံတဲ့ တပတ်စာရိက္ခာကို တနေ့လုံးလုံး ထမ်းသွားရတယ်”

မော်ချီးရွာတွေမှာ နှစ်တိုင်းလိုလို အထမ်းခံခဲ့ရပါတယ်လို့ နော်သားခုက ဆက်ပြောပါတယ်။

“ရန်သူဝင်တိုင်းဝင်တိုင်း သူတို့ ပေါ်တာ ခေါ်တယ် အမျိုးသမီး ဆယ်ကျော်သက်အရွယ်တွေပေါ့ မပါအောင် အဒေါ်က တဖက်တလမ်းကနေပြီးတော့ ရှေ့ကနေပြီးတော့ ကြိုးစားပေးတယ်။ သူတို့စိတ်ထားကတော့ သိတဲ့အတိုင်းပဲလေ မကောင်းဘူးပေါ့လေ ဒါတောင်မှ အဒေါ်တို့ အရွယ်တောင်မှ သိပ်စိတ်မချရဘူး အဲဒါကြောင့်မို့ အဲဒီလူငယ်တွေ အထူးသဖြင့်စိတ်ပူတာပေါ့ အမျိုးသမီးတွေ သိပ်စိတ်ပူတယ်”

ရွာဒါကား ကျေးရွာက ကလေး၂ ယောက် မိခင်ဖြစ်သူ နော်ကရီဖောဂေဟာ မြန်မာ့ စစ်သားရဲ့ အတင်းခိုင်းစေမှုကြောင့် ဆန်၊ ဆီ၊ သစ်သီး ၀လံ စတဲ့ ရိက္ခာများကို တပတ်စာအတွင်း အထမ်းသမားအဖြစ် ခိုင်းစေခြင်း ခံခဲ့ရပါတယ်။

“သူတို့ စစ်ဆေးမေးမြန်းတယ် သူ့တို့ စကားမပြောတတ်ရင် သူတို့ သေနတ်နဲ့ ချိန်တယ် သူတို့က ဗမာစကားတွေပဲပြောတယ် နားမလည်ဘူး ကရင်လိုပြောရင် နားလည်သေးတယ် ဗမာလိုပြောတော့ နားမလည်ဘူး”

ထိုဖြစ်ပျက်မှုသည် ကရင်နီ အမှတ် ၂ ခရိုင် တခုတည်း ဖြစ်ပျက်နေခြင်းမဟုတ်ပါ ဟု ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့ KSWDC မှ ဒါရိုက်တာ ခူးဖဲဘူးက ပြောပါသည်။

“ကရင်နီပြည်နယ်အ၀ိုက်မှာ အတင်းအတမ္မခိုင်းစေမှုများ အဖြစ်များကြတယ် အထူးသဖြင့် နအဖရဲ့ စီမံအုပ်ချုပ်မှု ဂွင်ရှိသမျှမှာ အကုန်လုံး ဖြစ်နေတယ်။ လူထုတိုင်း လူထုတိုင်း ခံစားနေရတယ် ၂၀၁၀ ခုနှစ်ကစပြီး မော်ချီးဂွင်တ၀ိုက်မှာ ရွာသားပေါင်း ၄ ၅၀၀ က ရွေးပြောင်းခြင်းခံရကြတယ်”

မော်ချီးကျေးရွာကို မြန်မာတပ်မတော်ခြေမြန်တပ်ရင်း အမှတ် ၇၂ က ပေါ်တာခေါ်ဆိုခြင်းကို များစွာ အသုံးပြုခဲ့တယ်လို့ နော်သားခုက ၂၀၀၉ နှစ်ကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။

“ကျမ ဘာမှ ဆက်မလုပ်ပေးနိုင်တော့ဘူး ဘာလို့လဲဆိုတော့ ကျမတို့ ကိုယ်ပိုင်အလုပ်လဲ ရှိသေးတယ်လေ။ အဒေါ်ဆိုရင် ကျောင်းဆရာမကနေ သူတို့ ၀န်ဆောင်လုပ်ပေးခဲ့တယ်။ ရွာတွင်းမှာ လုံခြုံမှု မရှိတော့ဘူး အဲလိုပဲ စစ်သားတွေက အမြဲတမ်းလာပြီး ပေါ်တာ ခေါ်နေတယ်”

၂၀၀၉ ဒီဇင်ဘာလလောက်မှာ ရွာသူ၊ ရွာသား ၃၅၀ ကျော်လောက်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်စူရင်း ဒုက္ခသည်စခန်း အမှတ် ၂ ကို ထွက်ပြေးရောက်ရှိလာကြပါတယ်။ နော်သားခုဟာလည်း လမ်းခရီး ၁ လလောက် ခြေလျင်ဖြင့် ခရီးထွက်လာခဲ့ရပါတယ်။

ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသော နော်သားခုဟာ အထက ကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသော်လည်း အဆုတ်ရောဂါကြောင့် ကျန်းမာရေးအရ အလုပ်မှ ယာယီ ရပ်နားခဲ့ရပါတယ်။

“အဒေါ် ရွာကိုတော့ မပြန်ချင်ဘူး ဒီစခန်းထဲမှာ နေရတာ အဒေါ်အတွက်လုံခြုံမှုရှိတယ် ခုလောလောဆယ် အဒေါ်ဒီမှာပဲဆက်နေမယ်” လို့ နော်သားခုက ပြောပါသည်။


No comments: