Wednesday, June 16, 2010

အခွန်မှူးများ လာဘ်စားမှု ပိုမိုဆိုးဝါး

မျိုးဝင်းဇော် / ၁၆ ဇွန် ၂၀၁၀

ယမန် နှစ်က စတင်သည့် စားသောက်ဆိုင် များအပေါ် အခွန်ငွေ (၁ဝ) ရာခိုင်နှုန်း စည်းကြပ် မှုကို အကြောင်း ပြုကာ စားသောက်ဆိုင် လုပ်ငန်းရှင် အများ စုသည် အခွန်မှူး များကို လစဉ် ပုံမှန် ဆက်ကြေး ပေးနေ ရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဆိုင်ခွဲ (၅) ခု ဖွင့်ထားသည့် ထမင်းဆိုင်ပိုင်ရှင်ကြီးတဦးက “ကျနော့်ဆိုင်တွေအတွက် တာဝန်ယူထားတဲ့ အခွန်မှူးက ကျနော့်ကို ခေါ်ပြီး တရားဝင်အခွန်ကို သက်သက်သာသာဖြစ်အောင် သူ လုပ်ပေးမယ်၊ ဒါပေမယ့် သူ့ကို (၁) လ ကျပ် (၅) သိန်းပေးရမယ်။ ကျနော်က လျှော့ပေါ့ပေးဖို့ ပြောတော့ ဦးလေးသဘောပဲ၊ စည်းကမ်းအတိုင်း စည်းကြပ်ပါဆိုလည်း ကျနော် စည်းကြပ်ပါ့မယ်လို့ ပျော့ပျော့လေး ပြောပြီး ခြိမ်းခြောက်တယ်။ ဒါမျိုး ကျနော် မလုပ်ချင်ပေမယ့်လည်း ခုထိ သူ့ကို (၁) လ (၅) သိန်း ပေးနေရတယ်” ဟု ပြောသည်။

၎င်းက သူ့ဆိုင်တဆိုင်၏ တနေ့ရောင်းအားမှာ ကျပ်ငွေ (၃) သိန်းမှ (၅) သိန်း အကြားရှိကြောင်း၊ (၁ဝ) ရာခိုင်နှုန်း အခွန်နှင့် တွက်ပါက တနေ့ ကျပ် (၃) သောင်းမှ (၅) သောင်း၊ (၁) လ ကျပ် (၉) သိန်းမှ (၁၅) သိန်း ပေးရမည်ဖြစ်ကြောင်း၊ ဆိုင် (၅) ဆိုင် ဆိုပါက (၁) လ ကျပ်သိန်း (၅ဝ) ခန့် ကျနိုင်သည်ဟု ဆိုသည်။

“အမှန်တကယ်က အမြတ်မများဘူး။ သက်ဆိုင်ရာကို တိုင်ရင်လည်း ကိုယ့်ဆိုင်ကိုပဲ သေသေချာချာ စစ်ဆေး အခွန်စည်းကြပ်ရင် ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် တရားဝင် အခွန်အပြင် လစဉ် ဆက်ကြေးငွေကိုပါ ပေးနေရတယ်” ဟု အဆိုပါ ထမင်းဆိုင်ပိုင်ရှင်က ပြောသည်။

အလားတူ အခြားစားသောက်ဆိုင်ပိုင်ရှင်များကို မေးကြည့်ရာ အားလုံးနီးပါးက သက်ဆိုင်ရာ မြို့နယ်အခွန်မှူးများကို လစဉ် ဆက်ကြေးပေးနေရကြောင်း ပြောသည်။

ယခုကျင့်သုံးသည့် စနစ်အရ စားသောက်ဆိုင် အခွန်ကောက်ခံခြင်းသည် အမြတ်ရရှိမှုအပေါ် ကောက်ခံခြင်းမဟုတ်ဘဲ ကျသင့်ငွေ (သို့မဟုတ်) ဆိုင်ဝင်ငွေ၏ (၁ဝ) ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်သည့်အတွက် အလွန်များပြားသည့် ငွေပမာဏဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့မှ အငြိမ်းစား အခွန်ဦးစီးမှူးတဦးက “ပြဿနာက အခွန်ဦးစီးဌာနရဲ့ အခွန်စည်းမျဉ်းစည်းကမ်းတွေ မှားယွင်းတာ၊ ခေတ်မမီတာ။ နောက်တချက်က ချထားပြီးတဲ့ စည်းမျဉ်းဥပဒေတွေကို သုံးမရရင် ပြုပြင်တာ မရှိဘဲ အထက်အမိန့်အတိုင်း ဖြစ်တဲ့နည်းနဲ့ အကောင်အထည်ဖော်တာ။ အဲဒီမှာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ပေါ်လာတော့တာပဲ” ဟု ပြောသည်။

အခွန်ဦးစီးဌာနအနေဖြင့် မဖြစ်မနေ ငွေကောက်ခံမည်ဆိုပါကလည်း ကျောသားရင်သား မခွဲခြားဘဲ တပြေးညီ ကောက်ခံသင့်ကြောင်း၊ ယခုမှာ အာဏာပိုင်များနှင့် နီးစပ်သူတို့ကို အခွန်အခ ညှိနှိုင်းလျှော့ပေါ့ပေးပြီး အခြား လုပ်ငန်းရှင်များအပေါ် အခွန်မှူးများက လာဘ်စားကြောင်း၊ ကာယကံရှင်က တိုင်ကြားပါက မြန်မာနိုင်ငံ ဥပဒေအရ လာဘ်ယူသူနှင့် ပေးသူကိုပါ အရေးယူရန် ပြဋ္ဌာန်းထားခြင်းကြောင့် မည်သူမှ မတိုင်ရဲကြကြောင်း လုပ်ငန်းရှင်တို့က ရှင်းပြသည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံတွင် တနှစ်ဝင်ငွေ ကျပ် (၁ဝ,ဝဝဝ) အထက် ရှိသူတိုင်း အခွန်ငွေပေးဆောင်ရန် နေ့စဉ်သတင်းစာတို့တွင် ကြေညာလျက်ရှိသည်။

No comments: