မေရနံ့
ကျမတို့ မိတ္ထီလာ ရဲစခန်းကနေပြီး အိမ်ပြန်ရောက်တဲ့အချိန် အဖေတို့က စက်မှုဇုံ(၃)လမ်းဘက်ကို ရောက်နေပြီ ထင်တယ်။ စက်မှုဇုံထဲမှာ တာဝန်ကျနေတဲ့ အစောင့်ရဲသားတချို့ တိတ်တဆိတ် နောက်ယောင်ခံတုန်းပဲ ရှိအုံးမယ်။ ကျမတို့ ၅လမ်းဘက်မှာတော့ စပ်စုချင်ကြသူတွေ ခြေရှုပ်တာကလွဲရင် အခြေအနေတွေက ပုံမှန်ပါပဲ။ ဦးဇင်းတို့ အိမ်ရောက်လာတာနဲ့ ကျမတို့အိမ်ပြန်လာရတာက မိနစ်၂ဝ လောက်ပဲကွာမယ်။ ကျမနဲ့ မစပ်စုလေး စကားပြောနေတဲ့အချိန်လောက်ကျမှ စက်မှုဇုံ၃လမ်းဘက်မှာ နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်လာတာ။ အဖေတို့က ဆိုင်ကယ်နဲ့ ဆိုတော့ မန္တလေး-မိတ္ထီလာလမ်းမကြီးပေါ်ကို ဖြတ်တက်နိုင်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က လူစုပြီး ဝိုင်းလိုက်တော့အဖေတို့လဲ မဖြစ်ချေဘူးဆိုပြီး ယာကွင်းတွေဘက် ဦးတည်လိုက်ရတာပဲ။ စက်မှုဇုံ ၃လမ်းထိပ် ယာကွင်းစပ်က အိမ်ဝိုင်းအလွတ် တခုထဲကို ဆိုင်ကယ်ထိုးသွင်းပြီး ကန္တာရ ဆူးချုံတွေကို အကာအကွယ်ပြု ပြေးခဲ့ရတော့တယ်။
ကျမတို့ အိပ်ရာဝင်တော့ အဖေနဲ့ ဦးဇင်း ယာကွင်းတွေ၊ လယ်ကွင်းတွေဖြတ်ပြီး ပြေးနေရပြီ။ ဆိုင်ကယ်ကိုထားပြီး ညလုံးပေါက် ခြေကျင်ခရီးနှင်ရတာ ဖိနပ်တောင်မစီးနိုင်တော့ပါဘူးတဲ့။ မိုးကလဲ ဖွဲဖွဲရွာနေတော့ ဖိနပ်နဲ့ဆို ခရီးပေါက်မှာမဟုတ်လို့ ဖိနပ်ချွတ်ပြီး သွားနေကြရတာပါ။ လမ်းတလျှောက်မှာ လက်နှိပ်ဓာတ်မီးကလဲ သုံးလို့မဖြစ်တဲ့အပြင် ကန္တာရဆူးချုံတွေကလဲ အလွန်ပေါပါတယ်။ မြွေကင်းစတဲ့ ပိုးမွှားတိရစ္ဆာန်တွေရဲ့ အန္တရာယ်ထက် ကန္တာရဆူးပင်တွေရဲ့ ဒဏ်ကိုလက်တွေ့ခံစားခဲ့ကြရပါတယ်။ ကန္တာရပင်မှာ ဆူးတွေက တလက်မဝန်းကျင်လောက် ထွက်နေတော့ ကန္တာရဆူး စူးမှဖြင့် အနာဖြစ်သလိုပဲ တော်တော်နဲ့ကို မပျောက်နိုင်တော့ဘူး။ ဒါကြောင့် ကျမတို့အဖေက ခဏခဏသတိပေးဖူးတယ်၊ ‘‘သမီးတို့ ကန္တာရဆူးတော့ မဆူးကြစေနဲ့၊ သတိထားကြ တော်ကြာ အနာလိုဖြစ်နေရင် မကောင်းဘူး’’လို့လေ။
အခုတော့ ကျမတို့ကို အဲလို သတိပေးတတ်တဲ့ အဖေတို့ကိုယ်တိုင် ဒီကန္တာရဆူးခြုံတွေကို အကာအကွယ်ပြုပြီး ရွာပြင်ကနေ တရွာချင်း မသိမသာဖြတ်ဖြတ်သွားရတာ ဒဏ်ရာအနာတရ ဘယ်လောက်ဖြစ်လိုက်မလဲ ဆိုတာတောင် မတွေးဝံ့တော့ပါဘူး။ အဖေ့ခြေတွေလက်တွေ၊ ဦးဇင်းရဲ့ခြေတွေလက်တွေမှာ ကန္တာရဆူးစူးတာကြောင့် သွေးတွေနဲ့ ပေကျံလို့ပေါ့။ ဆူးဒဏ်ရာသက်သာအောင်ထည့်လို့ရတဲ့ဆေးတွေ ပတ်တီးတွေမပါတဲ့အပြင် အာဏာပိုင်တွေရဲ့ လက်ကလွတ်အောင် ရှောင်ပြေးနေရတဲ့ကာလမှာ နာကျင်တာတွေကိုလဲ ဂရုမစိုက်နိုင်တော့ဘူးလို့အဖေက ဆိုပါတယ်။ ဒါပေမဲ့ ကျမတို့အဖေက တောတောင်တွေကို သိပ်စိမ်းလှတာမဟုတ်လို့ လမ်းမှာ တွေ့သမျှ ဆေးဖက်ဝင်အပင်လေးတွေ ကောင်းကောင်း အသုံးချပြီး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဆူးဒဏ်ရာတွေကို သက်သက်သာအောင်တော့ ကုစားနိုင်ခဲ့ပါတယ်။
မိုးကလည်းမပြတ်ရွာနေတာတော့ တချို့နေရာတွေမှာ အတော့်ကို ပင်ပင်ပန်းပန်းနဲ့ဖြတ်ရပါတယ်။ ရွှံ့တွေနွံတွေကြား ခရီးပေါက်ဖို့ ရုန်းရ၊ ပီးတော့ မိုးရေစိုရွှဲနေပေမယ့် ရေစိုသင်္ကန်းလှန်းဖို့ အခွင့်အရေး မရတဲ့အပြင် သင်္ကန်းအပိုလဲ လုံလောက်အောင်မပါတာကြောင့် အအေးပတ်ပြီး ဦးဇင်းဖျားပါတော့တယ်။ ဒီတော့ အသက်ကြီးတဲ့ အဖေကပဲ ဦးဇင်းအဖျားအနာ သက်သာရာသက်သာကြောင်းကြံဆပြီး တောလမ်းခရီးမှာ လူသူ မသိအောင် ခိုအောင်းရင်းက ပြုစုပေးရပါတယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ရတော့မှပဲ ဦးဇင်းရဲ့ စိတ်ဓာတ်နဲ့ ဦးဇင်းရဲ့ ဇွဲသတ္တိကို ပိုပြီး လေးစားသွားတယ်လို့ အဖေက ချီးမွမ်းခန်း ဖွင့်ခဲ့ပါသေးတယ်။
ကျမတို့အဖေက အသက်ကြီးပေမယ့် တောလမ်းခရီးကို သိပ်ပြီးမှုတာ မဟုတ်ပါဘူး။ တော်ရုံ ရာသီဥတုဒဏ်လောက်ကလဲ အဖေ့ကို ချူချာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ဦးဇင်းနဲ့အတူ တိမ်းရင်းရှောင်ရင်း ခရီးနှင်ရတဲ့ဒဏ်က ပြင်းပေမယ့် အဖေ ကျန်းမာရေး အခြေအနေကတော့ စိတ်ပင်ပန်း၊ လူပင်ပန်းတာကလွဲရင် ပုံမှန်ပါပဲ။ ဦးဇင်းကသာ ဒီလိုပင်ပန်းတဲ့ ဒဏ်တွေကို ခံနိုင်ရည်သိပ်မရှိတော့ အဖျားဒဏ်ကို အတော်ခံစားခဲ့ရတာ။ ဒါပေမဲ့လဲ စိတ်ဆောင်လို့ထင်ပါရဲ့ ဘုန်းဘုန်းကြီးတော့ လဲမသွားခဲ့ပါဘူး။
တကယ်တမ်း အဖေတို့ ပြေးတဲ့လမ်းကြောင်းကို နယ်မြေခံ အရာရှိတွေက မသိလို့တော့ ဟုတ်ဟန်မတူဘူး။ အနည်းဆုံး သူတို့ ရိပ်ဖမ်းသံဖမ်းတော့ သိကြမှာပါပဲ။ ဒီနယ်မြေတွေက သူတို့ ကျွမ်းပြီးသားတွေကိုး။ ဘယ်နေရာကသွားရင် ဘယ်ရွာကိုပေါက်တယ်၊ သွားနိုင်တဲ့လမ်းကြောင်းက ဘယ်နှစ်ခုရှိတယ်။ ဘယ်မြို့ကို ဦးတည်နိုင်တယ် စသဖြင့် သူတို့ မှန်းမိကြမှာပါ။ ဒါပေမဲ့ ဦးဇင်းတို့ကို လွတ်စေချင်ပုံ ရတယ်လို့ပဲ ပြောရမလား၊ သူတို့ပင်ပန်းနေလို့ မလိုက်ချင်တော့တာနဲ့ တိုင်းကဆင်းလာတဲ့ အရာရှိတွေကို အရူး လုပ်လိုက်တာလားတော့ မပြောတတ်ပါဘူး။ အရာရှိတချို့က ဦးဂမ္ဘီရကို ကိုယ်ပျောက်ဝိဇ္ဇာလိုလို ပယောဂလိုပညာမှာ တဖက်ကမ်း ခတ်တတ်သူလိုလို ထင်သွားကြပုံရတယ်။ ဒါကြောင့် ရဲမှုးကြီးလှမျိုးရှိန် ညတွင်းကြီး အိမ်ရောက်လာပြီး ကျမတို့အိမ်ကိုရှာတော့ သူ့မျက်နှာမှာ တမျိုးဖြစ်နေတာ။ သူနဲ့အတူပါတဲ့ အရာရှိတချို့လဲ (ကျမအထင်) ဇဝေဇဝါနဲ့ ကြောက်စိတ် ဝင်နေပုံပဲ။
သူတို့ဘက်ကကြည့်ရင်လဲ ဒီနယ်က နယ်မြေစိမ်းလေ။ ဒီနယ်မြေနဲ့ ပတ်သက်ပြီး အသေးစိတ် သူတို့ မသိကြဘူး။ နယ်မြေခံ တာဝန်ရှိသူတွေကိုပဲ အားကိုး လိုက်နေရတာ။ နောက်တခုက ဂမ္ဘီရဆိုတဲ့ ပါဠိစကားကလဲ ကျမတို့ ဗမာပြည်မှာ ဂါထာမန္တန်တွေ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွေကိုပဲ လူတွေ ရင်းနှီးကြတာ များတော့ သူတို့စိတ်ထဲ ထင့်နေကြမှာပေါ့နော်။ မထင့်ခံနိုင်ရိုးလား။ နောက်ကလိုက်နေရင်း ဒီဆိုင်ကယ် စက်သံတိတ်တာနဲ့ လူပါပျောက်သွားတယ်၊ ဧကန္တတော့…. ဆိုတဲ့ထင်ကြေးတွေနဲ့ နယ်မြေကျွမ်းကျင်သူတွေက သုံးသပ်ပြတော့ အရာရှိကြီးတွေလဲ သူတို့နာမှာတော့ ကြောက်သားပေါ့နော်။ သူတို့တွေမှာက ရာထူးစည်းစိမ်တွေ၊ ဂုဏ်ပကာသနတွေ တိုးလာတာနဲ့အမျှ စွန့်လွှတ်စွန့်စား ချင်စိတ်တွေက အလိုလို ပျောက်ကွယ်သွားကြတာလဲ ဖြစ်မှာပါ၊ ဒါကြောင့် သူတို့ ဆက်မလိုက်ရဲတော့ပဲ ကျမတို့ အိမ်ကိုလာပြီး အကြောင်းပြ ကောင်းအောင် အရှက်ပြေရှာကြတာပဲ။
အောက်တိုဘာလ (၁၅)ရက်နေ့မနက် ကျမတို့သားအမိ(၄)ယောက်ကတော့ ထုံးစံအတိုင်း အိမ်ဆိုင်လေးခင်းလို့ ဈေးရောင်းဈေးဝယ်တွေနဲ့ ပုံမှန်လှုပ်ရှားနေပေမယ့် လူတချို့ကတော့ စပ်စုချင်စိတ်တွေနဲ့ အိမ်ရှေ့က ဖြတ်ဖြတ်လျှောက်ရတာက အမော။ အစပိုင်း သိပ်ပြီး သတိမထားမိပေမယ့် နောက်ပိုင်း မျက်စိရှုပ်ရလောက်အောင်ကို ခေါက်တုန့်ခေါက်ပြန် လုပ်နေကြတယ်လေ။ တချို့ကလဲ ရင်းနှီးနေတော့ ဈေးဝယ်တာကို အကြောင်းပြပြီး စပ်စုကြတာပေါ့။ အနှစ်ချုပ်ကတော့ ကျမတို့ ရဲစခန်းကနေပြီး အိမ်ကို ပြန်ရောက်ရောက်ချင်း လာမေးတဲ့ မစပ်စုလေးရဲ့ လေသံအတိုင်းဘဲ ‘‘ဦးဇင်းက မြန်မာ့အသံကို ဗုံးခွဲလို့ဆို။ အိမ်မှာလဲ လက်နက်တွေ တွေ့လို့ဆို၊ ဘယ်လိုဖြစ်ရတာလဲဟယ်၊ စိတ်မကောင်းပါဘူး’’ဆိုတာတွေကပါသေး။ ဘာပဲဖြစ်ဖြစ် ကျမတို့ကတော့ တတ်နိုင်သလောက်ဖြေရှင်းပြပါတယ်။ သူတို့တွေလဲ သတင်းအရသာ ပြောကြ၊ မေးကြတာ ဖြစ်မှာပါ။ တကယ် ယုံချင်ကြပုံတော့ မရပါဘူး။ ဒါကြောင့် ဒီသတင်း မမှန်ဘူးဆိုတာကို သူတို့တွေ နားလည်သွားအောင်တော့ လေ့လာမိသလောက် ကိုးကားပြီး ရှင်းရတာပေါ့။
ကျမတို့နဲ့ နေ့စဉ်ဆက်ဆံနေရတဲ့ လူအများစုက ရက္ကန်းအလုပ်သမလေးတွေပါ။ သူတို့တွေက ကျမတို့ အိမ်ဆိုင်လေးမှာ တင်ထားတဲ့ မုန့်၊ အချိုရည်၊ တခြားအသေးစား အလှကုန်ပစ္စည်းလေးတွေနဲ့ ဆား၊ငပိ၊စတဲ့ တိုလီထွာလီ စားသောက်ကုန်လေးတွေကို နိုင်သလောက် အားပေးကြတဲ့သဘော။ သူတို့တွေရဲ့ လပေးစံနစ် (လစာထုတ်မှပေး) တွေကြားထဲမှာ ကျမတို့ နေ့စဉ်စီးပွားရေးက မြှုပ်နှံထားရသလိုဘဲ။ သူတို့ဘဝတွေနဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ ဝေးလှပါတယ်။ တချို့ဆိုရင် နိုင်ငံရေးဆိုတဲ့ စကားလုံးကို လိမ်ညာ လှည့်ဖျားမှုတွေနဲ့ ပြည်နေတဲ့ အဓိပ္ပာယ်မျိုးလို့တောင် မှတ်နေကြတာ တွေ့ခဲ့ရဘူးသေးတယ်။ နိုင်ငံရေးသမားဆိုတာ ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်မှ၊ ကျောက်ဆင်းတု ကိုယ်တော် ခေါင်းငြိမ့်အောင် ပြောနိုင်မှ ဖြစ်တာ ဆိုပြီးပြောကြတယ်လေ။ ကိုယ့်ဘဝတိုးတက်မှု ကိုယ့်ပတ်ဝန်းကျင်တိုးတက်မှု မရှိတာဟာ ကိုယ့်ဘဝပေး ကုသိုလ်ကံကိုက မကောင်းလို့ ကိုယ့်လူမျိုးတွေ ညံ့ကြလို့ ဆိုပြီး အပြစ်တင်ကြတာလဲ ရှိတယ်။ တချို့က နိုင်ငံရေးအကြောင်း တီးမိခေါက်မိရှိတော့ ကံကြောင့်မဟုတ်ပါဘူး စနစ်ကိုက မကောင်းလို့ပါ ဆိုပြီး ငြင်းကြတာလဲ ကြားခဲ့ရသေးတယ်။
တကယ်တော့ ကံဆိုတာက ဒေသနာဝေါဟာရ အရပဲဖြစ်ပြီး လောကဝေါဟာရနဲ့ ဆိုရင်တော့ အလုပ်ပါပဲ။ ကမ္မနိယာမနဲ့ ပတ်သက်ပြီး ‘‘ကမ္မဝိပါကော နာမ မယာဝါ ကေနစိဝါ ပဋိဗာဟိတုံ နသက္ကာ’’ ဆိုတဲ့ပါဠိစကားအရ ‘‘ကံ၏ အကျိုးကို ငါ ဘုရားသည်ဖြစ်စေ၊ အခြားသူတစ်ဦးဦးကဖြစ်စေ တားမြစ်ခြင်းငှာ မတတ်ကောင်း’’ လို့ မြတ်စွာဘုရား ဟောကြား တော်မူခဲ့တာရှိပါတယ်။
တကယ်တမ်း လောကမှာ ကောင်းတာလုပ်သူတိုင်းချမ်းသာနေကြတာမှမဟုတ်ပဲ။ မကောင်းတာလုပ်ပြီး တနည်းအားဖြင့် လိမ်ညာလှည့်ဖျားပြီး ထိပ်တန်းရောက်နေကြသူတွေတပုံကြီးရှိပါတယ်။ ဒါဟာလဲ သူတို့ပြုလိုက်တဲ့ ကံရဲ့ ပဲ့တင်ရိုက် ခတ်သံတွေလို့ဆိုရမှာပါ။ ကံကြမ္မာ အကျိုးပေးမှုနဲ့ ပတ်သက်ပြီး အတိတ်အကြောင်းတပါးနဲ့ ပစ္စုပ္ပန် အကြောင်းသုံးပါး စုစုပေါင်း အကြောင်းတရားလေးပါး ရှိတယ်လို့ ဆရာကြီး ဦးရွှေအောင်ရဲ့ ဗုဒ္ဓဝါဒပေါ်ထွန်းခြင်း စာအုပ်မှာ မှတ်သားခဲ့ရဖူးပါတယ်။ စားပွဲလုပ်ပုံ ဥပမာထားပြီး အကျိုးတရားတခုရဖို့အတွက် အတိတ်ကံကြမ္မာလို့ဆိုတဲ့ အထည်ကိုယ် အတိတ်အကြောင်းတရားလဲလိုသလို အကျိုးကိုတကယ်တမ်းဖြစ်ပေါ်စေချင်တဲ့စိတ်၊ တောင့်တမှု ဆိုတဲ့ ဆန္ဒနဲ့ ဉာဏ်၊ ဝီရိယလို့ဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေ လိုအပ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် တကယ် ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ စကားလေးကို ကျမအရမ်းသဘောကျခဲ့မိတယ်။
ကျမတို့ အဖေရဲ့ ဇာတိမြေဖြစ်တဲ့ ထနောင်းကန်ရွာက ကျမတို့နေတဲ့ မိတ္ထီလာစက်မှုဇုံကနေ နာရီဝက်လောက် စက်ဘီးနဲ့ပုံမှန်နင်းသွားရင်ကို ရောက်ပါတယ်။ မိတ္ထီလာမြို့ထဲကို သွားရတာထက်တောင် ပိုနီးပါသေးတယ်။ ထနောင်း ကန်သားတချို့လဲ စက်မှုဇုံထဲမှာ စတည်းချကြတာများတော့ သတင်းစီးဆင်းမှုက တမဟုတ်ချင်းပါပဲ၊ ၁၅ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ စက်မှုဇုံ ရွာနီးချုပ်စပ်က ဆွေမျိုးတစု အိမ်ရောက်လာကြပါတယ်။ သတင်း မေးလာသူရှိသလို သတင်းသယ်လာ သူတွေလဲ ရှိပါတယ်။ အကောင်းမြင်နဲ့ အားပေးသူရှိသလို အဆိုးမြင်နဲ့ ကန့်ကွက်သူတွေလဲပါတာပါပဲ။ တချို့တွေက ဦးဇင်းတို့ အခြေအနေနဲ့ ပတ်သက်ပြီး သူတို့ ရွာထဲမှာ ရိုက်ခတ်နေတဲ့ ဂယက်တွေကို ပြောပြကြတဲ့အပြင် သူတို့ ရွာနီးဝန်းကျင်တဝိုက်မှာ လတ်တလော လှုပ်ရှားနေတဲ့ အာဏာပိုင်အုပ်စုရဲ့ အခြေအနေတွေလဲ ကျမတို့သိလိုက်ရပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေ မှန်မမှန် ကျမတို့ အတိအကျမသိနိုင်သလို ဦးဇင်းတို့ဆီကို ကြိုအကြောင်းကြားထားဖို့ကလဲ ဘယ်မှာရှိမှန်း မသိတော့ အခက်ကြုံရ ပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေရဲ့ လှုပ်ရှားမှုနယ်ထဲက လွတ်သွားဖို့ကိုသာ ကျမတို့ တွင်တွင်ကြီး ဆုတောင်း နေမိတော့တယ်။
ဦးဇင်းရဲ့ စွမ်းဆောင်ချက်တွေကို အိမ်ကိုရောက်လာတဲ့ မိတ်ဆွေသင်္ဂဟ အတော်များများက ချီးမွမ်းခန်းဖွင့်ပြီး အားပေးကြပေမယ့် ဆွေရင်းမျိုးရင်းထဲက တဦးစနှစ်ဦးစကလဲ အပြစ်တခုလို မြင်ကြပြီး ဝေဖန်တာလဲ ကြုံခဲ့ရသေးတယ်။ ‘‘ဦးဇင်းက အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ မြင့်မြတ်နေသလို လုပ်ရပ်ပိုင်း တွေမှာလဲ သမိုင်းတွင်ရစ်အောင်ကို စွမ်းဆောင်ခဲ့တာပဲ၊ တခါမှ မကြုံဘူး၊ မကြားဘူး၊ မမြင်ခဲ့ရဘူးတဲ့ သံဃာအင်အားကို ဦးဇင်းက ဦးဆောင်ပြီးဖွင့်ဟပြခဲ့တာပဲ၊ ဒါမှ ဗမာအက္ခရာ အနဲ့ အာတဲ့ အာဇာနည် ဆိုတာမျိုး’’လို့ပြောပြီး အားပေးဂုဏ်ပြုကြသလို ‘‘ဘုန်းကြီးဖြစ်ပြီးအေ လမ်းပေါ်ထွက် ဆန္ဒပြရတယ်လို့၊ ကိုယ်နဲ့ မဆိုင်တဲ့အလုပ်ကို ဝင်ရှုပ်မှတော့ ရှင်းလို့ ဘယ်ရနိုင်တော့မလဲ၊ စာပဲ ဂရုစိုက်သင်နေရင် ဒါမျိုးတွေမဖြစ်ဘူး၊ ခုတော့ ဘုန်းကြီးတန်မယ့် ဝရမ်းပြေးဖြစ်နေရတာ ဘယ်ကောင်းပါ့မလဲ’’ ဆိုတဲ့ ဝေဖန်သံမျိုးတွေကို တုန့်ပြန်ဖြေရှင်းရတာလဲ အမောပါပဲ။ ဘာပဲဖြစ်ဖြစ် ကျမတို့ကတော့ မတုန်လှုပ်ပါဘူး။ ခေတ်ဆန်ဆန် သုံးရရင်တော့ ရင်မခုန်ဘူးပေါ့နော်။ အကောင်းပြောတာကိုတော့ စိတ်ခွန်အားတခုအနေနဲ့ မှတ်ယူထားပေမယ့် အဆိုးပြောတဲ့ သူတွေကိုကျတော့လဲ သနားစိတ်နဲ့ နားလည်ပေးလိုက်တာပါပဲ။ သနားတယ်ဆိုတဲ့နေရာမှာ သူတို့တွေရဲ့ စဉ်းစား ဆင်ခြင်ဉာဏ် အားနည်းမှု နဲ့ စိတ်သဘောထား မပြည့်တာတွေကို သနားနေမိတာပါ။
အဖေကပြောဖူးပါတယ်။ ‘‘တချို့လူတွေမှာ ဘာသာရေးဆိုတဲ့ စကာလုံးကသာ အားကောင်းနေတာ၊ တကယ်တမ်း ဘာသာရေးကို အတိုက်အခံလုပ်မေးရင် ဖြေနိုင်တဲ့သူသိပ်မရှိဘူး၊ အများစုက ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်လို့သာ ပြောနေကြတာ၊ ဗုဒ္ဓအဆုံးအမရဲ့ အနှစ်သာရတွေကို မဆုပ်ကိုင်နိုင်ကြဘူး’’လို့ဆိုတယ်။
‘‘လူတွေကဗျာ ဥပုသ်စောင့်ရင် ကုသိုလ်ရတယ်လို့သာ သိကြတာ။ ဥပုသ်သီလယူထားပြီး သူများအတင်းပြောတဲ့ အကုသိုလ်ကိုကျတော့ အလေးမထားကြဘူး။ အများစုက မိရိုးဖလာ ဗုဒ္ဓဘာသာတွေပါ’’လို့ ဦးဇင်းကလဲ ပြောပြခဲ့ဘူးပါတယ်။
အများစုမှာတကယ်ရှိနေတာက မျိုးရိုးစဉ်ဆက်က လက်ဆင့်ကမ်း သယ်လာတဲ့ ဘာသာရေးအမွေသာဖြစ်ပြီး မြတ်ဗုဒ္ဓရဲ့ စစ်မှန်တဲ့ အဆုံးအမ သြဝါဒ၊ တနည်းအားဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို နားလည် သဘောပေါက်သူ နည်းပါတယ်။ ခုကာလမှာ ပိုဆိုးလာတာတွေ့ရပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတာမျိုးလိုပဲ လူတွေမှာ စားဝတ် နေရေးတွေ ကျပ်တည်းလာတော့ သီတင်းတပတ် တပတ်မှာတောင် ဥပုသ်သည်တွေကို အတော် လိုက်ရှာနေရပါပြီ။ အခါကြီးရက်ကြီး ဘာသာရေး ပွဲလမ်းသဘင်တွေမှာလဲ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အဆင်ပြေရင် (တနည်း) ပိုက်ဆံပေးနိုင်ရင် အရက်ဆိုင်၊ လောင်းကစားဆိုင်ဆိုတာ ပွဲတော်ဈေး နေရာအနှံ့မှာ ရှောင်လို့ကို မလွတ်နိုင်ဘူး။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူကလဲ ယုတ်မာရက်စက်၊ အုပ်ချုပ်ခံပြည်သူတွေကလဲ ရိုသေလေးစားမှု၊ လေ့လာလိုက်စားမှု အားနည်းတယ်ဆိုရင် ဗုဒ္ဓသာသနာတော်တည်တံ့ပြန်ပွားဖို့ဆိုတာ အတော်ရင်လေးစရာပါ။
အခုလဲ လူတချို့က ဘုန်းကြီးတပါးရဲ့ လုပ်ငန်းကို ဗုဒ္ဓစာပေကျမ်းဂန်တွေ သင်အံလေ့ကျက်ရုံလောက် မှတ်ထားကြပြီး ဒီအလုပ်တွေက လွဲရင် ကျန်တာဟာ ဘုန်းကြီးတပါးအနေနဲ့ လုပ်သင့်လုပ်အပ်တာမဟုတ်ဘူးလို့ ယူဆနေကြပုံပါပဲ။ သူတို့ရဲ့ အယူအဆဟာ မှန်ကန်တယ်လို့ ပြောနိုင်ပေမယ့် ပြည်စုံမှုတော့ မရှိပါဘူး။ ရဟန်းတော်တပါးအနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေက အင်မတန်မှကို များပြားလှပါတယ်။ အခုလို ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာတဲ့ခေတ်ကြီးမှာဆို တာဝန်ဝတ္တရားတွေက ပိုလို့တောင် ကျယ်ပြန့်လာနေပါတယ်။
မြတ်ဗုဒ္ဓရဲ့ သာသနာပြုသြဝါဒနဲ့ဆိုရရင် ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ ဆိုတဲ့ ပါဠိစကားနဲ့တင် အတော့်ကို နက်နဲနေပါပြီ။ ဦးဇင်းလဲ သာသနာ့ဘောင်ရောက်ပြီး စာပေကျမ်းဂန်တွေကို အထိုက်အလျောက် နားလည်လာကထဲက ဒီပါဠိ စကားတွေကို အမြဲလက်ကိုင်သုံးလာတာ။ တခါတခါ လောကာနုကမ္မာယ ဆိုတဲ့ပါဠိစကားတခုလဲ ပါပါလာတတ်ပါတယ်။ ဒါတွေကိုထောက်ခြင်းအားဖြင့် ရဟန်းတော်တပါးရဲ့အလုပ်ကို စာပေသင်ကြားရုံ၊ တရားထိုင်၊ ပုတီးစိပ်ရုံလောက်နဲ့ ကန့်သတ်ထားလို့မရပါဘူး။
အခု ဦးဇင်းတို့လုပ်တဲ့ လှုပ်ရှားမှုကလဲ ဆန္ဒထုတ်ဖော်ရုံသာဖြစ်ပြီး အုပ်စိုးသူအစိုးရရဲ့ အာဏာကို ခြိမ်းခြောက်တာမှ မဟုတ်ဘဲ။ မေတ္တာစိတ်ကိုရှေ့တန်းတင်ပြီး ပြည်သူအများချမ်းသာစေလိုတဲ့ ဆန္ဒကို ထုတ်ဖော်ကြတာပါ။ ကံဆောင် သပိတ်မှောက်တယ်ဆိုတာလဲ သံဃာကို ကိုယ်ထိလက်ရောက်ရိုက်နှက်လာလို့၊ အဲလိုရိုက်နှက်စော်ကားထားတာကို ဝန်ချမတောင်းပန်လို့ ဗုဒ္ဓအလိုတော်ကျ လုပ်ကြရတာပါ။ အဲဒါ ဘယ်ဆရာတော်ကို သွားမေးမေး တခုတည်းသောအဖြေက လျော်ကန် သင့်မြတ်လှပါတယ် ဆိုတာပဲရလာမှာ၊ ဒါပေမဲ့ ‘‘စားပြီးအိပ်နေ ဘိက္ခဝေ’’ ဆိုတဲ့ ကိုယ်တော်မျိုးတွေတော့ မပါဘူးလို့ ပြောပြလိုက်တယ်။
တချို့ လူကြီးသူမတွေက သူတို့ဆုံးမတာကို ပြန်ပြောတာ ကြိုက်ပုံမရဘူး။ သူတို့ပြောတာပဲနားထောင်၊ ကောင်းစေချင်လို့ပြောတာဆိုတဲ့အကြောင်းပြချက်နဲ့ ကျမတို့လူငယ်တွေရဲ့ အတွေးအမြင်ကို ဖုံးဖိထားချင်နေကြတာလေ။ ကျမက သူတို့ပြောတာကို တုံ့ပြန်ဖြေရှင်းပြတော့ ကျမကို စွာတယ်တဲ့။ လူကြီးလူကြီးမှန်းမသိဘူး ဆိုတာကပါသေး။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာကို အဲဒိကာလမှပဲ ကောင်းကောင်း ကြုံခဲ့ရတော့တယ်။
No comments:
Post a Comment