နှင်းပန်းအိမ်
အေးစိမ့်လှတဲ့ ဆောင်းဦးလေနဲ့အတူ “ ဘယ်သူရေ့ ဘယ်ဝါရေ” ဆိုတဲ့ လူစုနေတဲ့ အသံက ဒုက္ခသည် စခန်းလေးကို လှုပ်နှိုးလိုက်တယ်။ ညထဲက မုန့်ဖက်ထုပ်ရောင်းရင်း “ဗျို့” ဟစ်နေတဲ့ ကိုချစ်ဖေ အသံကို စခန်းတခုလုံးက အာရုံစိုက် နားထောင်ခဲ့ရတာ။ ကိုချစ်ဖေဆိုတာ နိုင်ငံမဲ့နေတဲ့ စစ်သားဟောင်းကြီးပေါ့။ ကျမတို့ကသူ့ကို ဝါရင့်ဒုက္ခသည်လို့ ခေါ်ကြတယ်။
ကိုချစ်ဖေ နှုတ်ဖျားကနေ ဒုက္ခသည်စခန်းနဲ့ ပတ်သက် ဆက်နွယ်တဲ့ သတင်းတွေ ထုတ်ပြန်ရသလို သူ့မိသားစုဘဝ ရပ်တည်နိုင်ဖို့ စားစရာ မျိုးစုံကိုလဲ အော်ဟစ် ရောင်းချနေရသူ ဖြစ်ပါတယ်။ သူ့ပုခုံးမှာ ဈေးတောင်း မပြတ်ရှိသလို သူ့နှုတ်ဖျားမှာလဲ သတင်း ထုတ်ပြန်ချက်တွေ မပြတ် ရှိနေတတ်တယ်။
“ဒီဇင်ဘာ ၅ ရက်နေ့သည် ထိုင်းဘုရင်မင်းမြတ်ကြီးရဲ့ မွေးနေ့ ဖြစ်ပါသည်။ ဘုရင်ကြီး မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သစ်ပင် စိုက်ပါမည်။ တအိမ် ရေတဗူးစီ ယူဆောင်ပြီး လိုင်းမှူးအိမ်ရှေ့မှာ မနက် ၆နာရီ စုရုံးရောက်ရှိရန် နှိုးဆော်ရပါသည်။ မနက်စာကို ကျနော် ချစ်ဖေဆီမှ ပဲပြုတ်နံပြား ဝယ်စားကြပါလို့ မေတ္တာ ရပ်ခံအပ်ပါသည် ခင်ဗျား” ဆိုတဲ့ အသံဆုံးမှ နားထောင်နေသူတွေ စကားပြန်ဆက်၊ အလုပ် ဆက်လုပ်ရတယ်။
ဒုက္ခသည် စခန်းထဲက ဒုက္ခသည်တွေ၊ NGO အဖွဲ့စည်းအားလုံး သစ်ပင်စိုက်မယ့် ဘုရင့်ဘေးမဲ့တောကို သွားခဲ့ကြပါတယ်။ ဒုက္ခသည်တွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်တဲ့ ထိုင်းဘုရင်ကြီးကို ချစ်ခင်လေးစားစိတ်နဲ့ စိုက်ပျိုးကြတဲ့ သစ်ပင်တွေကို မြေသြဇာတင် မဟုတ်ဘဲ စေတနာ၊ မေတ္တာတွေပါ ထည့်ပြီး စိုက်ပျိုးခဲ့ကြပါတယ်။ ဒုက္ခသည်တွေထဲက သက်ကြီးရွယ်အို အဘိုးတွေကို စခန်း အုပ်ချုပ်သူ ထိုင်းပလာက ထိုင်းဘုရင်ကြီး ကိုယ်စား မျက်နှာသုတ်ပုဝါ တထည်စီနဲ့ ဂါရဝပြုခဲ့ပါတယ်။
ထိုင်းဘုရင်ကြီး မွေးနေ့ကို ၃ ကြိမ်တိုင် ကျမကြုံခဲ့ရပါပြီ။ ဘုရင်ကြီးကို ထိုင်းပြည်သူ ပြည်သားတွေ ချစ်ကြတယ်ဆိုတာ မြန်မာပြည်မှာထဲက ကျမစာတွေထဲမှာ ဖတ်ခဲ့ဘူးပါတယ်။ နို့ပေမဲ့ ခုလို လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ သိမြင်ရမယ်လို့တော့ စိတ်ကူးထဲ တွေးတောင် မတွေးမိပါဘူး။ ၂ဝဝ၈ နိုဝင်ဘာမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကျမရောက်တော့ ထိုင်းဘုရင်ရဲ့ မွေးနေ့အကြို မီးပန်း၊ မီးနွယ်၊ မီးပန်းဆိုင်း အသွယ်သွယ် ထွန်းညှိထားပုံဟာ ကြည့်လို့ မဝနိုင်အောင်ပါပဲ။
အဝေးပြေး လမ်းမကြီးတွေ၊ ကျောင်း၊ ရုံး၊ ဆေးရုံ ဘယ်နေရာကြည့်ကြည့် ဘုရင်နဲ့ မိဘုရား ဓာတ်ပုံတွေ ရှိတယ်။ ကြော်ငြာဘုတ်ကြီးတွေမှာ ထိုင်းတောင်သူတွေနဲ့အတူ စိုက်ခင်းတွေကို လေ့လာနေတဲ့ ထိုင်းဘုရင်ကြီးကို သာမန် အရပ်ဝတ်နဲ့ ကြင်နာပျော်ရွှင်မှု၊ နားလည် ခံစားပေးမှုတွေနဲ့ မြင်ရတဲ့အခါ မြင်ရသူတိုင်းကို ကြည်နူးစေပါတယ်။
ထိုင်းနိုင်ငံမှာ လယ်ထွန် မင်္ဂလာ ဆင်းတဲ့နေ့ဆိုပြီး သတ်မှတ်ရက် ရှိပါတယ်။ ဟိုတုန်းကတော့ ဘုရင်ကြီးကိုယ်တိုင် လယ်ထွန်မင်္ဂလာ ဆင်းပါတယ်တဲ့။ ခုတော့ ဘုရင်ကြီးရဲ့ သားတော်က လယ်ထွန် မင်္ဂလာဆင်းပါတယ်။ မိုးခေါင်ရင် ကောင်းကင်ကနေ လေယာဉ်နဲ့ မိုးအတု ရွာပေးတယ်။ ဒါကြောင့် ထိုင်းကျေးလက်နေ ပြည်သူတွေက ဘုရင်ကြီးကို ချစ်ခင်လေးစားကြတာ။ အိမ်တိုင်းမှာ ဘုရင်ပုံနဲ့ ဘုရင့်မိသားစုပုံတွေကို ချိတ်ဆွဲထားကြတယ်။ ထိုင်းတောင်သူတွေက သူတို့ လူနေမှု အဆင့်အတန်းမြင့်အောင် ဘုရင်ကြီးက လုပ်ပေးထားတာလို့ နက်နက်ရှိုင်းရှိုင်း ခံယူထားကြတယ်။ ထိုင်းဘုရင် နုပျိုစဉ်က ရဟန်းဝတ်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဘုရားစင်မှာ ချိတ်ပြီး ကိုးကွယ်ကြတဲ့အထိ ကြည်ညို လေးစားကြတာပါ။
မြို့နေလူတန်းစားကလဲ ချစ်ကြတာပါပဲ။ မီတာခကို သတ်မှတ်ထားတဲ့ ယူနစ်ကို ကျော်ပြီးမသုံးရင် မီတာခွန်၊ ရေခွန် ပေးဆောင်စရာ မလိုပါဘူး။ ဒီတော့ ပြည်သူကလဲ စွမ်းအင်ကို ချွေတာသုံးပါတယ်။ မီးရေကို အဆင်သင့် သုံးရပေမယ့် ငွေပေးစရာ မလိုတော့ ပြည်သူတွေ ကျေနပ်ကြတယ်။ ကျမတို့ မြန်မာပြည် မှာတော့ မီးပြတ်နေတဲ့ကြားက ကိုယ့်အိမ်မှာ ထားတဲ့ မီတာစောင့်ရှောက်ခ၊ ထိန်းသိမ်းခဆိုပြီး ထောင်ချီပြီး ငွေပေးဆောင်ရပါတယ်။ ရေခွန်၊ မီးခွန်၊ သန့်ရှင်းရေးခွန် ဆိုတဲ့ အခွန်အခတွေကိုလဲ မပေးချင်ဘဲ ပေးဆောင်နေရပါတယ်။ အိုစာမရှိရင်နေ မင်းစာတော့ ရှိရမယ်ဆိုတဲ့ မြန်မာစကားပုံက စစ်အာဏာရှင် စနစ်အတွက် ကွက်တိပါပဲ။
ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကုန်သည်ကြီးတွေကလဲ လူသုံးကုန်ပစ္စည်းတွေကို ထက်ဝက်နီးပါး ဈေးလျှော့ရောင်းကြလို့ ဘုရင်ကြီး မွေးနေ့ရက်နီးရင် ကြိတ်ကြိတ်တိုး ဝယ်လိုက်ကြတာ။ ကျမတို့ မြန်မာပြည်သားတွေ အများဆုံး ဝယ်ကြတာပေါ့။ ဘယ့်လောက် ဈေးသက်သာလဲဆို ဘုရင်ကြီးမွေးနေ့ ခဏခဏဖြစ်ပါစေလို့ ဆုတောင်းကြတဲ့အထိ။
ဘုရင်ကြီးမွေးနေ့မှာ ထိုင်းရုပ်မြင်သံကြားလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပါတယ်။ ဒီနှစ်မှာတော့ ထိုင်းဘုရင်ကြီးက ဝှီးချဲပေါ်ကနေ မိန့်ခွန်းချွေပါတယ်။ ထိုင်းဘုရင်ကြီးကို ကြိုဆို နှုတ်ဆက်နေတဲ့ထိုင်း ပြည်သူတွေ နေရာအနှံ့ ကြိတ်ကြိတ်တိုး။ ကားပေါ်ကနေ ပြည်သူတွေကို တောက်လျှောက် လက်ပြ နှုတ်ဆက်နေတဲ့ ထိုင်းဘုရင်နဲ့ မိဘုရားကို ကတ္တရာ လမ်းပေါ်က ပြည်သူတချို့ ထိခြင်းငါးပါးနဲ့ ကန်တော့ကြတယ်။ ပီတိမျက်ရည်နဲ့ အလံကို ဝှေ့ယမ်း သံကုန်အော်ပြီး ဆုတောင်းကြတယ်။
ဘုရင်ကြီး သွားရာလမ်းတလျှောက် ပြည်သူလူထုရဲ့ ကြိုဆိုတဲ့အသံက ရပ်သွားတယ်မှ မရှိတာ။ ထိုင်းပြည်သူတွေရဲ့ ပျော်ရွှင်ကြည်နူးမှုတွေက ကျမတို့ကိုပါ ကူးစက်ကုန်တယ်။ လမ်းတလျှောက် နဖူးစည်းစာတမ်းတွေ၊ ဘုရင်ကြီး ဓာတ်ပုံတွေကလဲ ပြည့်နှက်လို့။ ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ထိုင်းပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားမှုတွေက ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ကြောင့်ပါပဲ။
ကျမတို့ အိမ်နီးချင်း ထိုင်းနိုင်ငံက တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်နေချိန်မှာ ကျမတို့ မြန်မာနိုင်ငံမှာ ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတာ ဆိုင်းဘုတ်ဘဲ စိုက်ထူနိုင်ပါသေးတယ်။ ထိုင်းဘုရင်ကြီးက ပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို အစဉ်တစိုက် သူ့နိုင်ငံဝန်ထမ်းနဲ့ ပြည်သူတွေကို စနစ်တကျ ဆောင်ရွက်နေချိန်မှာ ကျမတို့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးမရှိလို့ သစ်တော တွေ၊ မြစ်ချောင်း၊ အင်းအိုင်တွေ ပျက်စီးကုန်ရပြီ။
သဘာဝ ပတ်ဝန်းကျင်မှ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ဟာ ကျမတို့ တိုင်းပြည်နဲ့၊ ပြည်သူတွေထဲမှာ နက်ရှိုင်းပြီး ကာလရှည်စွဲမြဲတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဖန်တီးခဲ့တယ်။ ကျမတို့ မြန်မာပြည် ပြည်သူလူထုအားလုံး အဲဒီ့ နက်ရှိုင်းလှတဲ့ ထိခိုက်မှုကနေ နလန်ထနိုင်ဖို့ မျိုးဆက်ပေါင်းများစွာ မဟုတ်တောင် နှစ်ပေါင်းများစွာ ကြာမြင့်ပါလိမ့်မယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီး မကြာခင်မှာဘဲ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို မေတ္တာရပ်ခံတဲ့ စကားပြောခဲ့တာကို ရေဒီယိုကနေ ကျမ ကြားလိုက်ရချိန်မှာ ဒုက္ခသည် ကျမ မျက်ရည်စို့တဲ့အထိ ခံစားလိုက်ရပါတယ်။
“ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေကို ကျမမေ့မထားပါဘူး။ ကိုယ့်မြေကိုယ့်ရေကို ပြန်လာနိုင်ခွင့်ရအောင် ကျမ ကြိုးစားပါ့မယ်။ ထိုင်းပြည်သူပြည်သားတွေကလဲ လူသားချင်းစာနာစိတ်နဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် နားလည်ပေး ပါ” လေးနက်ပြည့်စုံလှတဲ့ ဒီစကားက ကျမတို့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကြောင်း အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။
.........................................
ထိုင်းဘုရင်ကြီးရဲ့ မွေးနေ့ ညဘက်မှာဆို မဲဆောက်မြို့မှာ မီးကျည်မီးပန်းတွေ သက်စေ့ ပစ်ဖောက်ပါတယ်။ ရွှီး….. ဖောင်း ဆိုတဲ့ မီးကျည်တွေ တက်သွားပြီး ဖွားခနဲ မီးရောင်စုံ ဖြာထွက်လာတာများ လှလိုက်တာ။ ညအမှောင် ကောင်းကင်မှာ အရောင်မျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံကို တအံ့တသြ ငေးမောကြည့်နေတဲ့သူတွေရဲ့ မျက်နှာမှာ စိမ်းလိုက်၊ ဝါလိုက်နဲ့။ ကောင်းကင်တခုလုံး လင်းထိန်နေသလို မဲဆောက်မြို့ပေါ်မှာ ထိုင်း ပြည်သူတွေနဲ့အတူမြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပျော်ရွှင်နေကြတယ်။
ဒုက္ခသည် စခန်းထဲမှာတော့ ထိုင်းဘုရင်ကြီး မွေးနေ့မှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး ဂုဏ်မပြုနိုင်ခဲ့ပါဘူး။ ဖယောင်းတိုင် မီးတိုင်လေးတွေ ထွန်းပြီး ဘုရင်ကြီး ကျန်းမာစေဖို့ အသက်ရှည်စေဖို့ ဆုတောင်းကြတယ်။ ဖယောင်းတိုင် မီးလေးတွေက သနားစရာ ကောင်းအောင် သေးငယ်နေပေမယ့် ဒုက္ခသည်တွေရဲ့ ဘုရင်ကြီးအပေါ် ထားတဲ့ မေတ္တာအလင်းရောင်က ထိန်ထိန်ညီးအောင် တောက်ပနေပါတယ်။
ကမ္ဘာပေါ်မှာ အကြောင်းမဲ့ ချစ်တာ မရှိသလို အကြောင်းမဲ့ မုန်းတာ မရှိဘူးဆိုတာ ထိုင်းဘုရင်မွေးနေ့က သက်သေပြခဲ့ပါတယ်။
No comments:
Post a Comment