Monday, December 13, 2010

ကြံ့ခိုင်ရေးမှ ကျောင်းပိုင်မြေတွင် ဆိုင်ခန်းဆောက်၍ ရံပုံငွေရှာ

စောစော

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲကျေးရွာတွင် ကြံ့ခိုင်ရေးပါတီမှ ပါတီ ရံပုံငွေ အတွက် ကျောင်းပိုင် မြေကွက်ပေါ်တွင် ဈေးဆိုင်များ ဆောက်လုပ်ကာ ဌားရမ်း ရောင်းစားနေကြောင်း သတင်း ရရှိသည်။

ယခု ကြံခိုင်ရေး ပါတီ ရံပုံငွေ အတွက် ဆိုင်ခန်းများ ဆောက်လုပ် ရောင်းစားထားသော မြေမှာ မြေလွတ် မြေရိုင်းမဟုတ်သလို အစိုးရပိုင် မြေယာလည်း မဟုတ်ပါကြောင်း စနဲကျေးရွာမှ လူကြီး တစ်ဦးက ပြောသည်။

“ အခု ကြံခိုင်ရေး ပါတီ ရံပုံငွေ အတွက် ဆိုပီး ဆိုင်ခန်းတွေ ဆောက်လုပ် ရောင်းစားထားတဲ့ မြေဟာ မြေလွတ် မြေရိုင်းတွေ မဟုတ်ပါ။ ဒါ့အပြင် ကျေးရွာ ရယကပိုင်တဲ့ မြေလည်း မဟုတ်ပါ၊ ယခင် ဘိုးဘွား လက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာ တောင်မြေသာဖြစ် ဖြစ်ပါတယ်။ မြေကွက် အမှတ်(၅၈၀)၊ ဦးပိုင် အမှတ် (၄၀) နဲ့ ဦးဖြူသီး လုပ်ပိုင်ခွင့်ရရှိတဲ့ မြေဖြစ်ပါတယ်။ ဒီမြေကို ဦးဖြူသီးက ၁၉၇၀ နှစ်ကတည်းက တွဲဘက် အထက်တန်းကျောင်းဆောက်ဖို့ လှူဒါန်းထားတဲ့ မြေ ဖြစ်ပါတယ်။ ဦးပိုင်ပေါက် လုပ်ကိုင်လာခဲ့တဲ့ ကျောင်းမြေမှာ ခုလို ပါတီအဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြပြီး ဆိုင်ခန်းများ ဆောက်လုပ်ဌားရမ်း ရောင်းစားတာဟာ ကျေးရွာ တစ်ခုလုံးကိုသာမက ကျောင်းသူ/ကျောင်းသားမျာတွေကို ဗိုလ်ကျ အနိုင်ကျင့် လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။”

ယခုအခါ အဆိုပါ မြေပေါ်တွင် စနဲ အထက်တန်းကျောင်း ကျောင်းဆောင် ၂ ဆောင်၊ ကျောင်းအားကစားကွင်းနှင့် ပန်ခြံကို တည်ဆောက်ထားပြီး ဖြစ်ကြောင်းသိရသည်။

ရယက ဥက္ကဌ ဦးတင်မောင်(ခ) ဦးပေါင်ကျော့သာမှ ကျောက်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို အကြောင်းပြကာ အိမ်ယာသက်မှတ်ခြင်း၊ ဆိုင်ခန်း ဆောက်လုပ် ရောင်းစားခြင်း ပြုလုပ် ထားကြောင်း သူက ပြောသည်။

“ အခု လူငယ်တွေ အသုံးပြုနေတဲ့ ကျောင်းအားကစားကွင်းမှာ ခုလို အိမ်ယာတွေ ဆိုင်ခန်းတွေ ဆောက်လုပ်ထားတဲ့ လူငယ်တွေ အားကစား လေ့ကျင့်လို့ မရတော့ဘူး ဖြစ်နေပါတယ်။ ဒီမြေဟာ အများပိုင် မြေဖြစ်နေတဲ့ ဆိုပေမယ့် ကျောင်းမြေဖြစ်တဲ့အတွက် အိမ်တွေ၊ ဆိုင်ခန်းတွေ ဆောက်လုပ်ထားတာကို ဖယ်ရှားပေးဖို့ ကျေးရွာသားတွေက လိုလားပါတယ်။ ဒါကြောင့် ကျောက်ဖြူမြို့နယ် ကြံ့ခိုင်ရေး ပါတီ အတွင်းရေးမှူးထံကို လိပ်မူတပ်ပြီး ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်” ဟု သူက ပြောသည်။

အဆိုပါ စာအား ဦးသန်းအေး၊ အတွင်းရေးမှူး ပြည်ထောင်စု ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးမှုအသင်း ကျောက်ဖြူမြို့ထံသို့ အောက်တိုဘာလ ၁၀ ရက်နေ့က ရေးသားပေးပို့ထားသော်လည်း ယခုအချိန်ထိ တစုံတရာ ဖြေရှင်း ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း သိရသည်။


No comments: