Sunday, December 19, 2010

ဘိုဘိုကျော်ငြိမ်းသို့ တုံ့ပြန်ချက်

ဝင်းတင့်ထွန်း

မဇ္ဈိမ’ ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ ’’ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က အောင်ပွဲခံနိုင်ခဲ့ကြတာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။

ဗိုလ်ချုပ်တို့ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာ့ကြောင့်လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ပြရင်း ‘ဗိုလ်ချုပ်ရဲ့ ရိုးသားဖြူစင်မှု’ တို့၊ ‘ကျောင်းသားသမဂ္ဂ’၊ ‘ စုပေါင်းခေါင်းဆောင်မှု’၊ ‘မှတ်သားစရာနဲ့ သုံးသပ်မှု’ စတဲ့ စတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ ရေးသားဖော်ပြသွားရာမှာ ‘ဦးကျော်ငြိမ်း’ ရဲ့ အခန်းကဏ္ဍတွေကိုလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးရာရှစ်၊ သခင်သန်းထွန်း၊ ဂိုရှယ် စတဲ့ ပုဂ္ဂိုလ်တွေနဲ့ အလျဉ်းသင့်သလို ယှဉ်စပ်ပြသွားတာ တွေ့ရပါတယ်။

‘ဦးပေါ်ဦး လျှောက်ထုံး’ တွေထဲက နန်းတော်တည်ဖို့မှာ ဘိုးတော်ဘုရားရဲ့ ‘ပိတောက်နဲ့မကောင်းဘူးလား’၊ ‘ပျဉ်းကတိုးနဲ့ မကောင်းဘူးလား’ ဆိုတဲ့ အမေးတွေကို ‘ပိတောက်နဲ့လဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်’၊ ‘ ပျဉ်းကတိုးလဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်’ လို့ အမြဲလိုလို သူပါစေချင်တဲ့ ‘ကျွန်း’ ကို တွဲတွဲပြောသွားတဲ့ ဦးပေါ်ဦးလျှောက်ထုံးကို သွားပြီး အမှတ်ရမိချင်စရာပါပဲ။ ဦးကျော်ငြိမ်းဟာလည်း ခေသူမဟုတ်ဆိုတာ၊ မူကို အလေးထားတတ် မိမိကိုယ်ကို မိမိလေးစားတတ်၊ စာအင်မတန်ဖတ်၊ အသိဉာဏ်အား မြင့်မားသူတဦးဆိုတာကို ပေါ်လွင်အောင် ရေးပြသွားတာ လက်ကနဲ လက်ကနဲ တွေ့လိုက်ရပါတယ်။

သူ့ဆောင်းပါးအပေါ် လက်ခံကြိုက်နှစ်သက်တဲ့ လူလဲ ရှိမယ်။ မကြိုက်တဲ့သူ၊ လက်မခံတဲ့လူလဲ ရှိမယ်။ ဒါ သဘာဝပါပဲ။ လွတ်လပ်စွာ ခံယူနှစ်သက်ပိုင်ခွင့် ရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်အရ ဘာမှ မပြောလိုပါဘူး။ သူ့သဘော သူဆောင်လိမ့်မယ်လို့ပဲ သဘောထားပါတယ်။ အထူးသဖြင့် ကနေ့လို အချိန်မျိုးမှာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန် ပြောဆိုနေရမှာမျိုး မလုပ်ချင်ပါဘူး။ ‘အဓိက ပျောက်’၊ ‘ပစ်ကွင်း ပျောက်’ ပြီး ‘အမြှုပ်ထ ပလုံစီရမယ့် ကိစ္စမျိုးတွေ’ မလုပ်ချင်ပါဘူး၊၊ ဒါပေမဲ့ - သူ့ဆောင်းပါးထဲမှာ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေ ပါဝင်နေလေတော့ ပြန်လည်ရှင်းမပြရင် အဓိပ္ပာယ်တမျိုး ပေါက်နိုင်တဲ့အတွက် လိုသလောက်ပဲ ကျနော် ပြန်ရှင်းချင်ပါတယ်။ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေကိုပဲ ဖော်ပြရှင်းလင်းသွားမှာပါ။ စာဖတ်သူများ ကြိုက်နှစ်သက်သလို လက်ခံသုံးသပ်သွားကြပါလိမ့်မယ်။

ကျနော်နဲ့ ပတ်သက်နေတဲ့ အချက်တွေကတော့၊ ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးထဲမှာ ဟောဒီလို ဖော်ပြထားပါတယ်။

“ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက် ဖြစ်ခဲ့သော်လည်း ရာဇဝင်အချက်အလက်ကို ရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်၊၊ (မူ) Principle ကို အလေးထားတာကတကြောင်း၊ self-respect ဟုခေါ်သော မိမိကိုယ်ကိုမိမိ လေးစားတာကြောင့်လဲ ဖြစ်ပါတယ်။ သို့သော် အသိဉာဏ်စွမ်းအားနည်းတဲ့ လက်ဝဲတယူသန်တချို့ဟာ ဦးကျော်ငြိမ်းကို မုန်းတာနဲ့
ရာဇဝင်အချက်တွေကိုပါ ပြင်ချင်ကြတယ်။ ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ်။ (သခင်တင်မြ၏ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း - စာမျက်နှာ ၄၄)

“သို့သော် ဝင်းတင့်ထွန်းရဲ့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်မှာ ’’ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည်” လို့ သမိုင်းကို လိမ်ညာရေးခဲ့တယ်။ (စာမျက်နှာ ၃၅)။ ကျနော်မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေတဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလဲ ဤနည်းတူ ရေးသားခဲ့ကြတယ်။

“ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅ မှာပဲ ) ’’စစ်တိုင်းများ၏ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။ ဒီတုန်းက သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီးနောက် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဒီလို ရာဇဝင်အချက်အလက်ကို လိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ ရေးသားချက်သာဖြစ်တယ်။

“ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်းတယောက်ကိုသာ ကွန်မြူနစ်အမျက်၊ ကွန်မြူနစ်အငြိုးနဲ့ ရာဇဝင်အချက်အလက်ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကို ဖွဲ့ကြတော့ အဓိက အင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော် ကိုယ်စားလှယ်ခေါင်းဆောင် ၃ ဦးစီ၊ ပေါင်း ၉ ဦးပါပြီး ဗဟိုဦးစီးအဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။

“ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ်၊ တပ်မတော်မှ - ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်းတို့ ဖြစ်ကြပါတယ်။ (သခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း - စာမျက်နှာ ၄ဝ) ။ ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်။ သိသင့်ပါသည်။ စာအုပ်ပေါင်းမြောက်မြားစွာတွင် လဲ ဖော်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင် အချက်တချက်ပင် ဖြစ်သည်။

“ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ (ဝင်းတင့်ထွန်း စာအုပ်စာမျက်နှာ ၃၂ ကို ကြည့်ပါ။) ဒီလို ရာဇဝင်ကို ရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို၊ လိုရာကို ဖြစ်သလို မရေးကောင်းပါ။”

အထက်ပါအတိုင်း ရေးသားထားပါတယ်။ အဲဒီတော့ ချုပ်လိုက်ရင် ဘိုဘိုကျော်ငြိမ်း ကျနော့်စာအုပ် ‘အမှောင်ကြားက ဗမာပြည်’ ကို ဖော်ပြပြီး ကျနော့်အပေါ် ရေးသားထားချက်မှာ အဓိကအားဖြင့် ၃ ချက် ရှိပါတယ်။

ပထမအချက်က - ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းတွေခွဲဝေပြီး စစ်တိုင်းမှူး၊ နိုင်ငံရေးမှူးတွေ ခွဲဝေတာဝန်ချထား သတ်မှတ်ရာမှာ တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးဆိုတာ သခင်တင်မြရဲ့ စာအုပ်ကြီးထဲမှာ ပါပါလျက်နဲ့ ‘ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည်’ လို့ ဖေါ်ပြထားချက်။

ဒုတိယအချက်က - ‘စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်’ လို့ လိုရာဆွဲ ကောက်ချက်ချထားချက်။

တတိယအချက်က - ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦး ဖွဲ့ရာမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ပြောင်းလဲထည့်သွင်း ရေးသားထားချက်။ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း ပြောင်းပစ်ရေးသားတာဟာ လိုရာကို ဖြစ်သလို ရေးသားထားချက်တို့ပဲ ဖြစ်ပါတယ်။

ကျနော် ဘာလို့ ဒီလို ရေးခဲ့သလဲ။

ဘိုဘိုကျော်ငြိမ်း စွပ်စွဲထားသလို လိုရာဆွဲ ကောက်ချက်နဲ့ အကိုးအကားမဲ့၊ အထောက်အထားမဲ့၊ တာဝန်မဲ့ ရေးထားတာလား။

တချက်ချင်း ကျနော် ပြန်လည်တုံ့ပြန်သွားပါ့မယ်။ အဲဒီလို မတုံ့ပြန်ခင်မှာ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်နဲ့ပတ်သက်ပြီး အနည်းငယ်ပြောမှ ဖြစ်မှာကတော့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်ဟာ ဗမာပြည် လွတ်လပ်ရေး ကြေညာနိုင်တဲ့ ၁၉၄၈ မှ ၂ဝဝဝ ပြည့်နှစ်အထိကို အတတ်နိုင်ဆုံး အကျဉ်းရုံး ဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ‘အမှောင်ကြားက ဗမာပြည်’ ဆိုတဲ့ အမည်ကို ပေးထားရုံမက (အနီးခေတ် ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအကျဉ်း ၁၉၄၈ - ၂ဝဝဝ) လို့လဲ ဖော်ပြထားခဲ့ပါတယ်။ ဆိုလိုတာက ၁၉၄၈ ကနေ ၂ဝဝဝ အတွင်း အနီးခေတ် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကိုပဲ အကျဉ်းရုံးဖော်ပြသွားဖို့ ဇောင်းပေးရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီမှာ ၁၉၄၈ ကို စပြီး ဖွင့်မယ်ဆိုရင်ကိုပဲ လွတ်လပ်ရေးနဲ့ ဖွားဘက်တော်လို ဖြစ်ခဲ့ရတဲ့ ‘ပြည်တွင်းစစ်’ ကို ဖော်ကျူးရေးရပါတော့မယ်။ ပြည်တွင်းစစ်ကို ဘယ်သူစသလဲ၊ ဘာ့ကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရသလဲ ဆိုတာတွေကို ဖော်ပြရာမှာ အဖြစ်အပျက်တွေဟာ ရှောင်တခင် ဖြစ်ပေါ်လာကြတာမဟုတ်၊ အကြောင်းရင်းခံတွေ ရှိကြတယ်။ အဲဒီအကြောင်းရင်းခံတွေကို သိမြင်နိုင်ဖို့၊ သမိုင်းနောက်ခံကားချပ်တွေနဲ့ ယှဉ်တွဲဆက်စပ်ကြည့်ဖို့ လိုတယ်ဆိုပြီး ၁၉၄၈ မတိုင်ခင် ၁ဝ နှစ်တာလောက်အကြောင်း နောက်ခံကားချပ်ကို မလွှဲမရှောင်သာ ဖော်ပြခဲ့ရပါတယ်။ ၁၉၄၈-၂ဝဝဝ နိုင်ငံရေးလှုပ်ရှားမှုသမိုင်း တခုလုံးကိုတောင် အကျဉ်းပဲ ရေးခဲ့ရာမှာ အဲဒီရဲ့ အဦးအစ နောက်ခံကားချပ် ၁ဝ နှစ်ကို အကျဉ်းရဲ့ အကျဉ်းသဖွယ် ချုပ်ပြီး ရေးခဲ့ရတာ ဖြစ်ပါတယ်။

အခု ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော်နဲ့ ပတ်သက်ပြီး ရေးသားထားချက်များဟာ အဲဒီအကျဉ်းထဲက ‘ဖက်ဆစ်တော်လှန်ရေး’ နဲ့ ပတ်သက်တဲ့ ကဏ္ဍထဲက အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ အကျဉ်းရဲ့ အကျဉ်းထဲကမှ တခန်းတကဏ္ဍပါ အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ ကျနော် အကျဉ်းဆုံး အကျဉ်းရုံး ဖော်ပြထားချက်တွေထဲက အတိုချုပ်ပြီး ရေးထားတာ ဖြစ်ပေမယ့် တချက်ချင်း ကျနော် ပြန်လည်ရှင်းလင်းသွားပါ့မယ်။

ပထမဆုံးအချက်၊ ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ နိုင်ငံရေးမှူးက ဦးကျော်ငြိမ်း လို့ သခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်းမှာ ဖော်ပြထားပါလျက်နဲ့ ကျနော်က ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်’ လို့ ဘာကြောင့် ရေးသားဖော်ပြခဲ့တာလဲ။

ကျနော်က အမှန်ကိုပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာ ပါခဲ့ပြီး အမှန်က ဖက်ဆစ်တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ မသွားခဲ့လို့ပါပဲ။ ဘိုဘိုကျော်ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ကို ကိုးကားပြခဲ့ပြီး ကျနော်က သခင်တင်မြစာအုပ်ကို မကိုးကားခဲ့ပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ရေးသားဖော်ပြချက်တွေကို အဓိကထား ကိုးကားခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောက - “ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာဝန်မယူခဲ့၊ ပထမ တိုင်း ၄ နိုင်ငံရေးမှူးတာဝန် လျာထားရာကိုလည်း မသွား၊ နောက် တိုင်း ၆ နိုင်ငံရေးမှူး တာဝန်ကိုလည်း သွားမယူဘဲ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး ရန်ကုန်မှ ဂျပန်တပ်များ ဆုတ်ခွာပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်းနေခဲ့သည်။’’ လို့ ဖော်ပြခဲ့တာ ရှိပါတယ်။ မှတ်ချက် ၂ ဆိုပြီး ဖော်ပြရာမှာ တိုင်း ၆ တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း ၆ မပို့တော့ပဲ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်လို့လည်း ရေးထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ - စာမျက်နှာ ၈ဝ) ကို ကြည့်နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်လို့ ရေးတာပါ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖော်ပြထားချက်၊ မှတ်ချက် ၄ မှာဆိုလျှင် - ၁၉၅၂ ခုနှစ်က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေး အဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း ၄ ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူး တာဝန်ကျတာကို ဘာ့ကြောင့် မလာသလဲ-လို့ မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကို ကြောက်လို့မလာတာလို့ ခပ်ပြောင်ပြောင်ပဲ ဖြေခဲ့ဖူးတယ် ဆိုတာတောင် ရေးသားထားပါတယ်။

‘အဓိပ္ပာယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့ မလာသည့်သဘော ဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေး အချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်။’ လို့တောင် ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ ရှိပါတယ်။ အဲဒီ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ - စာမျက်နှာ - ၈၁) ထဲမှာပဲ တဆက်တစပ်ထဲ ဖတ်ရှုကြည့်နိုင်ပါတယ်။

အမုန်းကိုသာ အဓိကထား ရေးရမယ်ဆိုရင် အဲဒီလို အချက်အလက်တွေကိုပါ ကျနော် ရှာဖွေရေးထည့်လိုက်မှာ ဖြစ်ပါတယ်။ အခု ကျနော်အတိုချုပ်ပဲ ရေးပြခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချက်၊ ‘စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်’ လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက် - ဆိုတာနဲ့ ပတ်သက်ပြီးလဲ ကျနော် ရှင်းနိုင်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။

ကျနော် အတိုချုပ်ပြီး ရေးခဲ့တာအမှန်က အဲဒီစာမျက်နှာ ၃၅ မှာ - ‘စစ်တိုင်းများရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဗမာပြည် ကွန်မြူနစ်ပါတီကချည်းဖြစ်ပြီး စစ်ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်ကချည်း ဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေး ခေါင်းဆောင်တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်၊ စစ်ရေးခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညိုတို့ ဖြစ်ပြီး တိုင်း ၂ - တိုင်း ၄ ဆက်သွယ်ရေး တာဝန်ခံက ဗိုလ်လက်ျာ ဖြစ်ပါတယ်လို့ ရေးခဲ့တာပါ။ အဲဒီတော့ အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။

အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်းက ကွန်မြူနစ်ပါတီကချည်း မဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ ‘ပြည်သူ့အရေးတော်ပုံပါတီ’ ဆိုင်းဘုတ်နဲ့ ဖြစ်နေပြီး မေလဆန်း ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အဖြစ် အတိအလင်း ပြောင်းလဲဖော်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ်ကြီးအဖြစ် ပြတ်ပြတ်သားသား ဖော်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ်နဲ့တောင် ရပ်တည်သွားခဲ့တယ် မဟုတ်လား။

ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ်ပါတီကချည်းလို့ ဖော်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်း ပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင်ချစ်ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေ အားလုံး ကွန်မြူနစ်တွေချည်း ဖြစ်နေတော့ (သခင်ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ် တိတိလင်းလင်း ခံယူလိုက်တော့) ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။

တတိယအချက်၊ ဖတပလ ဗဟိုဦးစီးအဖွဲ့ ၉ ဦးမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ် ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်။

ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း၊ သခင်တင်မြအစား သခင်ဗဟိန်းကို အစားထိုးပြောင်းပစ်ခဲ့တယ် ဆိုတဲ့ကိစ္စကိုလဲ ကျနော် ရှင်းနိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနောမတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ ‘တိုင်းကြီး ၁ဝ တိုင်း’ ကိုပဲ ကိုင်ပြီး တဖက်သတ် ပြောဆိုနေတာ ဖြစ်တယ်။ ဟုတ်ပါတယ် - ကျနော် သခင်ဗဟိန်းကို ကြည်ညိုတယ်ဆိုတာ၊ သခင်တင်မြကို ကြည့်မရဘူး မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါပဲ။

ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကို ကိုင်စွဲပြီး ရေးခဲ့တာ မဟုတ်ဘူး။ သခင်တင်မြစာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော် ကိုးကားခဲ့တဲ့ ‘ကျမ်းကိုးစာရင်း’ ကို စာအုပ်ထဲမှာ ဖော်ပြရာမှာ သခင်တင်မြရဲ့ အဲဒီတိုင်းကြီး ၁ဝ တိုင်း မပါပါဘူး။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ကျနော် ကိုးကားခဲ့တာက သခင်ကြီးတွေ စုစုပေါင်း ရာဂဏန်းလောက် ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီတီတွေဖွဲ့ပြီး အထပ်ထပ် ရေးခဲ့ကြတဲ့ ‘တို့ဗမာအစည်းအရုံးသမိုင်း ပြုစုရေးအဖွဲ့’ က ပြုစုထုတ်ဝေခဲ့တဲ့ ‘တို့ဗမာအစည်းအရုံး သမိုင်း’ ပါ အချက်အလက်အရ ရေးခဲ့တာပါ။ အဲဒီ တို့ဗမာအစည်းအရုံး သမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။

၁၉၇၆ က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးပါဘူး။ ဦးသိန်းဖေမြင့်လဲ ရှိနေသေးရုံမက အဲဒီ သမိုင်းပြုစုရေးအဖွဲ့ထဲက တနေရာမှာ ပါပါတယ်။ အခု လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့က သခင်သိန်းဖေ၊ သခင်သိန်းမောင်ကြီးတို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သခင်ကြီးတွေလဲ တော်တော်ပါပါတယ်။ အဲဒီ ‘တို့ဗမာအစည်းအရုံးသမိုင်း’ ဒုတိယတွဲ စာမျက်နှာ ၅၈ဝ မှာ ‘မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး
တပ်ပေါင်းစုကြီး ဖွဲ့စည်းခြင်း’ ဆိုတဲ့ အခန်းမှာ ဟောဒီလို ရေးထားပါတယ်။ -

‘ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့မှ ကိုယ်စားလှယ် ၃ ဦးစီ ပါဝင်ကြသည်။ ပထမဆုံး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ခေါင်းဆောင်များမှာ - ၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။ သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်တို့ ဖြစ်ကြသည်။’ တဲ့။ အဲဒီတုန်းက သခင်တင်မြတို့လဲ မဆလမှာလား ဘယ်မှာလဲမသိ၊ နေရာကောင်းကောင်းရပြီး အပြင်မှာ ရှိနေတဲ့ အချိန်လို့ ပြောရမှာပါ။ ၁၉၇၆ မှာ ပထမအကြိမ် သောင်းနဲ့ချီ ထုတ်ဝေခဲ့ရာမှာ အချက်အလက် မှားနေတယ်လို့ ပြောသံထွက်လာတာ မကြားခဲ့ရဖူးပါဘူး။

ဒါကြောင့် သခင်တင်မြတယောက်ထဲ ရေးတာထက် သခင်တွေ ရာနဲ့ချီ ရေးထားတဲ့ အဲဒီစာအုပ်ပါ အချက်အလက်ကို ကျနော် ကိုးကားခဲ့တာ ဖြစ်သလို အဲဒီအချက်နဲ့ ပတ်သက်ပြီး နောက်ထပ် ကိုးကားမိခဲ့တဲ့ အထောက်အထား စာအုပ်တအုပ်လဲ ရှိပါသေးတယ်။ တက္ကသိုလ်များသမိုင်း သုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန်ရဲ့ ‘ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်’ စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေပြီး ၁၉၉၉ မှာ တတိယအကြိမ် ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်းတို့ အမှာရေးထားကြတဲ့ စာအုပ်ပါ။ အဲဒီ ‘မြဟန်’ ရဲ့ ‘ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်’ စာမျက်နှာ ၁ဝ၄ မှာ ‘ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ’ ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့်ဖော်ပြထားရာမှာ ဟောဒီလို ရေးထားပါတယ်။

ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦး - ၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊ ၇။ သခင်ချစ်၊ ၈။ ကိုဗဆွေ၊ ၉။ ကိုကျော်ငြိမ်း ဆိုပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီစာအုပ် ၂ အုပ်ပါ အချက်အလက်ကို အထောက်အထား ပြုပြီး ကျနော့်ရဲ့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်မှာ အဲဒီလို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ထင်သလို သခင်တင်မြကို ကြည့်မရလို့ မလိုတမာ ပြောင်းလဲရေးသားခြင်း မဟုတ်ပါ။ အဲဒီစာအုပ် ၂ အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေတိုက်ဆိုင် ဖတ်ရှုကြည့်ဖို့ လိုပါလိမ့်မယ်။

သမိုင်းကို ရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့ အရာကိစ္စတွေဟာ များသောအားဖြင့် ကျနော်တို့မမီ မတွေ့လိုက်ရဖူးတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် အကိုးအကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော်မှီငြမ်းကိုးကားခဲ့တဲ့ ‘ကျမ်းကိုး’ စာရင်းကိုလဲ ဖော်ပြထားပြီး ဖြစ်ပါတယ်။ အမှာစာမှာလဲ ‘ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ် ဝေဖန်အကြံပေးကြမှု မှန်သမျှ လေးစားစွာ ကြိုဆိုရင်း နောင် ပိုမိုပြည့်စုံအောင် ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်’ လို့ ရိုးရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။

သမိုင်းဆိုတာ ညာလို့ မရသလို၊ ညှာလို့လဲ မရပါဘူး။ ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွားစေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါ။ ဒါလောက်ဆိုရင် လုံလောက်ပြီလို့ ထင်ပါတယ်။

No comments: