ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်းများ တိုးတက်လာခြင်းကြောင့် နယ်စပ်ဒေသများသို့ တရားမ၀င် ဆန်မှောင်ခို တင်ပို့ရောင်းချမှုများကို တင်းကျပ်စွာ စိစစ်အရေးယူမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။ဆန်ဈေးနှုန်းများ တက်နေခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလလယ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုများ တရားဝင် ယာယီရပ်ဆိုင်းရန် ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် နယ်စပ်ဒေသများသို့ တရားမ၀င် ဆန်မှောင်ခိုတင်ပို့မှုများပါ စိစစ်အရေးယူရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
“တမြို့ကနေ တမြို့ ဆန်သယ်ယူတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်ဆန်စပါးအသင်းရဲ့ ထောက်ခံချက်မပါရင် ဆန်သယ်တဲ့ကားကို မူရင်းနေရာဒေသဆီ ပြန်လှည့်ခိုင်းတယ်။ နယ်စပ်ဒေသသွားတဲ့လမ်းတွေက စစ်ဆေးရေး စခန်းတွေမှာလည်း ဆန်သယ်ယူမှုတွေကို တင်းတင်းကျပ်ကျပ် စိစစ်နေပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်း၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
တားမြစ်နေသည့်ကြားမှ တရားမ၀င် ဆန်မှောင်ခိုသယ်ယူမှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ဥပဒေအရ အရေးယူ ထောင်ချမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
“အိမ်နီးချင်းနိုင်ငံအများစုက ဆန်လိုအပ်ချက်ရှိတဲ့ နိုင်ငံတွေပါ။ တရားမ၀င် နယ်စပ်ဆန် စီးဆင်းတာများရင် ဒီက ဆန်ဈေးက တအားတက်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အခုကတည်းက ဆန်ပြတ်မသွားအောင် ကြိုတင်တားမြစ်ထားတဲ့ သဘောပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အစိုးရ၀န်ထမ်းလစာများ တိုးမြှင့်မည်ဆိုသောသတင်း၊ ကုန်တင်ယာဉ်များ အာဆီယံ စံချိန်စံညွှန်းနှင့်အညီ တန်ပို တင်ဆောင်ခွင့်မပြုမှု၊ ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးများ တက်လာခြင်းနှင့် နအဖ ထိပ်သီးခေါင်းဆောင်များအတွင်း အပြောင်းအလဲ ကောလဟာလများ ထွက်ရှိမှုတို့ကြောင့် ဆန်ဈေးနှုန်းများ ဖေဖော်ဝါရီလတွင် ထိုးတက်ခဲ့သည်။
၁၀၈ ပေါင် အလေးချိန်ရှိ ဧည့်မထ ဆန်ကြမ်းတအိတ်လျှင် ယခင်ဈေး ၁၁၀၀၀ ကျပ် ၀န်းကျင်ရှိရာမှ ယခု ၁၂၅၀၀ ကျပ်၊ ဇီယာဆန် တအိတ်လျှင် ယခင် ၁၅၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ယခင်ဈေး ၃၁၀၀၀ ကျပ်မှ ၃၆၅၀၀ ကျပ်သို့ အသီးသီး ထိုးတက်ခဲ့သည်။
စပါးဈေးနှုန်းမှာလည်း တက်နေပြီး စပါးအကြမ်း တင်း ၁၀၀ လျှင် ၄ သိန်းနှင့် စပါးအချော တင်း ၁၀၀ လျှင် ၈ သိန်းရှိနေပြီး စပါးအချောဈေးနှုန်းသည် တင်း ၁၀၀ လျှင် ငွေ ၁၀ သိန်းအထိ ဈေးတက်နိုင်ကြောင်း ဆန်စပါးကုန်သည်များက ခန့်မှန်းသည်။
“မိုးတွင်းလောက်ဆိုရင် စပါးလက်ကျန်၊ ဆန်လက်ကျန်ပြတ်ပြီ။ အဲဒီအချိန်ကျရင် ဆန်ဈေး၊ စပါးဈေးတွေ ထပ်ပြီးတက်နိုင်တယ်။ ဧပြီလမှာ ၀န်ထမ်းလစာတိုးရင် ဒီနှစ်စပါးဈေးက စံချိန်တင်ဈေးဖြစ်ဖို့ သေချာတယ်” ဟု ဖျာပုံမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်တဦးက ပြောသည်။
ပြည်တွင်းမှ စီးပွားရေးပညာရှင်တဦးက ဈေးကွက်ကို အာဏာဖြင့် ထိန်းချုပ်ခြင်းသည် မှောင်ခိုဈေးကွက် အရောင်းအ၀ယ်များ ဖြစ်ပေါ်စေပြီး ကုန်ဈေးနှုန်း မတည်ငြိမ်သည့်အပြင် ဈေးနှုန်းပိုမို ထိုးတက်သွားစေကြောင်း ပြောသည်။
၎င်းက “စပါးဈေး၊ ဆန်ဈေးတက်တယ်ဆိုရင် အစိုးရအနေနဲ့ လုပ်နိုင်တာတွေအများကြီးရှိတယ်။ ကုန်သည်တွေ ဈေးကစားလို့ တက်တာဆိုရင် ဈေးမကစားရဲအောင် ပြည်ပဆန် ပြန်သွင်းလိုက်တာမျိုးလည်း လုပ်လို့ရတယ်။ ပြည်သူတွေအတွက် အစိုးရက စိုက်ထုတ်ပြီး ဈေးသက်သက်သာသာနဲ့ ဆန်ရောင်းပေးတာမျိုးလည်း လုပ်လို့ရတယ်။ တောင်သူတွေကို စိုက်ပျိုးစရိတ် သက်သက်သာသာဖြစ်အောင် လုပ်ပေးတာမျိုး၊ စိုက်ပျိုးစရိတ် ချေးငွေတွေကို အတိုးနှုန်း လျှော့ချေးပေးတာမျိုး၊ အများကြီးလုပ်လို့ရတယ်။ တကယ်သာ ပြည်သူအတွက် စဉ်းစားတယ်ဆိုရင် ဖြေရှင်းနည်းတွေအများကြီး။ အာဏာနဲ့တားမြစ်လို့တော့ ဈေးနှုန်းကို ဘယ်လိုမှ မထိန်းနိုင်ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စပါးစိုက်ဧက သန်း ၂၀ ကျော်ရှိပြီး တစ်နှစ်လျှင် စပါးတင်း သန်းပေါင်း ၁၅၀၀ ထွက်ရှိကြောင်း၊ လူဦးရေ ၅၃ သန်းအတွက် စားသုံးရန် စပါးတင်း သန်းပေါင်း ၁၀၀၀ (သို့မဟုတ်) ဆန် တင်းပေါင်း ၃၁၈ သန်း သာ လိုအပ်ပြီး လူတဦးလျှင် တနှစ်အတွက် ဆန်ကီလို ၂၀၀ (သို့မဟုတ်) ဆန် ၆ တင်း စားသုံးကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်း၏ စစ်တမ်းများကို ကိုးကားပြီး တာဝန်ရှိသူတဦးက ပြောသည်။
စက်သုံးဆီဈေးနှုန်းများလည်း ယခုတပတ်အတွင်း မြင့်တက်လျက်ရှိရာ ဓာတ်ဆီ တဂါလန်လျှင် ယခင်က ၃၀၀၀ ကျပ်မှ ယခု ၅၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဓာတ်ဆီ အပြင်မှောင်ခို ပေါက်ဈေး ၅၀၀၀ ကျပ်အထိ ဖြစ်နေပြီး မန္တလေးမြို့တွင် ၅၂၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။
“စက်သုံးဆီ ကုမ္ပဏီဆိုင်တွေက ရောင်းပေးနေပေမယ့် တန်းစီဝယ်နေကြရတော့ အချိန်သိပ်ကုန်တယ်။ ပြီးတော့ သူတို့က မှောင်ခို ဆီသမားတွေကို ထုတ်ရောင်းလိုက်ပြီး ယနေ့ ဆီရောင်းချမှု ရပ်လိုက်ပါပြီဆို လှည့်ပြန်ကြရတယ်။ အပြင်ဆီဈေးက ဂါလန် တစိတ်ကို ၁၃၀၀ ကျပ် ဆိုတော့ တဂါလန်ကို ၅၂၀၀ ကျပ်ဖြစ်သွားပြီ” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကားခများလည်း ဈေးတက်သွားကြောင်း၊ မန္တလေး-မုံရွာ ခရီးစဉ် လက်မှတ်မှာ ယခင် ၁၇၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း မုံရွာဒေသခံတဦးက ပြောသည်။
No comments:
Post a Comment