ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စကခ ၉ မှ စစ်သားများ မြို့တွင်းသို့ ၀င်ရောက်ပြီး အရပ်သားများကို ထိုးကြိတ် မူကြောင့် အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သတင်း ရရှိသည်။ကျောက်တော်မြို့ခံ တစ်ဦးက ဖြစ်ပွားပုံကို ယခုကဲ့သို့ ပြောကြားသည်။
“ ဖြစ်တာက မတ်လ ၇ ရက်နေ့ ညနေ ၈ နာရီနဲ့ ၉ နာရီ အကြား ဖြစ်တာပါ။ စကခ ၉က ဗိုလ်ကြီး ကျော်ကျော်အောင် ဦးဆောင်တဲ့ အရာရှိ တပ်သား ၉ ဦးခန့်ဟာ စစ်ယူနီဖေါင်းတွေ ၀တ်ဆင်ပြီး အရာရှိတွေ စီးတဲ့ကားနဲ့ မြို့ထဲကို ၀င်ရောက်လာပြီး တွေ့တဲ့သူကို ထိုးကြိတ်သွားတာပါဘဲ။ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ရွှေကံ့ကော် ကားဝင်းထဲက ဒရိုင်ဘာ တစ်ဦးနဲ့ စပယ်ယာကို ဆေးရုံတင် လိုက်ရပါတယ်” ဟု ပြောသည်။
မြို့ခံများ၏ အပြောအရ စကခ ၉ မှ ကျောက်တော်တွင် ဖွင့်လှစ်ထားသော ကာရာအိုကေနှင့် အနှိပ်ခန်းမှ စတင်ပြီး အရပ်သားတစ်ချို့နှင့် မကျေမလည် ဖြစ်ရာမှ စစ်ကားနှင့် ၀င်ရောက်လာပြီး ထိုသို့ ထိုးကြိတ်သွားခဲ့ခြင်း ဖြစ်သည်။
စစ်သားများနှင့် ပြဿာနာဖြစ်ပွားရာတွင် ရွှေကံ့ကော် ကားဂိတ်မှူးလည်း ပါဝင်ပြီး သူအား လိုက်ရှာစဉ် မရသဖြင့် ကားဂိတ်ထဲ ရန်ကုန်မှ မောင်းဝင်လာသော ရွှေကံ့ကော်ကားကို ရပ်တန့်ပြီး တစ်စုံတရာ အပြစ်မရှိသူ ကားဒရိုင်ဘာနှင့် စပယ်ယာကို အပြင်းအထန် ရိုက်နှက် ထိုးကြိတ်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်ခဲ့ရခြင်း ဖြစ်သည်။
“ တခြား ဒဏ်ရာ ရရှိသွားတဲ့သူက သိန်းမောင်လှဆိုတဲ့ လူငယ် တစ်ဦးနဲ့ ဦးမောင်သန်းသား အဘုဆိုတဲ့ လူငယ်တစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။ ဦးမောင်ချေ လဘက်ရည်ဆိုင်ထဲမှာ လဘက်ရည်သောက်နေတဲ့ လူကြီး နှစ်ဦးကိုလည်း ထိုးကြိတ်သွားပါတယ်” ဟု မြို့ခံ ဆက်ပြောသည်။
ထိုသို့ ထိုးကြိတ်စဉ်အတွင်း “ မင်းတို့ ရခိုင်တွေ ဗမာစကားသံကို ကြားတာနဲ့ ကြောက်နေကြပြီ မဟုတ်လား ။ သတ္တိရှိရင် ထွက်ခဲ့” ဆိုသည့် လူမျိုးရေးအရ စော်ကားသည့် ဆဲဆော် ကြိမ်းမောင်းမူများကိုလည်း ပြုလုပ် သွားကြောင်း မျက်မြင် အရပ်သားများက ပြောသည်။
အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် စကခ ၉ မှူးမှ ဒဏ်ရာ ရရှိသွားသူ ရွှေကံ့ကော် ကားဒရိုင်ဘာနှင့် စပယ်ယာကို ကျပ်ငွေ ၂၀၀၀၀ စီ နစ်နာကြေးပေးခဲ့သည်ဟု သိရသည်။
သို့သော်လည်း အနှိပ်ခန်းတွင် စစ်တပ်နှင့် အရပ်သားများ မည်ကဲ့သို့ ပြဿနာ စတင် ဖြစ်ပွားခဲ့သည်ကိုမူ မိမိတို့ မသိရှိကြောင်း ကျောက်တော်မြို့ခံများက ပြောသည်။
No comments:
Post a Comment